စစ်ကိုင်းမြို့၏ အထင်ကရ “ကောင်းမှုတော်ဘုရား” ကို ရွှေသင်္ကန်းမှ ထုံးသင်္ကန်းပြန်လည်ကပ်လှူနိုင်ရေး အတွက် ဒေသခံများ၏ဆန္ဒမဲလက်မှတ်များ စတင်ကောက်ယူလျက် ရှိကြောင်း စစ်ကိုင်းမြို့မိမြို့ဖအဖွဲ့ ထံက သိရသည်။
“ကျနော်တို့ လက်မှတ်တွေကို ဇန်နဝါရီလ ၁၇ ရက်ကစပြီး စစ်ကိုင်းမြို့ထောင့်တိုင်းနဲ့ ဘုရားစေတီတိုင်းမှာပါ စုဆောင်းသွားမှာဖြစ်ပါတယ်။ ဒီလကုန်ပိုင်းမှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဆီ ဘုရားကြီးကို အဖြူရောင်(ထုံး) သင်္ကန်းပြန်ကပ်ခွင့်ပေးဖို့ ကျနော်တို့ စာတင်ထားပါတယ်” ဟု စစ်ကိုင်းမြို့မိမြို့ဖများကော်မတီအတွင်းရေးမှူး ဦးဇော်ဝင်းက ပြောသည်။
အဆိုပါလှုပ်ရှားတောင်းဆိုမှုကို စစ်ကိုင်းမြို့မိမြို့ဖများဖြင့် ဖွဲ့စည်းထားသည့်ကော်မတီ တခုက က ဦးဆောင်ခြင်းဖြစ်ပြီး ဒေသခံဘာသာရေးအဖွဲ့များနှင့်လူမှုအဖွဲ့များ ပါဝင်ကြသည်။
“ ထုံးသင်္ကန်းပြန်ကပ်ဖို့ ဆုံးဖြတ်ချက်က တိတိကျကျ မသိရေးသေးပါဘူး။ ဝန်ကြီးချုပ်နဲ့အစိုးရတာဝန်ရှိသူထံက ခွင့်ပြုချက်ကိုစောင့်နေရတုန်းပါ” ဟု ဦးဇော်ဝင်းက ပြောသည်။ အကယ်၍ တိုင်းဒေသကြီးအစိုးရထံမှ ခွင့်ပြုချက်မရပါက ၎င်းတို့ကော်မတီအနေဖြင့် ပြည်ထောင်စုအစိုးရအဆင့်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
စစ်ကိုင်းမြို့မိမြို့ဖများကော်မတီ ဥက္ကဋ္ဌ ဦးတင်မျိုးလွင် ကလည်း “ထုံးဖြူဖြူဖွေးဖွေးနဲ့ ဖူးရတဲ့ ကောင်းမှုတော်ဘု ရားကြီးရဲ့ မူလပုံရိပ်က ရွှေသင်္ကန်းကပ်ပြီးနောက်မှာ ပျောက်သွား ပါတယ်။ အဲဒါကြောင့် ထုံးသင်္ကန်းနဲ့ ပြန်လည်ဖူးမြင်ရဖို့ ဒေသခံတွေကလည်း ဆန္ဒရှိကြတယ်။ ဘာလို့ အခုမှ လုပ်ရတာလဲဆိုတော့ ခေတ်ကလည်း ဒီမိုကရေစီခေတ်ကို ပြောင်းလာတာရယ် သြဝါဒ ဆရာတော်ကြီး များကလည်း အများဆန္ဒရှိရင် ပြောင်းပါလို့ မိန့်တာကြောင့်ပါ” ဟု ဧရာဝတီကို ပြောသည်။
ရာဇမဏိစူဌာ ကောင်းမှုတော်ဘုရားကြီးအား စစ်ကိုင်းမြို့တွင် မြန်မာသက္ကရာဇ် ၉၉၈ ခုနှစ်က သာလွန်မင်း တရားကြီး တည်ထားခဲ့ရာ ယခုဆိုလျှင် နှစ်ပေါင်း ၃၉၀ နီးပါးသက်တမ်း ရှိပြီဖြစ်သည့် ရှေးဟောင်းဘုရား တဆူဖြစ်သည်။
မူလက အဖြူရောင်(ထုံး)သင်္ကန်းဖြင့် ရှိနေခဲ့ခြင်းဖြစ်သော်လည်း ၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လာရောက်ဖူးမြော်ပြီးနောက် စေတီတော်မြတ်ကို ရွှေဆေး သုတ်လိမ်းခိုင်းခဲ့ခြင်းဖြစ်သည်။ ထိုစဉ် ကောလာဟလများပျံ့နှံ့ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသည် ဗေဒင်ဆရာတယောက်၏ အကြံပေးချက်အရ ကောင်းခြင်းမင်္ဂလာ အဖြာဖြာရရှိစေရန် အလို့ငှာ စေတီတော်ကို ရွှေဆေးသုတ်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်ဟု ခန့်မှန်းပြောဆိုမှုများ ပေါ်ထွက်ခဲ့သည်။
ဒေသခံပြည်သူများ၊ သမိုင်းပညာရှင်များနှင့် ကမ္ဘာလှည့်ခရီးသွားများကို ရွှေဆေးအသစ်သုတ်ခြင်းကို ဝေဖန်ခဲ့ ကြသော်လည်း ယခင်သမ္မတဟောင်းဦးသိန်းစိန်အစိုးရလက်ထက်တွင် အဖြူရောင်(ထုံးသင်္ကန်း)ပြန်ကပ်ရန် အားထုတ်ခဲ့ခြင်းမရှိပေ။
ထို့ကြောင့် NLD အစိုးရ လက်ထက်တွင် ဒေသခံများ၏ သဘောထားအရ စစ်ကိုင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းက ကောင်းမှုတော်ဘုရားအား ထုံးသင်္ကန်းပြန်လည်ကပ်လှုနိုင်ရေး ပြည်သူ့လွှတ်တော်တွင် ပြီးခဲ့သည့်နှစ်က မေးမြန်းခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက လက်ရှိ သုတ်ထားသည့် ရွှေဆေး သင်္ကန်းသက်တမ်းကုန်သည့်အချိန်မှ ထုံးသင်္ကန်းပြန်လည်ပူဇော်ရေး ဆောင်ရွက်သွားမည်ဟု ဖြေကြားခဲ့သည်။
သို့ရာတွင် ယခုလဆန်းပိုင်းက ဂေါပကအဖွဲ့က ရွှေဆေးသင်္ကန်း ပြန်လည်သုတ်နေသည့် ကောလာဟလများ ထွက်ပေါ်လာသောကြောင့် စစ်ကိုင်းမြို့မိမြို့ဖအဖွဲ့က ဦးဆောင်၍ ဇန်နဝါရီ ၁၁ ရက်က ညှိနှိုင်း အစည်းအဝေးနှင့်အတူ မြို့ခံများ၏ သဘောထား ဆန္ဒမဲလက်မှတ် ကောက်ယူခြင်းတို့ကို ပြုလုပ် ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် စစ်ကိုင်းမြို့မှ လူမှုရေးအသင်းအဖွဲ့ ၅၀ ကျော်နှင့် စစ်ကိုင်းမြို့ခံ ၂၀၀ ကျော် တက်ရောက်ခဲ့ပြီး ဆန္ဒမဲလက်မှတ် ၂၄၀ ခန့်ရရှိခဲ့ကြောင်း သိရသည်။
ယခုလဆန်းပိုင်းက ဘုရားကြီးတွင် မိုးဒဏ်ကြောင့် ဆေးကွက်နေသော နေရာများအား ရွှေဆေးသင်္ကန်း ပြန်သုတ်ခြင်းဖြစ်ပြီး လုံးတော် ပြည့်ဆေးသုတ်ခြင်းမှာ ဆေးအရောင်စမ်းသပ်ခြင်းသာဖြစ်ကြောင်း၊ ဂေါပကအဖွဲ့က ရွှေဆေးပြန်သုတ်သည်မှာကောလဟာလသာ ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့က ဆိုသည်။
စေတီတော်ကို ရွှေဆေးများခြစ်ပစ်ရန်လိုအပ်မည် ဆိုပါက မူလဗိသုကာလက်ရာများ ထိခိုက်မှုရှိမည်ကို စိုးရိမ်ရသဖြင့် ကျွမ်းကျင်ပညာရှင်များ တိုင်ပင်ရန်လိုကြောင်း ကောင်းမှုတော် ဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတုတ်က ပြောသည်။
ဂေါပကဥက္ကဋ္ဌ ဦးတုတ်က “ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့က ညွှန်ကြားလာရင်တော့ ဒါလုပ်ရမှာပေါ့။ အဲဒီအတွက်လည်း လုံလောက်တဲ့ အလှုငွေတွေ ရှိပြီးသားပါ။” ဟု ပြောသည်။
ကောင်းမှုတော်ဘုရားကြီး၏ ရရှိထားသည့် အလှုငွေစုစုပေါင်း ငွေကျပ် သိန်း ၁ သောင်းဝန်းကျင်ရှိပြီး ၎င်းတို့အား ဘဏ်တွင်အပ်နှံထား၍ အကြမ်းဖျင်းအားဖြင့် နှစ်စဉ်အလှူငွေ သိန်း ၅၀၀ ခန့်ရရှိကြောင်း ဂေါပကအဖွဲ့မှ သိရသည်။
ဧရာဝတီသတင်းထောက် ဇာနည်မာန်နှင့် မြတ်ပြည့်ဖြိုး ပူးပေါင်း ရေးသားသည်။