သတင်း

မွတ်စလင်များကို သတ်ဖြတ်ကြောင်း ဝန်ခံခြင်းသည် အရေးပါသော ခြေလှမ်းဟု ကန် သံအမတ်ပြော

Want create site? Find Free WordPress Themes and plugins.

ယမန်နှစ် စက်တင်ဘာလက မွတ်စလင် ၁၀ ဦးကို သတ်ဖြတ်ရာတွင် တပ်မတော်သားများ ပါဝင် ပတ်သက်ကြောင်း မြန်မာနိုင်ငံက ဝန်ခံခြင်းသည် အရေးပါသော ခြေလှမ်း ဖြစ်ကြောင်းနှင့် ပိုမိုပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုများ ရှိလာမည် ဟု အမေရိကန်နိုင်ငံက မျှော်လင့်ကြောင်း အမေရိကန်သံအမတ်က ဇန်နဝါရီလ ၁၁ ရက်နေ့က ပြောသည်။

၎င်း၏ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ အစောပိုင်းတွင် ဖမ်းဆီးထားသော ရိုဟင်ဂျာခေါ် ဘင်္ဂလီ မွတ်စလင် “အကြမ်းဖက်သမား” ၁၀ ဦးကို သတ်ဖြတ်ခဲ့ကြောင်း တပ်မတော်က ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကြေညာပြီးနောက် ဥရောပ သမဂ္ဂနှင့် မွတ်စလင်နိုင်ငံများမှ ကိုယ်စာလှယ်များက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသော အကြမ်းဖက်မှုများ အတွက် ပိုမိုကျယ်ပြန့်သော နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ထပ်မံတောင်းဆိုသည်။

သြဂုတ်လ ၂၅ ရက်နေ့တွင် ဖြစ်ပွားသော စစ်သွေးကြွ တိုက်ခိုက်မှုကို တုံ့ပြန်ဆောင်ရွက်သော စစ်ဆင်ရေးများ အတွင်း အမှားအယွင်းများ လုပ်ဆောင်ခဲ့သည် ဟု မြန်မာတပ်မတော်က ဝန်ခံခြင်းမှာ ကြုံရခဲသော ကိစ္စ ဖြစ်သည်။ ထိုစစ်ဆင်ရေး နောက်ပိုင်းတွင် မွတ်စလင်ရွာသား ၆၅၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ် သို့ထွက်ပြေးရသည်။

“ဒီလူ ၁၀ ဦးကို သတ်ဖြတ်ရာမှာ လုံခြုံရေးတပ်ဖွဲ့တွေ ပါဝင်တယ် လို့ တပ်မတော်က ဝန်ခံတာဟာ အရေးပါတဲ့ ခြေလှမ်း ဖြစ်ပါတယ်” ဟု ရန်ကုန်တွင် ကျင်းပသည့် သတင်းမီဒီယာ လွတ်လပ်ခွင့် ဆွေးနွေးပွဲတခုတွင် သံအမတ်ကြီး စကော့ မာရှယ်က သတင်းစာပညာ ကျောင်းသားများနှင့် သတင်းထောက်များအား ပြောသည်။

“ပိုမို ပွင့်လင်းမြင်သာလာပြီး တာဝန်ရှိသူတွေကို အရေးယူမယ် လို့လည်း ကျနော်တို့မျှော်လင့်နေတယ်။ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ အလိုကျ လုပ်တာ မဟုတ်ဘဲ မြန်မာ့ ဒီမိုကရေစီရဲ့ ကျန်းမာရေး အတွက် ဒီလို လုပ်သင့်တယ် ဆိုတာကို ကျနော်က အလေးထား ပြောလိုတယ်” ဟုလည်းသူဆက်ပြောသည်။

ထို စစ်ဆင်ရေးများသည် လူမျိုးစု သုတ်သင်ရှင်းလင်းမှုများ ဖြစ်သည် ဟု အမေရိကန်က ပြောခဲ့သည်။ မြန်မာနိုင်ငံကမူ ၎င်းတို့၏ လုံခြုံရေးတပ်ဖွဲ့များသည် သူပုန်များကို ဥပဒေနှင့် ညီသော နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့သည် ဟု ဆိုသည်။

ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့ မြောက်ဘက် မိုင် ၃၀ ခန့်အကွာ ကမ်းရိုးတန်းရှိ အင်းဒင်ကျေးရွာတွင် အလောင်း ၁၀ လောင်းကို အစုလိုက် အပြုံလိုက် မြှုပ်နှံထားသည်ကို တွေ့ရသည် ဟု တပ်မတော်က ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကြေညာခဲ့ပြီး စုံစမ်းစစ်ဆေးရန် အတွက် အဆင့်မြင့်အရာရှိများကို တပ်မတော်က တာဝန်ပေးခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ဇန်နဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် စုံစမ်းစစ်ဆေးချက် အရ တပ်မတော်၏ လုံခြုံရေး တပ်ဖွဲ့ဝင်များအပါအဝင် ထို ၁၀ ဦးကို သတ်ဖြတ်ခဲ့ကြောင်း တွေ့ရသည်ဟု ဖော်ပြထားသည်။

အကြမ်းဖက်သမား ဟု သံသယရှိသူ ၁၀ ဦးကို သတ်ဖြတ်ရာတွင် စည်းမျဉ်းစည်းကမ်း ချိုးဖောက်သော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပါဝင် ပတ်သက်သော ရခိုင်ကျေးရွာသားများကို ဥပဒေအရ အရေးယူမည် ဟုလည် တပ်မတော်က ဆိုသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များကို ၂၀၀ ခန့်က တိုက်ခိုက်ခဲ့ပြီးနောက် ထို ၁၀ ဦးကို ဖမ်းဆီးမိခြင်း ဖြစ်သည် ဟုလည်း တပ်မတော်က ဆိုသည်။

ဖမ်းမိသူများကို ရဲတပ်ဖွဲ့သို့ လွှဲပြောင်း ပေးပို့သင့်သော်လည်း စစ်သွေးကြွများက ဆက်လက် တိုက်တိုက်ခိုက်နေခြင်း နှင့် စစ်ကား ၂ စီး ဖျက်ဆီးခံရခြင်း တို့ကြောင့် ထိုအကြမ်းဖက်သမား ၁၀ ဦးကို ရဲစခန်းသို့ လွှဲပြောင်းပေးရန် အခြေအနေ မပေးခဲ့ဘဲ သတ်ပစ်ရန် ဆုံးဖြတ်လိုက်ရသည် ဟုလည်း တပ်မတော်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

တပ်မတော်၏ ကြေညာချက်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ၏ ပြောခွင့်ရသူ ဦးဇော်ဌေးကို မေးမြန်းသောအခါ မြန်မာနိုင်ငံသည် တရားဥပဒေ စိုးမိုးရေးကို အလေးထားကြောင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များကို အလေးအနက် ထားကြောင်း ပြောသည်။

“နိုင်ငံတကာ အသိုင်းအဝန်းရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု စွပ်စွဲချက်တွေကို အစိုးရက လုံးဝငြင်းနေတာ မဟုတ်ဘူး။ စုံစမ်းစစ်ဆေးပြီး ဥပဒေအရ အရေးယူလို့ ရအောင် ကျနော်တို့ ခိုင်မာပြီး ယုံကြည်လက်ခံနိုင်လောက်တဲ့ အထောက်အထား လိုတယ်” ဟုလည်း ၎င်းက ပြောသည်။

ထိုသို့ ဝန်ခံခြင်းသည် လူမျိုးစု သုတ်သင်ရှင်းလင်းသည် ဟူသော လူ့အခွင့်အရေး အဖွဲ့များနှင့် ကုလသမဂ္ဂတို့၏ စွပ်စွဲချက်များ မှန်ကန်ကြောင်း သက်သေပြခြင်း ဖြစ်သည် ဟု အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (IOC) ၏ လွတ်လပ်သော အမြဲတမ်း လူ့အခွင့်အရေး ကော်မရှင်က ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှ အကြမ်းဖက်မှုများတွင် တာဝန်ရှိသူများကို အရေးယူရန် ယုံကြည်လက်ခံနိုင်သော အသေးစိတ် စုံစမ်းစစ်ဆေးရန် အလျင်အမြန် လိုအပ်ကြောင်း အင်းဒင်ကျေးရွာမှ သတ်ဖြတ်မှုက ပြသနေသည်ဟု ဥရောပသမဂ္ဂနှင့် နော်ဝေးနိုင်ငံတို့က ကြေညာချက်တခုတွင် ပြောသည်။

မြန်မာ လက်နက်ကိုင် တပ်ဖွဲ့များသည် နိုင်ငံ၏ များပြားလှစွာသော လူမျိုးစု ပဋိပက္ခ များတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်သည် ဟု လူ့အခွင့်အရေး အဖွဲ့များနှင့် အနောက်နိုင်ငံအစိုးရများ၏ စွပ်စွဲခံနေရသည်မှာ ဆယ်စုနှစ် များစွာ ကြာပြီ ဖြစ်သော်လည်း တပ်ဖွဲ့ဝင်များကို အရေးယူခြင်းမှာ ရှာပါးလှသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ဆေးမေးမြန်းမှုများ အတွင်း စစ်သားများက ရွာသား ၅ ဦးကို သတ်ဖြတ်ခဲ့သည် ဟု ၂၀၁၆ ခုနှစ် ဇူလိုင်လက ထိပ်တန်း ဗိုလ်ချုပ်တဦးက ဝန်ခံခဲ့ခြင်းသည် ထိုစဉ်က ပထမဆုံးအကြိမ် ဖြစ်ခဲ့သည်။ စစ်သား ၇ ဦးကို ထိုသတ်ဖြတ်မှု အတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

(Reuters သတင်းတရပ်တွင် ဖော်ပြထားသည့် Myanmar Admission Soldiers Killed Rohingya ‘An Important Step’: US envoy ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading