၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ မိုင်း အန္တရာယ်ရှိသည့် မြို့နယ် ၁၁ မြို့နယ် တိုးလာသည်ဟု သတင်း ရရှိသည်။
အဆိုပါ သတင်းအချက်အလက်ကို မြေမြှုပ်မိုင်း အသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေး အဖွဲ့ (ICBL) မှ ဇန်နဝါရီလ ၁၀ ရက် ထုတ်ပြန်လိုက်သည့် “မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေး မြန်မာနိုင်ငံ အစီရင်ခံစာ” နှင့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်တွင် ICBL မှ ထုတ်ပြန်ထားသည့် အချက်အလက်များကို နှိုင်းယှဉ်ကြည့်ရာမှ သိရှိ ရခြင်း ဖြစ်သည်။
ICBL မှ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်တွင် ထုတ်ပြန်ထားသည့် မိုင်းအန္တရာယ်ရှိ မြို့နယ်များမှာ စုစုပေါင်း ၆၀ ရှိ ပြီး ယခု ထုတ်ပြန်လိုက်သည့် အစီရင်ခံစာအရ မိုင်းအန္တရာယ်ရှိ မြို့နယ်မှာ ၇၁ မြို့နယ် အဖြစ် တိုးလာခဲ့သည်။
ICBL က မိုင်းအန္တရာယ်ရှိ မြို့နယ်များကို သံသယရှိဖွယ် အန္တရာယ်များသော ဒေသများ (Suspected Hazardous Areas – SHAs) ဟု ခေါ်ဝေါ်သည်။
မိုင်းအန္တရာယ်ရှိ မြို့နယ်များ စာရင်း ဝင်လာသည့် ၁၁ မြို့နယ်သည် ကချင်ပြည်နယ်မှ ဗန်းမော်၊ ရွှေကူ၊ ဆွမ်ပရာဘွမ် နှင့် တနိုင်းမြို့နယ်၊ ရှမ်းပြည်နယ်မှ သီပေါ၊ ကွတ်ခိုင်၊ ခိုလမ်၊ လားရှိုး၊ မန်တုံနှင့် မူဆယ် မြို့နယ်၊ တနင်္သာရီတိုင်းမှ မြိတ် မြို့နယ်တို့ ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ICBL သည် ၁၉၉၂ ခုနှစ်မှစ၍ ကမ္ဘာတဝန်းရှိ မြေမြှုပ်မိုင်းများ ပပျောက်စေရေး ရည်ရွယ်၍ ဖွ့ဲစည်းထားခြင်း ဖြစ်ပြီး ၁၉၉၇ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဗဲလ်ဆု ရရှိကာ လက်ရှိတွင် နိုင်ငံပေါင်း ၇၀မှ အစိုးရမဟုတ်သည့် အဖွဲ့အစည်း (NGO) စုစုပေါင်း ၁၃၀၀ ကျော် ပါဝင်ထားသည့် အဖွဲ့ ဖြစ်ကြောင်း သိရသည်။
ICBL မှ သုတေသီ ဒေါက်တာ ယက်စ်ဟူဟွာ မိုဆာ-ပူအန်စူဝမ်က ယခု ထုတ်ပြန်လိုက်သည့် အစီရင်ခံစာသည် မြန်မာ နိုင်ငံ အကြောင်း ထုတ်ပြန်သည့် ၁၉ ကြိမ်မြောက် အစီရင်ခံစာ ဖြစ်ပြီး ယခုနှစ် မြေမြှုပ်မိုင်း အစီရင်ခံစာသည် ယခင် နှစ် က ထုတ်ခဲ့သည့် အစီရင်ခံစာထက် အခြေအနေ ပိုဆိုးသည်ဟု ပြောသည်။
ဒေါက်တာ ယက်စ်ဟူဟွာ မိုဆာ-ပူအန်စူဝမ်က “ရှမ်းမှာဆို ထိခိုက်ဒဏ်ရာရပြီး သေကြေ ပျက်စီးစာရင်း တော်တော်ကို တက်လာတာ တွေ့ရပါတယ်။ ရှမ်းက ထွက်လာတဲ့ ထိခိုက်ဒဏ်ရာ ရတဲ့ စာရင်းတွေမှာ သတင်းပို့တာ မရှိတဲ့ အမှုတွေ လည်း တော်တော် များပါတယ်။ ၂၀၁၇ တနှစ်ကတော့ ကုန်သွားပြန်ပြီ။ ဒီမှာ မိုင်းကို ရှာလည်း မရှာကြဘူး။ တား လည်း မတားကြဘူး။ ပစ်ထားတယ်”ဟုလည်း ပြောဆိုသည်။
အစီရင်ခံစာပါ မိုင်းအန္တရာယ်ရှိ မြို့များအဖြစ် တိုးလာသည့် ၁၁ မြို့နယ်သည် ၂၀၁၇ ခုနှစ်အတွင်း တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကြား တိုက်ပွဲ ဖြစ်ပွားထားသည့် ဒေသများ ဖြစ်ပြီး တချို့ ဒေသများသည် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ လှုပ်ရှားနေသည့် ဒေသများ ဖြစ်သည်။
ဒေါက်တာ ယက်စ်ဟူဟွာ မိုဆာ-ပူအန်စူဝမ်က မြေမြှုပ်မိုင်းသည် ထိခိုက်ဒဏ်ရာ ကိုယ်တိုင်ရရှိမည့် သူက ထိမိတိုက်မိ ပြီး ပေါက်ကွဲအောင် လုပ်ရသည့် ပစ္စည်း ကိရိယာဖြစ်သဖြင့် လူသားချင်း စာနာထောက်ထားမှု ရှုထောင့်မှ ကြည့်လျှင် တိုက်ပွဲဝင် စစ်သည်ကိုသာ မဟုတ်ဘဲ အရပ်သားများအား လူမျိုးဘာသာမရွေး ထိခိုက်မည့် ပစ္စည်းကိရိယာ ဖြစ် ကြောင်း၊ ထို့ကြောင့် မြေမြှုပ်မိုင်း အသုံးပြုမှုကို ရပ်တန့်ရန် တားမြစ်ကြောင်း တိုက်တွန်းလိုသည်ဟု ပြောသည်။
အစီရင်ခံစာတွင် ၂၀၁၆ ခုနှစ်၌ ICBL မှ လက်လှမ်းမီသလောက် ရရှိထားသည့် စာရင်းများအရ မြန်မာ နိုင်ငံတွင် မြေမြှုပ်မိုင်းကြောင့် ၂၂၉ ဦး ဒဏ်ရာရရှိပြီး ၆၉ ဦး သေဆုံးသွားသည်ဟု ဖော်ပြထားသည်။
၂၀၁၇ ခုနှစ်စာရင်း အသေးစိတ်ကိုမူ ဖော်ပြထားခြင်း မရှိပေ။
မြေမြှုပ်မိုင်းများကို တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်သည့် “ဝ”ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ ကရင်နီ အမျိုးသား တိုးတက်ရေး တပ်မတော် (KNPP) ၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် ( DKBA) တို့က ထုတ်လုပ်နေသည်ဟု အစီရင်ခံစာတွင် ရေးသားထားသည်။
တပ်မတော်မှ ထုတ်လုပ်သည့် မြေမြှုပ်မိုင်းများသည် မိုင်းရှာစက် ကိရိယာများဖြင့် ရှာဖွေ၍ မရနိုင်သည့် အစိတ်အပိုင်း များ ပါဝင်ထုတ်လုပ်ထားပြီး UWSA၊ KNPP၊ KIA၊ KNLA နှင့် DKBA တို့က နင်းမိုင်းနှင့် ထပ်ဆင့် ပေါက်ကွဲသည့် မိုင်း များအပြင် ရှေ့ထွက်မိုင်း၊ ထောင်မိုင်းနှင့် ထောင်ချောက်မိုင်းများ ထုတ်လုပ်နေသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြ ထား သည်။
ဆက်လက်၍ ဒေါက်တာ ယက်စ်ဟူဟွာ မိုဆာ-ပူအန်စူဝမ်က “ဒီနိုင်ငံမှာ တပ်မတော်က မြေမြှုပ်မိုင်း အသုံးပြုတာ ပို များ လား။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွ့ဲက အသုံးပြုတာ ပိုများလား ဆိုတာက ကျနော်တို့မှာ ဘယ်သူ့ သေတ္တာ ထဲမှာ မိုင်းဘယ်နှလုံး ရှိတယ်ဆိုတာ မသိလို့ အတိကျ မသိပါဘူး။ ဒါပေမယ့် မိုင်း တလုံးတည်း သုံးတယ် ဆိုရင်တောင် လွန်နေပြီလို့ ကျနော် ပြောချင်ပါတယ်”ဟု ပြောဆိုသည်။
အစီရင်ခံစာတွင် မြေမြှုပ်မိုင်းများကို လူသတ်မိုင်းများဟု သုံးနှုန်းရေးသားထားပြီး ဒေါက်တာ ယက်စ်ဟူဟွာ မိုဆာ-ပူအန်စူဝမ်က မြေမြှုပ်မိုင်း အသုံးပြုသူများသည် ရာဇဝတ်မှု ကျူးလွန်သူများ ဖြစ်သည်ဟု ပြောသည်။
၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း တပ်မတော်နှင့် လက်နက်ကိုင် တပ်ဖွဲ့များ၏ မြေမြှုပ်မိုင်း အသုံးပြုမှုများနှင့် ပတ်သက် ၍လည်း အရပ်သားများ မြေမြှုပ်မိုင်း နင်းမိ၍ ထိခိုက်ဒဏ်ရာ ရသွားသည့် ဖြစ်စဉ် ၂၀ ကျော်ကိုလည်း အစီရင် ခံစာ တွင် ထည့်သွင်း ဖော်ပြထားသည်။
ဖြစ်စဉ်များတွင် တပ်မတော်၊ KIA ၊ DKBA ခွဲထွက် အဖွဲ့၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA) ၊ အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ ညီမှု စာချုပ် (NCA) ချုပ်ဆို ထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့ မိုင်းများ ထောင် ခြင်းကြောင့် အရပ်သားတချို့ ထိခိုက်ဒဏ်ရာ ရကြောင်းလည်း ပါရှိသည်။
KIA မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “ကျနော်တို့ မိုင်းထောင်တာက စစ်ကြောင်း လာ တက်တဲ့ နေရာမှာ မိုင်းထောင်တာ ရှိပါတယ်။ ရှေ့တန်းစခန်းနဲ့ ဌာနချုပ် ပတ်ဝန်းကျင် တပ်နေရာမှာ ကျနော်တို့ မိုင်းထောင်တာ ရှိပါတယ်။ အဲ့ဒါကတော့ စစ်ရေးအရ ကျနော်တို့မှာ ဘာမှ အပြစ်မရှိဘူးလို့ ပြောလိုပါတယ်”ဟု ပြောသည်။
စစ်မြေပြင်ဖြစ်သည့် နေရာများတွင်သာ KIA က မိုင်းထောင်ပြီး အရပ်သားများ နေထိုင်သွားလာသည့် နေရာများတွင် မိုင်းထောင်ခြင်း မရှိပါဟု ဗိုလ်မှူးကြီး နော်ဘူက ငြင်းဆိုသည်။
“အဝေးကနေပဲ နားထောင်ပြီး ကြည့်ပြီးပြောရင် သေချာတဲ့ သတင်းတွေ ရမှာမဟုတ်ဘူး။ မိုင်းထောင်တယ် ဆိုတာ ထောင်သင့်တဲ့ နေရာမှာ ထောင်တာလား။ တိုက်ပွဲက ဘယ်သူက စစ်ဆင်ရေး လုပ်တယ်ဆိုတာကို နိုင်ငံတကာက လာရောက် ကြည့်ရှုဖို့ လိုလိမ့်မယ်။ ဒါမှ အဖြေမှန် ထွက်ပေါ်လာမယ်”ဟုလည်း ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုသည်။
ပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် လက်နက်ကိုင် ပဋိပက္ခများ အကြောင်း လေ့လာသုံးသပ် နေ သည့် သုတေသီ ဦးမောင်မောင်စိုးက အစိုးရနှင့် NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့၏ ဒေသများ တွင် မိုင်းရှင်းလင်းရေးကို မလုပ်ဆောင်နိုင်သေးသဖြင့် လက်နက်ကိုင် ပဋိပက္ခများ ရှိနေသေးသည့် ဒေသများတွင် မြေမြှုပ်မိုင်း အသုံးပြုမှု ရပ်တန့်စေရေး ဟူသည့် ကိစ္စမှာ ဖြစ်နိုင်ခြေ နည်းသည်ဟု ဆိုသည်။
ဦးမောင်မောင်စိုးက “လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ပြီး နိုင်ငံရေးအရ နားလည်မှု နောက်တဆင့်တက်မှ ဒီကိစ္စတွေ ဖြေရှင်းလို့ ရမယ်။ လက်ရှိမှာ NGO တွေ လုပ်သင့်တာက ပဋိပက္ခရှိတဲ့ ဒေသက ပြည်သူတွေကို မြေမြှုပ်မိုင်း အန္တရာယ် ပညာပေးရေး အစီအစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဦးစားပေး ဇောက်ချ လုပ်သင့်တယ်လို့ ထင်ပါတယ်”ဟုလည်း ပြော သည်။
မိုင်းအန္တရာယ် ရှိသည့် ကျန် မြို့နယ် ၆၀ မှာ ကယားပြည်နယ်ရှိ မြို့နယ် ၇ မြို့နယ်စလုံး၊ ကရင် ပြည်နယ်ရှိ မြို့နယ် ၇ မြို့နယ် စလုံး၊ ကချင်ပြည်နယ်မှ ၁၀ မြို့နယ်၊ မွန်ပြည်နယ်မှ ၆ မြို့နယ်၊ ပဲခူးတိုင်း ဒေသကြီးမှ မြို့နယ် ၄ ခု၊ ရှမ်းပြည်နယ် မှ ၁၈ မြို့နယ်၊ တနင်္သာရီတိုင်း ဒေသကြီးမှ ၅ မြို့နယ်၊ ချင်းပြည်နယ်မှ ပလက်ဝ ၊ ရခိုင်ပြည်နယ်မှ မောင်တောမြို့နယ် နှင့် စစ်ကိုင်းတိုင်း ဒေသကြီးမှ အင်းတော်မြို့နယ် စသည့် မြို့နယ်များ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်း အသုံးပြုမှု တားမြစ် ပိတ်ပင်ခြင်း သဘောတူ စာချုပ် နှင့် ထပ်ဆင့် ပေါက်ကွဲ စေသော လက်နက်ပစ္စည်းများ အသုံးပြုမှု တားမြစ် ပိတ်ပင်ခြင်း သဘောတူစာချုပ်တို့ကို ပါဝင် လက်ခံထားခြင်း မရှိပါ။
သို့သော် ၂၀၁၇ ခုနှစ် ဇွန်လက မြေမြှုပ်မိုင်း စောင့်ကြည့် လေ့လာရေး အဖွဲ့မှ တာဝန်ရှိသူများက နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိများကို တွေ့ဆုံရာ မြန်မာ အစိုးရ အနေဖြင့် မြေမြှုပ် မိုင်း အသုံးပြုမှု တားမြစ်ပိတ်ပင်ခြင်း သဘောတူစာချုပ်ကို သဘောတူ လက်ခံရန် စဉ်းစားနေကြောင်း၊ ဝန်ကြီးဌာန ၂ခု လုံးက ထိုစာချုပ်ကို လက်ခံနိုင်ရေး အတွက် အသေးစိတ် လုပ်ငန်းများ ဆောင်ရွက်နေသည်ဟု ပြောဆိုထားကြောင်း လည်း သိရသည်။