ယခင်က တိုင်းပြည်နှင့် ပါတီရေးရာများကို ဦးဆောင် စီမံခန့်ခွဲ၍ ပါတီတွင်း အပြောင်းအလဲများကို ဦးဆောင်ခဲ့သူ အာဏာရ NLD ပါတီ ဗဟို အလုပ်မှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးဝင်းထိန်ဟာ ဒီတခေါက် အစိုးရအဖွဲ့အတွင်း အပြောင်းအလဲတွေကို တာဝန်ခံ ဖြေကြားနိုင် ခြင်း မရှိသလို ပြောရေးဆိုခွင့်လည်း နည်းပါးသွားလို့ သူ့လုပ်ပိုင်ခွင့် အာဏာ လျော့ကျလာပြီလားဆိုတဲ့ သုံးသပ်မှုတွေ ရှိပါတယ်။
ဒီတခေါက် ဧရာဝတီ ဝန်ကြီးချုပ် မန်းဂျော်နီ အနားပေးတာ၊ ကျန်တဲ့ ဧရာဝတီ၊ ပဲခူးနဲ့ မကွေး ဝန်ကြီးတွေ အနားပေးတွေကို အခြား ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးဉာဏ်ဝင်းနဲ့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ မုံရွာအောင်ရှင်တို့က ဦးဆောင်ပြောဆိုခဲ့တာကြောင့်ပါ။
ဒီနေ့မှာလည်း သူနေထိုင်ရာ နေပြည်တော် စည်ပင် ဧည့်ရိပ်သာ တံခါးကို သော့ခတ်ထားသလို သူ့မိသားစုဝင်တချို့ ရှိရာ သြစတြေးလျနိုင်ငံသို့ သွားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ကာယကံရှင် ဖြစ်သူ ဦးဝင်းထိန်က ဒီသတင်းတွေ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။ ဒါပေမယ့် သူ့နဲ့ တွေ့ဆုံခွင့်တော့ မပေးခဲ့ပါဘူး။
NLD ပါတီ အသိုင်းအဝိုင်းကတော့ သြစတြေးလျကို တလခန့် သွားအနားယူမှာ ဖြစ်တယ်လို့ ပြောဆို နေပါတယ်။ ဦးဝင်းထိန်ဟာ သြစတြေးလျနိုင်ငံကို သွားရောက်ဖို့ ဗီဇာရရှိထားပြီး လာမယ့် ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ရှိတယ်လို့ ဆိုပါတယ်။
မနေ့ကည နေပြည်တော်က မထွက်ခွာခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းတို့ကိုလည်း နုတ်ဆက်သွားတယ်လို့ သိရပါတယ်။
ဦးဝင်းထိန်ရဲ့ ဇနီးဖြစ်သူဟာလည်း ဒီနေ့ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်က ကျိုက်ကလော့မှာ သီလရှင်ဘဝကို ကူးပြောင်းခဲ့ပြီး အလှူဒါနတွေ ပြုလုပ်ခဲ့ပါတယ်။
ဒီလို ဖြစ်လာတာတွေဟာ အရင် တပ်မတော်၊ သတင်းထောက်တွေနဲ့ ဆက်ဆံရေး မပြေပြစ်ခဲ့လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာသာပေးမှု ကျဆင်းလာရာက အခု မကြာသေးခင်က ကျင်းပသွားတဲ့ သား မင်္ဂလာဆောင်က နောက်ဆုံးပိတ် အိတ်နဲ့ လွယ်ဆိုသလို ဖြစ်သွားပုံ ရပါတယ်။
ကိုယ်တိုင် အေးအေးဆေးဆေး နိုင်ငံရေးကနေ နောက်ဆုတ်သွားတာ ဖြစ်နိုင်သလို NLD ပါတီတွင်းမှာ ဦးဝင်းထိန် သြဇာအာဏာ လျော့ကျသွားဖွယ် ရှိတယ်လို့ နာမည်မဖော်လိုတဲ့ ရန်ကုန်တိုင်း NLD ပါတီ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဦးဝင်းထိန်ဟာ ပါတီအတွက် သစ္စာရှိရှိ ရပ်တည်သူတဦး ဖြစ်ပေးမယ့် လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အာဏာရှင်ဆန်ဆန် ပါတီဝင်တချို့ကို CEC မတင်ဘဲ ထုတ်ပစ်ခဲ့တာ၊ CEC ဆုံးဖြတ်ချက်တချို့ကို နုတ်မိန့်နဲ့ ဖျက်ပစ်တာမျိုးတွေ ရှိခဲ့တာတွေကြောင့် ဦးဝင်းထိန်ကို ပါတီတွင်း ဝေဖန်မှုတွေလည်း ရှိပါတယ်။
အာဏာရလာပြီး ၂ နှစ်အတွင်း အပြောင်းအလဲကို မျှော်လင့်သလို မဖော်ဆောင်နိုင်တာနဲ့ ကြားဖြတ် ရွေးကောက်ပွဲ အောင်နိုင်မှု အကြီးအကျယ် ကျဆင်းသွားမှုကနေ ပါတီနဲ့ အစိုးရရဲ့ ပုံရိပ်ကို ပြန်လည်ဆယ်ယူရာမှာ တာဝန်ခံ အများအပြားကို ပြန်လည် ရွှေ့ပြောင်း နေရာချထားဖို့ရှိရာမှာ ဦးဝင်းထိန်က ဥပမာတခုလို့ တချို့ လေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ NLD ပါတီမှာ အရေးကြီးဆုံးအလုပ်က လူပြောင်းဖို့ထက် မူပြောင်းဖို့ လိုတယ်လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ ပါတီကို အင်တိုက်အားတိုက် တည်ဆောက်ဖို့ လိုပြီး ပါတီခေါင်းဆောင်ပိုင်း၊ ဒုတိယ ခေါင်းဆောင်ပိုင်းတွေကို အဆင့်ဆင့် စနစ်တကျ တည်ဆောက်ဖို့၊ ပြီးတော့ ၂၀၁၈ ခုနှစ်ဟာ NLD ပါတီရဲ့ ညီလာခံ ၅ နှစ် ပြည့်နှစ် ဖြစ်တဲ့အတွက် ဒီနှစ်မှာလည်း ပါတီညီလာခံ မဖြစ်မနေလုပ်ဖို့ လိုအပ်တယ်လို့ ထောက်ပြပါတယ်။
“ပါတီစည်းမျဉ်းကို စနစ်တကျ ပြင်ဆင်ရေးဆွဲနိုင်ဖို့ လိုအပ်တယ်။ ပါတီရဲ့ ခေါင်းဆောင်မှု အဆင့်ဆင့်ကို ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်တင်မြောက်ပြီးတော့ တာဝန်ပေးနိုင်ဖို့ လိုအပ်တယ်။ အဲဒါမှသာလျှင် ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီတဲ့ ခေါင်းဆောင်မှုတရပ်ကို တည်ဆောက်နိုင်မယ်။ ဒီမိုကရေစီစနစ်နဲ့ ဦးဆောင်သူတွေသာလျှင် ပါတီကို လမ်းမှန်ပေါ်ရောက်အောင် ဖော်ဆောင်ပေးနိုင်မယ်”လို့ သူက ဆိုပါတယ်။