ပြည်တွင်းလျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးနိုင်ရန် အတွက် လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အားကို ဝယ်ယူ အသုံးပြုသွားမည်ဖြစ်ကြောင်း လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာနထံက သိရသည်။
ယမန်နေ့က နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ အပြီးတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးမင်းမင်းဦး က “လာအို၊ တရုတ်၊ အိန္ဒိယ တို့က ဓာတ်အားရောင်းဖို့ လာကမ်းလှမ်းတာ ရှိပါတယ်။ ကျနော် တို့မှာ အတွေ့ အကြုံ မရှိသေးတဲ့ အတွက် လေ့လာနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် လာအို နဲ့ မကြာခင်မှာ MOU ထိုးဖို့ လုပ်နေတာ ရှိပါတယ်။” ဟု ပြောသည်။
နှစ်နိုင်ငံ သဘောတူ ရေးထိုးမည့် MOU တွင် မြန်မာ နိုင်ငံဘက်မှ ဝယ်ယူသုံးစွဲမည့် လျှပ်စစ် ပမာဏ၊ နှုန်းထား၊ မြန်မာနိုင်ငံ၏ ဓာတ်အားစနစ် နှင့် ကိုက်ညီမှု ရှိ၊ မရှိ စသော လိုအပ်သည့် အချက်များကို တိုက်ဆိုင် ဆွေးနွေး ပြီးမှသာလျှင် သဘောတူ စာချူပ်ကို ရေးထိုးသွားမည်ဖြစ်ပြီး အချိန်အတိအကျကိုမူ မသိရှိရသေးပါ။
လာအိုမှ ဝယ်ယူမည့် လျှပ်စစ်ကို တနိုင်ငံလုံး အသုံးပြုရန် လျာထားကြောင်း၊ ၎င်းတို့ ရောင်းချမည့် လျှပ်စစ်မှ ရေအားလျှပ်စစ် ဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် စင်ကာပူ နိုင်ငံများကိုပါ ရောင်းချနိုင်ရန် အတွက် ကြိုးစားနေသည်ဟု သိရသည်။
ရွှေလင်ဗန်းစက်မှုဇုန်မှ ဥက္ကဋ္ဌ ဦးအေးသောင်းက “ လာအိုဆိုတာ ကျနော်တို့ရဲ့ အထက်ပိုင်းမှာ ရှိနေတယ်။ အခု မီးထုတ်နေတဲ့နေရာကလည်း အထက်ပိုင်းမှာပဲ ဖြစ်နေတယ်။ သုံးတာက အောက်ပိုင်းက ရန်ကုန်က သုံးမှာဆိုတေ့ာ ဝယ်မယ့် လျှပ်စစ်တွေက ရန်ကုန်အရောက် ပို့ပေးနိုင်မှာလား၊ လျှပ်စစ်မီး ပြည့်ပြည့်၀၀ နဲ့ ဝန်ဆောင်မှု ကောင်းကောင်းပေးနိုင်မယ်ဆိုရင်တေ့ာ အခုလို ဝယ်ယူမှုကို ကြိုဆိုပါတယ်။” ဟု ဧရာဝတီ သို့ ပြောသည်။
အိမ်နီးချင်းနိုင်ငံများ ဖြစ်သော အိန္ဒိယ၊ တရုတ် နှင့် လာအိုနိုင်ငံ တို့က မြန်မာနိုင်ငံသည် ပြည်တွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်များ ရှိနေသည့် အတွက် ဝယ်ယူ သုံးစွဲရန် ယမန်နှစ်ကတည်းက ကမ်းလှမ်းမှုများ ရှိခဲ့သည်ဟု သိရသည်။
လက်ရှိ မြန်မာနိုင်ငံ အနေဖြင့် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၂၇ ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၂၂ ရုံ နှင့် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ ၁ ရုံမှ လျှပ်စစ်မဂ္ဂါဝပ် ၃၀၀၀ ကျော်ကို ထုတ်လုပ်ပေးလျှက် ရှိပြီး၊ နိုင်ငံ အိမ်ထောင်စု ဦးရေ၏ ၃၇ ဒသမ ၈၇ ရာခိုင်နှုန်းကိုသာ လျှပ်စစ် ဖြန့်ဖြူး ပေးနိုင်သေးသည်ဟု လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။