သတင်း

အင်းဒင်ရွာ လူသတ်မှု ဖြစ်စဉ် တာဝန်ရှိသူများကို အရေးယူမည်ဟု တပ်မတော်ထုတ်ပြန်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင် ကျေးရွာ ဘင်္ဂလီ ၁၀ ဦး သတ်ဖြတ်ခံရမှု ဖြစ်စဉ်၌ ပါဝင်ပတ်သက်သည့် လုံခြုံ ရေးတပ်ဖွဲ့ဝင် တချို့နှင့် ကွပ်ကဲရန် တာဝန်ရှိသူများကို ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်းနှင့် ယင်းသို့ သတ်ဖြတ်မှုသည် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများ (Rules of Engagement)ကို ချိုးဖျက်ခြင်း ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး က ယမန်နေ့က သတင်းထုတ်ပြန်သည်။

တပြိုင်နက်တည်း လူ့အခွင့်အရေး အဖွဲ့အစည်းများဖြစ်သော Fortify Rights, Amnesty International နှင့် Human Rights Watch တို့က အဆိုပါ သတ်ဖြတ်မှုသည် ကိုင်းဖျားကိုင်းနားမျှသာ ဖြစ်သေးကြောင်း ပြောဆိုကြသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ၂၀၁၇ စက်တင်ဘာ ၁ရက်နေ့က အင်းဒင်ကျေးရွာမှ လုံခြုံရေး တပ်ဖွဲ့များ ပင်လယ်ကမ်းစပ်ဘက်သို့ နယ်မြေ ရှင်းလင်းစဉ် ဘင်္ဂလီ အကြမ်းဖက်သမား ၂၀၀ခန့်က တိုက်ခိုက်ရာ သေနတ်ဖောက် တားမြစ်ပြီး ၁၀ ဦးကို ဖမ်းဆီးခဲ့ ကြောင်း၊ စာသင်ကျောင်း၌ ထိန်းသိမ်းထားစဉ် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အပြင် မော်တော်ယာဉ် ၂စီး မိုင်းခွဲ တိုက်ခိုက်ခံရသဖြင့် နယ်မြေရဲစခန်းသို့ မပို့ဆောင်နိုင်၍ ပဲရုံသုဿန်သို့ ခေါ်ဆောင်ကာ သတ်ဖြတ်ခဲ့ကြောင်း၊ သတ်ဖြတ် ရာတွင် အကြမ်းဖက်သမားတို့၏ သတ်ဖြတ်ခံရသူ ဦးမောင်နီဆိုသူ၏ သား ၂ဦးနှင့် ရွာသားတဦးက ဓားဖြင့် ခုတ်သတ် သကဲ့သို့ လုံခြုံရေးတပ်ဖွဲ့ဝင် ၄ဦးကလည်း သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ် ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ယင်းဖြစ်စဉ်သတင်း ထွက်ပေါ်ပြီးနောက် တပ်မတော်မှ ဒု ဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်ကာ အင်းဒင်ရွာသို့ သွားရောက်ကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရာ ရွာသွားတချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘင်္ဂလီ အကြမ်းဖက် သမား ၁၀ ဦးကို သတ်ဖြတ်ကြောင်း ဝန်ခံသဖြင့် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများ (Rules of Engagement)ကို ချိုးဖျက် သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရွာသားတချို့ကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ အထက် ဌာန အဆင်ဆင့်သို့ တင်ပြရန် ပျက်ကွက်သည့် တာဝန်ရှိသူများကိုလည်း လိုအပ်သလို ဖော်ထုတ်အရေးယူသွားမည်ဟုလည်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

ယင်း သတ်ဖြတ်မှုနှင့် ပတ်သက်၍ အင်းဒင်ကျေးရွာမှ ရွာသားတချို့နှင့် ကျောင်းဆရာ ၆ဦးကို သက်ဆိုင်ရာက ခေါ်ယူ စစ်ဆေးရာ ၅ ဦးကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း ဦးမောင်နီ၏ သားဖြစ်သူ မူလတန်းပြ ဆရာ ၁ဦး ကို ဆက်လက် ထိန်းသိမ်း ထားသည်ဟု သိရသည်။

“အဲဒီအမှုနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ရွာက ရွာသားတချို့နဲ့ ကျောင်းဆရာတွေ ၊ စာရေးတွေကို ခေါ်ယူပြီးတော့ စစ် ဆေးတယ်ဆိုတော့ ရွာသားတွေကတော့ ကြောက်နေကြတာပေါ့။ စာရေးတယောက်နဲ့ ၊ ကျောင်းဆရာတွေကတော့ ပြန်လွတ်လာတယ်။ ဦးမောင်နီသား ကျောင်းဆရာ တစ်ယောက်ကတော့ မလွတ်သေးဘူး ။ သူကို မနက်ဖြန် တရားရုံး ထုတ်မယ်လို့တော့ သိရတယ် ” အင်းဒင်ကျေးရွာသား တဦးက ဧရာဝတီသို့ ပြောသည်။

အင်းဒင်ရွာသား ဦးမောင်နီမှာ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က လယ်ယာလုပ်ငန်းခွင်သို့ အသွား ဘင်္ဂလီများ၏ သတ်ဖြတ်ခြင်းခံခဲ့ရခြင်းဖြစ်၍ ကျန်ရစ်သူ မိသားစုမှာ စိတ်နာကျည်းကာ လက်စားချေခြင်းဖြစ်ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။

ဤ ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI)က “ယခု ထိတ်လန့်ဖွယ်အကြောင်း ဝန်ခံမှုသည် မည်သည့် မှားယွင်းလုပ်ကိုင်မှုကိုမဆို ဖုံးဖိထားလေ့ရှိသည့် တပ်၏ မူဝါဒမှ ပြတ်ပြတ်သားသား ခွဲထွက်လာခြင်းဖြစ်သည်” ဟု ကြေညာချက် ထုတ်ပြန်သည်။

“မည်သို့ဆိုစေ ယင်းသည် အဖျားအနားမျှသာ ဖြစ်သည်” ဟု AI ၏ အရှေ့တောင်အာရှနှင့်ပစိဖိတ်ဒေသ ညွှန်ကြားရေးမှူး ဂျိမ်းစ်ဂိုမက်ဇ်က ပြောပြီး အင်းဒင်ရွာအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာများနှင့်ရွာငယ်များတွင် တပ်က သတ်ဖြတ်မှုနှင့်မုဒိမ်းမှုများကျူးလွန်ပြီး ရွာများကို မီးတင်ရှို့ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့် အခြားလူပုဂ္ဂိုလ်အဖွဲ့အစည်းတို့က ကျယ်ကျယ်ပြန့်ပြန့် မှတ်တမ်းတင်ထားခဲ့ကြောင်းလည်း ပြောဆိုသည်။

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မြောက်ပိုင်း လုံခြုံရေး စခန်း ၃၀ ကို စစ်သွေးကြွများက တိုက်ခိုက်မှုကြောင့် မြန်မာ့တပ်မတော်က နယ်မြေရှင်းလင်းမှု တန်ပြန်စစ်ဆင်ရေး လုပ်ရာ ဒုက္ခသည် ၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးကြသည်။ ထွက်ပြေးသွားသူများ၏ ပြောဆိုချက်အပေါ် အခြေခံပြီး လူပေါင်း ၆၇၀၀ ခန့် သတ်ဖြတ်ခံရဖွယ် ရှိကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများကလည်း လူမျိုးတုန်း သန့်စင်ရေးလုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲကြပြီး အမေရိကန် ပြည်ထောင်စု အစိုးရကလည်း အနောက်ပိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုးကို လူဆိုးစာရင်း ထည့်သွင်းကာ ဒဏ်ခတ်အရေးယူခဲ့သည်။

(မင်းအောင်ခိုင် ပူးပေါင်း သတင်းပေးပို့သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading