ရခိုင် မြောက်ပိုင်း မောင်တောဒေသသို့ ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) အဖွဲ့ဝင် အကြမ်းဖက်သမားများ စိမ့်ဝင်နေဆဲဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းတွင် လေ့ကျင့်မှုများ ပြုလုပ် ၍ ဝင်ရောက်လာနေခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ပြောဆိုလိုက်သည်။
“အဲဒီလို ဝင်လာတဲ့နေရာမှာ အရည်အတွက်အားဖြင့် လူ ၃၀ လောက် ရှိနိုင်တယ်။ အဲဒီ လူတွေဟာ နေရာ ၃ ခု လောက်မှာ ဖြန့်ကျက်နေတယ်။ နောက်ထပ်လည်း ဝင်လာဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေ လည်း ကြားသိနေရတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရန်ကုန်မြို့မှ သတင်းမီဒီယာများနှင့် ပြည်နယ် အစိုးရအဖွဲ့ရုံး၌ မနေ့က တွေ့ဆုံရာတွင် ထိုသို့ပြောခြင်းဖြစ်သည်။
အကြမ်းဖက်သမားများ၏ သတင်းများ ရရှိမှုကြောင့် ရခိုင်ပြည်နယ် အစိုးရအနေဖြင့် လုံခြံရေး၊ တည်ငြိမ်ရေးများ ရရှိရန် အဓိက ဆောင် ရွက်သွားမည် ဖြစ်ပြီး တိုက်ခိုက်မှုများ ဖြစ်မလာစေရန် ကြိုတင်ကာကွယ်မှုများ၊ ပြင်ဆင်မှုများကို အတတ်နိုင်ဆုံး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဝန်ကြီး ချုပ် ဦးညီပုက ဆက်ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့က တောင်ပြိုမြို့နယ်မှ မောင်တောမြို့နယ်သို့ ဆေးရုံတက်မည့် လူနာများ လိုက်ပါလာသည့် မော်တော်ယာဉ်တစီးကို ကွန်းပေါက်ပြုစုရွာနှင့် မြိုလူမျိုးများ နေထိုင်ရာ တရိန်ရွာနား အရောက်အကြမ်းဖက်သမား ၂၀ ခန့်က လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ရာ လုံခြုံရေး တပ်ဖွဲ့ဝင် ၂ ဦး၊ အရပ်သားတဦးနှင့် မော်တော်ယာဉ်တွင် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ သည်။
တပ်မတော်ကမူ ယင်းတိုက်ခိုက်မှုသည် ARSA အဖွဲ့၏ လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုသကဲ့သို့ ARSA အကြမ်းဖက်အဖွဲ့ကလည်း သူတို့လက်ချက်ဖြစ်ကြောင်း ဝန်ခံထားပြီးဖြစ်သည်။
သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကလည်း အကြမ်းဖက်သမားများ စိမ့်ဝင်နေသည့် သတင်းများ ကို ပြည်ထောင်စု အစိုးရကလည်း တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ထံမှ ကြိုတင်ရရှိထားပြီး အကြမ်းဖက်သမားများ ဝင်ရောက်နေသည့် သတင်းသာမက သတင်း များစွာ ရရှိထားသော်လည်း လုံခြုံရေး ကိစ္စရပ်များ ဖြစ်နေ၍ သတင်းထုတ်ပြန်မည် မဟုတ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“သူတို့(ARSA)က ကြေညာချက်လည်း ထုတ်ထားတယ်။ အကြမ်းဖက်သမားဆိုတာမျိုးက အကြမ်း ဖက်လုပ်ရပ်တွေ လုပ်ဖို့ အချိန်မရွေး ကြံစည်နေမှာပဲ။ အလားတူပဲ အကြမ်းဖက်သမားတွေကို ကြိုတင် တားဆီးနိုင်အောင် လုံခြုံရေးတပ်ဖွဲ့တွေကလည်း လုပ်ငန်း ဆောင်ရွက် တာတွေ ကြိုတင်ပြီးတော့ ဖမ်းဆီးနိုင်တာတွေ ရှိတယ်”ဟု ၎င်းကဆိုသည်။
မြန်မာ အစိုးရအနေဖြင့် အကြမ်းဖက်သမားများကို အကြမ်းဖက်သမားကဲ့သို့သာ တုန့်ပြန်ရမည် ဖြစ်ကြောင်း၊ တုန့်ပြန်ဆောင်ရွက်ရာတွင် အစိုးရ၏ ရခိုင်ပြည်နယ် ရေရှည် အကျိုးစီးပွားဖော်ဆောင် နေမှုများကို မထိခိုက်စေရေး ဥပဒေနှင့်အညီ ဆောင်ရွက်ရန် လုံခြံရေး တပ်ဖွဲ့ များကို ညွှန်ကြား ထားပြီး ဖြစ်ကြောင်း သမ္မတရုံးမှ သိရသည်။
အကြမ်းဖက်သမားများ ရခိုင်ပြည်နယ်သို့ အများဆုံး ဝင်နိုင်သည့် လမ်းကြောင်းများမှာ တောင်ပြို လက်ဝဲနှင့် ဗန္ဓုလရွာ ကြားရှိ ဝေလာ တောင်ကြောမှ ဖြစ်ပြီး၊ ၎င်းတောင်ကြောမှ တောင်ဘက်သို့ ဆင်းလျှင် ဇန်နဝါရီလ ၅ ရက်နေ့က တိုက်ပွဲဖြစ်သည့် တရိန်းရွာနားသို့ ရောက်ကြောင်း၊ နောက်တနေရာ မှာ တောင်ပြိုလက်ဝဲနှင့် မောင်တောကြား နတ်မြစ်မှ ဖြတ်ဝင်နိုင်ကြောင်း ရခိုင်အရေး လေ့လာ စောင့်ကြည့်သူ ဦးမောင်မောင်စိုးက သုံးသပ်သည်။
“ဝင်လာတဲ့ဧရိယာမှာလည်း ဘင်္ဂလီရွာတွေရှိတော့ သူတို့ကို ထောက်ခံတဲ့လူ ရှိနိုင်တာပေါ့။ လုံခြုံရေး အရ သတိထားရမယ်ဆိုရင်တော့ မြောက်ဘက်မှာ ရှိတဲ့ ဝေလာတောင်ကြောရယ်။ တောင်ပြိုလက်ဝဲနဲ့ မောင်တောကြားမှာ နတ်မြစ်ကို ဖြတ်ကူးဝင်လာပြီးတော့ မောင် တော မြောက်ဘက်ခြမ်းပေါ့နော်။ ငါးခူးရနဲ့ အပေါ်တဝိုက်မှာ ဝင်ရောက်ခိုအောင်း လှုပ်ရှားနိုင်တယ်။ ဒါတွေက လုံခြုံရေးအရ သတိထား ရမှာ”ဟု ၎င်းက ပြောသည်။
မြန်မာ အစိုးရအနေဖြင့် သတိထားရမည့် အချက်မှာ ARSA နှင့် သီးခြား တိုက်ပွဲဖြစ်ပွားလျှင် ပြဿ နာမရှိသော်လည်း ရွာများနှင့် ရော၍ ရွာသားများနှင့်ပါ ထိပ်တိုက်တွေ့မှုများ ရှိလာပါက နိုင်ငံတကာ တွင် ဖြေရှင်းရခက်နိုင်သည့်အတွက် သတိထား ဆောင်ရွက်သင့် ကြောင်း၊ မောင်တောဧရိယာ အတွင်း ဘင်္ဂလီရွာ ၁၅ရွာခန့် ရှိနေသေးရာ အချို့မှာ ARSA ကို ထောက်ခံသူများ ရှိနိုင်သဖြင့် ယင်းရွာများ တွင် ခိုင်မာသည့် အုပ်ချုပ်ရေးစနစ်တခု အစိုးရက တည်ဆောက်ထားသင့်ကြောင်း၊ အကြမ်းဖက်သမား သတင်းများ ရရှိနိုင်မည့် ARSA ကို ဆန့်ကျင်သည့် ရခိုင် တိုင်းရင်းသားများကို အားကိုးသင့်ကြောင်း ဦးမောင်မောင်စိုးက သုံးသပ်သည်။
သမ္မတရုံးကမူ အကြမ်းဖက် တိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်လာပါက တူညီသော တုန့်ပြန်မှုမျိုးကို ခံစားရမည်ဟု ဆိုပြီး ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့မှစ၍ ARSA ကို အကြမ်းဖက်အဖွဲ့ အစည်း ဟု ကြေညာထားခြင်းကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ARSA ကို အကြမ်းဖက် သမား အဖြစ် ရှင်းရှင်းလင်းလင်း ရှုမြင်ပြီး ၎င်းအဖွဲ့ကို ထောက်ခံအားပေးရာရောက်သည့် နိုင်ငံရေး၊ ဘဏ္ဍာရေး၊ သံတမန်ရေးအရ မည်သည့် ဆောင်ရွက်ချက်မျှ မဆောင်ရွက်မိစေရန် အရေးကြီးကြောင်း ပြောသည်။
“လက်ရှိအစိုးရက ပြဿနာဖြေရှင်းရေးကို လုပ်နေတာ။ လုပ်လာတဲ့ အနှောက်အယှက် အဟန့်အတား ပြုလာတဲ့ အပေါ်မှာ ထောက်ခံ အားပေးရာ ရောက်မယ်ဆိုရင် ဒီဘက်မှာ လုပ်ရကိုင်ရတာ အတော် လေး ခက်ခဲတဲ့ အနေအထားတွေ ရောက်သွားနိုင်တယ်။ ဆိုးကျိုးတွေ သက်ရောက်လာနိုင်တယ်။ အကြမ်းဖက်သားကို အားပေးထောက်ခံရာရောက်တဲ့ အပြုအမှု၊ ဆောင်ရွက်ချက်တွေ မလုပ်မိစေဖို့ လိုတယ်” ဟု သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၅ရက်နေ့က အစိုးရတပ်ဖွဲ့ဝင် ၆ဦး ဒဏ်ရာရရှိခဲ့သည့် ARSA အကြမ်းဖက် အဖွဲ့၏ အသစ်တဖန် တိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
မြန်မာ အစိုးရ၏ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်း ခံထားရသည့် ARSA အဖွဲ့သည် ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော ဒေသရှိ လုံခြုံရေး တပ်စခန်း ၃၀ ကျော်ကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ဟိန္ဒူ ဘာသာဝင်များ အပါအဝင် အပြစ်မဲ့ ပြည်သူများကိုလည်း သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။ ထို့ပြင် ARSA သည် မကြာခဏ ဆိုသလို လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ဒေသခံ တိုင်းရင်းသားတို့ကို အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။