ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာ ဘင်္ဂါလီ ၁၀ ဦး သတ်ဖြတ်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်၏ ဖော်ထုတ် အရေးယူမှုသည် ရှေ့တိုးမည့် ခြေလှမ်းဖြစ်၍ အကောင်းမြင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ယနေ့ နေ့လယ်ပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ပြုလုပ်သည့် ဂျပန်-မြန်မာ နိုင်ငံခြားရေးဝန်ကြီး ၂ ဦး ၏ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
အင်းဒင်ရွာတွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ အတွင်းက တူးဖော်တွေ့ရှိခဲ့သော ဘင်္ဂါလီ အကြမ်းဖက် သမား ၁၀ ဦး ရုပ် အလောင်းများနှင့် ပတ်သက်ပြီး ယင်း ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အင်းဒင်ကျေးရွာမှ ရွာသားတချို့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင် များက ထို ၁၀ ဦးကို သတ်ဖြတ်ခဲ့သည်မှာ မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် ပါဝင်ပတ်သက်သူ ရွာသားများနှင့် ထိတွေ့ တိုက်ခိုက်မှု စည်းမျဉ်းများ (Rules of Enganement) အား ချိုးဖောက်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဟု ဇန်နဝါရီလ ၁၀ ရက်နေ့တွင် တပ်မတော်က သတင်း ထုတ်ပြန်ခဲ့သည်။
“အင်ဒင်းရွာကိစ္စမှာ သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တယ်။ သတ်ဖြတ်မှုတွေ ဖြစ်ခဲ့လို့ တပ်မတော်ကနေ စိစစ်ပြီးတော့ အရေးယူသင့် တာတွေကို အရေးယူမယ် ဆိုတာက ခြေလှမ်းအသစ်တခုကို ရှေ့လှမ်းတာလို့ပဲ မြင်ပါတယ်။ နောက်ဆုံးကျတော့ နိုင်ငံ တ နိုင်ငံ ဟာ ကိုယ့်နိုင်ငံ အတွင်းမှာရှိတဲ့ တရားဥပဒေ စိုးမိုးရေးကို ကိုယ့်ဘာသာ တာဝန်ယူရမှာပဲ”ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
တပ်မတော်အနေဖြင့် မိမိ တာဝန်ယူသည့် လမ်းကြောင်းပေါ်သို့ စပြီး လျှောက်လှမ်းခြင်းကို ၄င်တို့ဘက်က စ၍ အကောင်း မြင်ကြောင်း၊ သို့သော် ယခုဖြစ်စဉ်သည် ယခုလတ်တလော ဖြစ်ပွားသည့် ကိစ္စ မဟုတ်သော်လည်း ယခုကဲ့သို့ စုံစမ်းခြင်း အားဖြင့် နောက်ပိုင်းတွင် ယခုလို ကိစ္စမျိုး ဖြစ်မလာစေရန် အားတခု ဖြစ်စေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဂျပန်နိုင်ငံခြားရေး ဝန်ကြီး တာရိုကိုနို ကလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသည့် မြန်မာ အစိုးရအဖွဲ့ကို ဆက်လက် ထောက်ခံသွားမည် ဖြစ်ကြောင်း၊ ရခိုင် အရေးတွင်လည်း လူ့ အသိုင်း အဝိုင်းကြား ပြန်လည်ပေါင်းစည်းနိုင်ရေး လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးအပ်သွားမည်ဟု ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
“ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဆိုတာက ရခိုင်ပြည်နယ်မှာ နေတဲ့ လူတွေအားလုံးနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေရဲ့ ဇစ်မြစ် ကို ဖြေရှင်းဖို့ အတွက် အင်မတန် အရေးကြီးတယ်လို့ ယူဆပါတယ်”ဟုလည်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက ပြော သည်။
ရခိုင်အရေးကို ဖြေရှင်းရာတွင် လက်ရှိ ဖြစ်ပွားနေသည့် ပြဿနာများကို သာမက ရေရှည်ပန်းတိုင်ကိုလည်း မျက်ခြည် ပြတ်၍ မဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီး အကြံပြုသလို ရေရှည်တွင် ရခိုင်ပြည်နယ်တွင် နေထိုင်သူ ပြည်သူများ အားလုံး တဦးနှင့်တဦး ယုံကြည်မှု ရှိလာစေရန် အစိုးရက ကြိုးစားသွားရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ဒီမိုကရေစီ အမြစ်တွယ်စေရန် ငြိမ်းချမ်းရေး ရရှိရေး၊ ပြည်သူပြည်သားများ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန် ၅ နှစ်တာ ကာလအတွင်း ဂျပန်ယမ်း ဘီလီယံပေါင်း ၈၀၀ ကူညီထောက်ပံ့ခြင်း၊ ရန်ကုန်မြို့ပြ ဖွံ့ဖြိုး တိုးတက်ရေး၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်မီးတို့ကို ဆောင်ရွက်ပေးသွားရန် ကတိပြုခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက“အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ဂျပန်နိုင်ငံနဲ့ ကျန်းမာရေး၊ ပညာရေး၊ လယ်ယာ စိုက်ပျိုးရေးဆိုတဲ့ ကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြန်မာ အစိုးရနဲ့ နီးနီးကပ်ကပ် ဆွေးနွေး ညှိနှိုင်းပြီးတော့ ကူညီ ထောက်ပံ့မယ့် အစီအစဉ် ကို ဆောင်ရွက်နိုင်ပါတယ်။ ချောမွေ့စွာ ကူညီဆောင်ရွက် နိုင်မယ်လို့ ယူဆပါတယ်”ဟု ပြော သည်။
အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒုက္ခသည်များ ပြန်လည်လက်ခံရေးနှင့် ပြန်လည် ရောက်ရှိ လာသူများ ကောင်းမွန်စွာ ရပ်တည်နိုင်ရေး ဂျပန်နိုင်ငံက မည်ကဲသို့ အကူအညီများ ပေးနိုင်မည် ဆိုသည်ကို ဆွေးနွေးခဲ့ ကြောင်း၊ ရေတို လိုအပ်ချက် များသာမက ရေရှည် လိုအပ်ချက်များကိုပါ ဂျပန်နိုင်ငံက ကူညီရန် စေတနာရှိသည့် အတွက် ကျေးဇူးတင်ကြောင်း ပြန်လည် ပြောကြားသည်။
ဂျပန်နိုင်ငံခြားရေး ဝန်ကြီးနှင့် အဖွဲ့သည် ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ သွားရောက်မည် ဖြစ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း သီးခြားတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။