သတင်း

ဧရာဝတီတိုင်းကို ဆုတ်ယုတ်အောင်မလုပ်ခဲ့ကြောင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီပြောဆို

Want create site? Find Free WordPress Themes and plugins.

မိမိအနေဖြင့် ကျန်းမာရေးမကောင်းသည့်အတွက် ရာထူးမှ နှုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ဧရာဝတီတိုင်းဒေသကြီးကို တိုးတက်အောင်သာ ဆောင်ရွက်ခဲ့ပြီး ဆုတ်ယုတ်အောင် မလုပ်ဆောင်ခဲ့ကြောင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီက ပြောဆိုလိုက်သည်။

“ဧရာဝတီတိုင်းကို အနုတ်ဖြစ်အောင် ကျနော်မလုပ်ခဲ့ဘူး။ အပေါင်းအားပဲဖြစ်အောင် ကြိုးစားနေတယ်။ ဒါပေမယ့် ကိုယ့်ရဲကျန်းမာရေးအရ အင်တိုက်အားတိုက် အလုပ်မလုပ်နိုင်တဲ့အတွက် ပြည်သူအတွက် တာဝန်ထမ်းမှု မကျေပွန်မှာစိုးလို့ အနားယူခွင့်တောင်းလိုက်တာပါ။ ကိုယ်တိုင်တောင်းခံခဲ့တဲ့အတွက် သမ္မတက အနားယူခွင့်ပေးခဲ့ပါတယ်”ဟု ယနေ့ ညနေပိုင်းက ဝန်ကြီးချုပ်ရုံးခန်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီက ပြောဆိုခဲ့သည်။

မိမိခန္ဓာကိုယ်တွင် ဘောလုံးကန်စဉ်က ဘယ်ဘက်ညှပ်ရိုးကျိုးသည့်ဒဏ်ရာ၊ ညောင်တုန်းတွင် ယာဉ်တိုက်မှု ဖြစ်ခဲ့သည့်အတွက် ဇက်ကျောဒဏ်ရာများ ရရှိထားပြီး မျက်စိမှာလည်း တိမ်စွဲသည့်အတွက် ခွဲစိတ် ထားကြောင်း၊ မကြာခဏ နှာခေါင်းသွေးလျှံခြင်းလည်း ခံစားနေရပြီး လတ်တလောတွင် အူရောင်ငန်းဖျားရောဂါ ခံစားနေရသဖြင့် အဆိုပါကျန်းမာရေးချို့ယွင်းမှုများအရ ရာထူးမှ နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု မန်းဂျော်နီက ပြောသည်။

ဝန်ကြီးချုပ် မန်းဂျော်နီမှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကျုံပျော်မြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်တွင် အနိုင်ရခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသူ ဖြစ်သည်။ မန်းဂျော်နီမှာ ဝန်ကြီးချုပ်အဖြစ် ၂၀၁၆ ခုနှစ် ဧပြီလက စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က နှုတ်ထွက်ခွင့်ပေးခဲ့သည့်အတွက် ဧရာဝတီတိုင်းဝန်ကြီးချုပ်အဖြစ် ၂၁ လ ကြာ တာဝန်ထမ်းဆောင်ပြီး နှုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်းဝန်ကြီးချုပ် ထမ်းဆောင်စဉ်ကာလအတွင်း လယ်ယာမြေအမှုပေါင်း ၃၂၅ မှုအနက် ၁၃၆ မှု ဖြေရှင်းပေးနိုင်ခဲ့ပြီး သိမ်းဆည်းခံလယ်ဧက ၁ သောင်းကျော်ကို လယ်သမားများထံ ပြန်လည်ပေးအပ် နိုင်ခဲ့ကြောင်း၊ ဖျာပုံရေပေးဝေရေး၊ ပုသိမ်မြို့ရေပေးဝေရေး စီမံကိန်းများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် စီမံကိန်းများ အခြေတည်ပေးနိုင်ခဲ့ကြောင်း မန်းဂျော်နီက ပြောသည်။

“လယ်ယာမြေပြဿနာတွေ ဖြေရှင်းတဲ့နေရာမှာ တော်တော်လေး အကျပ်အတည်းနဲ့ သွားနေရတယ်။ ကျနော်တို့ ရိုးရိုးသားသားနဲ့ လုပ်နေပေမယ့် ပြည်သူက မြန်မြန်လိုချင်တယ်။ ကျနော်တို့က မြန်မြန်ဆန်ဆန် လုပ်လို့မရဘူး။ …ကျနော်တို့ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ လုပ်နေတာပါပဲ။ ၂ နှစ်မပြည့်သေးတဲ့ အနေ အထားတခုမှာ အဲ့သလောက်ပဲ ရမယ်လို့ ထင်ပါတယ်”ဟု မန်းဂျော်နီက ပြောသည်။

ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ်အတွင်း ၎င်းအားအမှီပြု၍ ဆွေမျိုးများ လာဘ်စားသည်ဆိုပါက နာမည် ဖော်ထုတ်ပြောဆိုရန်နှင့် ချက်ခြင်း ဖမ်းချုပ်ကာ အရေးယူသွားမည်ဟု ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီက ပြောဆိုသည်။

“ကျနော့်မိသားစုအသိုင်းအဝိုင်းမှာ အဲ့လိုလုပ်တဲ့လူရှိရင် ချက်ခြင်းပြောပါ။ ကျနော်အခုသွားဖမ်းပြီး အခု ထောင်ထဲထည့်မယ်။ ကျနော့်ဆီမှာ အဲ့သလောက်အထိ လုပ်ငန်းလုပ်နိုင်တဲ့ စီးပွားရေးသမား မရှိဘူး”ဟု သူက ပြောသည်။

ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ခဲ့သော်လည်း မန်းဂျော်နီမှာ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖြစ် ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကာ ၎င်း၏မဲဆန္ဒနယ်ဖြစ်သည့် ကျုံပျော်မြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်ဆောင်ရွက်ကာ ဧရာဝတီတိုင်း လွှတ်တော် တက်ရောက်သွားမည် ဖြစ်ကြောင်း သိရသည်။

“တချို့ကမေးတယ်။ မန်းကြီး လွှတ်တော်တက်ရဲသေးလားတဲ့။ တက်မှာပေါ့။ ဘာလို့ မတက်ရဲစရာ ရှိသလဲ။ ၁၉၉၀ ခုနှစ်အမတ်ဖြစ်တုန်းက ဘာမှပြောခွင့်မရှိခဲ့ဘူး။ အခု ပြောခွင့်ရှိပြီ။ လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ကောင်းကောင်းပြောမှာ။ ပြီးတော့ လိုအပ်လို့ ခေါ်ရင် အကူအညီတောင်းလာခဲ့မယ်ဆိုရင်လည်း ဝိုင်းဝန်း ကူညီပေးဖို့ အဆင်သင့်ပါပဲ”ဟု မန်းဂျော်နီက ပြောသည်။

ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီမှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ကျုံပျော်မြို့နယ်၌ အနိုင်ရပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဖြစ်ခဲ့သလို ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် အနိုင်ရကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ကျုံပျော်မြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် အနိုင်ရခဲ့သည့်အတွက် ရွေးကောက်ပွဲ ၃ ခုဆက် အနိုင်ရခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်တဦးလည်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading