ရှမ်းနှင့် ရခိုင်ပြည်နယ်တို့တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်မှသာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစုပင်လုံ အစည်းအဝေး တတိယအကြိမ်ကို ဆက်လက်ပြုလုပ်မည်ဟု အပစ်ရပ် ၈ ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ပြောဆိုလိုက်သည်။
PPST က အထက်ပါ ဆုံးဖြတ်ချက်ကို ဇန်နဝါရီလ ၁၁ ရက်မှ ၁၂ ရက်ထိ ချင်းမိုင်မြို့၌ ပြုလုပ်ခဲ့သည့် အရေးပေါ် အစည်းအဝေးအပြီးတွင် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
PPST သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုစာချုပ် (NCA) လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့မှ ခေါင်းဆောင်များ စုဖွဲ့ထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ဖြစ်သည်။
PPSTအဖွဲ့ဝင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက “ကျနော်တို့ ဆုံးဖြတ်ချက်က ပြတ်ပြတ်သားသားရှိတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ဆက်လက်ကျင်းပဖို့အတွက် ဆောင်ရွက်မယ်။ သို့သော်လည်း ကြားထဲမှာ ဆောင်ရွက်ရမယ့် ကိစ္စတွေ အားလုံးပြီးမှ ကျနော်တို့ ကျင်းပနိုင်မှာ ဖြစ်တယ်။ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ ရှမ်းပြည်နယ်မှာ လုပ်လို့မရ၊ ရခိုင်မှာလည်း လူထုတွေ့ဆုံဆွေးနွေးပွဲလုပ်လို့ မရဘူးဆိုရင် ဒါက ကျနော်တို့ ဆက်လက် ဆောင်ရွက်ဖို့ အခက်အခဲရှိမှာပဲ”ဟု ဆိုသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို ယခု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကျင်းပရန် အပစ်ရပ် ၈ ဖွဲ့နှင့် အစိုးရအကြား သဘောတူထားခြင်း ဖြစ်ပြီး PPST ဘက်မှ ပြောဆိုသည်များ မပြေလည်ပါက ၂၁ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို ရွှေ့ဆိုင်းမည်ဟု သိရသည်။
ပဒိုစောကွယ်ထူးဝင်းက “ ဒီအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲက စုံညီကျနော်တို့ လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့ တောင်မှ မူဝါဒသဘောထား အဆိုပြုခွင့်တွေကို မတင်ပြနိုင်ဘူးဆိုရင် လာမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံက အောင်မြင်တဲ့ ညီလာခံ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တဲ့ အနေအထားမရှိလို့ ဒါကို ကျနော်တို့ ကျော်လွှားနိုင်ဖို့ အစိုးရနဲ့ ဆက်လက် ညှိနှိုင်းနိုင်ဖို့ ကျနော်တို့ သဘောတူကြတာပါ”ဟု ပြောသည်။
NCA နှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အရ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များသည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ရာစုပင်လုံ တခုနှင့် တခုအကြားတွင် ၎င်းတို့၏ သက်ဆိုင်ရာ ပြည်နယ်၌ လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပနိုင်သည်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် အနိုင်ရပါတီကိုယ်စားလှယ်များ၊ အစိုးရ၊ တပ်မတော်၊ လွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ ပြည်သူလူထုကိုယ်စားလှယ်များနှင့် ဆွေးနွေးကာ ရရှိလာသည့် စာတမ်းများကို ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံတွင် ဆွေးနွေးရန် ပေးပို့သွားရမည် ဖြစ်သည်။
သို့သော် NCA ရေးထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကို အစိုးရက ရခိုင်ပြည်နယ်သည် ထိလွယ်ရှ လွယ်ဒေသများ ရှိနေသည်ဟုဆိုကာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် ခွင့်မပြုသေးဘဲ လူထုနှင့် တွေ့ဆုံမှုများ ပြုလုပ်သည်ကိုလည်း လက်ခံခြင်းမရှိပါ။
NCA ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ /ရှမ်းပြည်တောင်ပိုင်းတပ်မတော် (RCSS/SSA) သည်လည်း ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနှင့် ဆွေးနွေးပွဲ အကြို လူထုတွေ့ဆုံပွဲ များကို ပြုလုပ်ရန် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီမှုစာချုပ် အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ် အဖွဲ့ (JICM) မှ သဘောတူ ထားသာ်လည်း လက်တွေ့၌ ဆွေးနွေးပွဲအကြို လူထုုတွေ့ဆုံပွဲများ ပြုလုပ်ရာတွင် တပ်မတော်က လိုက်လံတားဆီးခဲ့သဖြင့် ဆွေးနွေးပွဲများ ပျက်ခဲ့ရသည်။
တားဆီးခံရခြင်းများနှင့် ပတ်သတ်၍ RCSS က နိုင်ငံတော်အတိုင်ပင်ခံနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ကို စာပို့ကာ ညှိနှိုင်းပေးရန် ပြောဆိုသော်လည်း ပြန်ကြားစာမရခဲ့ဘဲ လူထု သဘောထားများ ရယူနိုင်ခြင်းမရှိသဖြင့် RCSS ကလည်း ဇန်နဝါရီလအတွင်း ပြုလုပ်မည့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ယာယီရွှေ့ ဆိုင်းကြောင်း ဇန်နဝါရီလက ကြေငြာထားသည်။
ပဒိုစောကွယ်ထူးဝင်းက “ငြိမ်းချမ်းရေးအဆင့်မှာပါတဲ့ အထူးသဖြင် ဦးဆောင်တဲ့ တပ်မတော်ဆိုင်ရာ အကြီးအကဲနဲ့ နောက်ပြီးတော့ နိုင်ငံတော်မှာ ဦးဆောင်တဲ့ နိုင်ငံတော်အတိုင်ပင်ခံနဲ့ တွေ့ဖို့ အတွက်တော့ ကျနော်တို့ သဘောထား ရှိပါတယ်။ ဆိုလိုတာက ကျနော်တို့ ဒီဥစ္စာကို ကျော်လွှားနိုင်ဖို့အတွက် အစိုးရနဲ့ တပ်မတော် နှစ်ဘက်စလုံးက သဘော တူညီမှု ရှိဖို့ လိုအပ်တဲ့အတွက်ကြောင့် ကျနော်တို့ တွေ့ဖို့ သဘောတူထားတယ်။ တွေ့ဖို့လည်း ကျနော်တို့ ကြိုးစားမယ်”ဟု ပြောသည်။
PPST အရေးပေါ်အစည်းအဝေးအပြီး ထုတ်ပြန်ကြေငြာချက်တွင် NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ် အရ ဆောင်ရွက်ရမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် လူထု တွေ့ဆုံဆွေးနွေးပွဲများအပေါ် လျစ်လျူရှုခြင်းနှင့် ကန့်သတ်ပိတ်ပင်ခြင်းများရှိနေသဖြင့် နိုင်ငံတော်တာဝန်ရှိသူများနှင့် ညှိနှိုင်းကာ အဖြေရှာ မည်ဟု ရေးသား ထားသည်။
လက်ရှိတွင် NCA ကို အကောင်အထည်ဖော်ရာ အခက်အခဲများ ရှိနေသဖြင့် NCA စာချုပ် ချုပ်ဆိုရခြင်း၏ ရည်ရွယ်ချက်များ အောင်မြင်စေရန် နားလည်မှု ကွဲလွဲချက်များအပေါ်လည်း အစိုးရနှင့် ညှိနှိုင်း သွားမည် ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ALP မှ ဒေါ်စောမြရာဇာလင်းကလည်း NCA ကို ရေးထိုးထားသည်မှာ ၈ ဖွဲ့ဖြစ်ပြီး ထိုအဖွဲ့များအနက် အချို့ အဖွဲ့များမှာ လူထု နှင့် တွေ့ဆုံခွင့်များရသလို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကိုလည်း လုပ်ခွင့်ရကြောင်း၊ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေးလမ်းပြမြေပုံ အဆင့် ၃ တွင် လက်မှတ်ထိုးထားသည့် အဖွဲ့အားလုံး ဆွေးနွေးပွဲများ ပြုလုပ်ရမည်ဟူသည့် မူပါသဖြင့် မူအတိုင်း ဖော်ဆောင်သင့်ကြောင်း၊ ယခုအခါ မူအရ မဟုတ်ဘဲ လူ၏ ဆန္ဒအရလုပ်ဆောင် နေခြင်း ဖြစ်သည်ဟု ပြော သည်။
ဆက်လက်၍ ဒေါ်စောမြရာဇာလင်းက “အစိုးရတရပ်သည် ခွဲခြားဆက်ဆံမှုမျိုး လုပ်လို့မရဘူး။ လျစ်လျူရှုလို့ မရဘူး။ ဘယ်အဖွဲ့ကတော့သာစေ ၊ ဘယ်အဖွဲ့ကတော့ နာစေ။ ဘယ်သူကတော့ အဖွဲ့ကြီးမို့လို့ ဘယ်သူကတော့ အဖွဲ့ငယ်မို့လို့ ပြောလို့ မရဘူး။ ဒါ NCA စာချုပ်ကို ကျမတို့ ၈ဖွဲ့ အတူတူ လက်မှတ်ထိုးထားတာပဲ ဒီသဘောတရား အပေါ်မှာတော့ ညီမျှဖို့ လိုတယ်”ဟု ပြောသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း တပ်မတော်ဘက်မှ လုံခြုံရေးကဏ္ဍကို ဆွေးနွေးရန် ပြောဆိုခဲ့သည့် အချိန်များတွင်လည်း တိုင်းရင်းသားများအဖွဲ့များဘက်မှ ငြင်းဆိုခဲ့ခြင် းမရှိကြောင်း၊ လုံခြုံရေးကဏ္ဍတွင် တပ်မတော်ဘက်မှ အဆိုပြုသည့် လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေး (DDR )နှင့် တိုင်းရင်းသားများဘက်မှ အဆိုပြု သည့် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး (SSR) ကိုလည်း ပူးတွဲ DDR/SSR ဟု ထည့်သွင်းခဲ့ကြောင်း၊ ယခုအခါလည်း NCA လုပ်ငန်းစဉ်များကို စိတ်စေတနာ ကောင်းမွန်စွာဖြင့် အကောင်အထည်ဖော်သင့်သည်ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။
PPST အဖွဲ့ဝင်များသည် NCA လမ်းကြောင်းအရ သွားနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အခက်အခဲကြုံနေရ သည်များကို ဆွေးနွေးရန် နိုင်ငံတော်အတိုင်ပင်ခံ၊ တပ်မတော်အကြီးအကဲများ ဖြင့် တွေ့ဆုံဆွေးနွေးနိုင်ရန် ဆောင်ရွက် သွားမည်ဟုလည်း ပြောသည်။
ပြီးခဲ့သည့် သောကြာနေ့ မနက်ပိုင်းကလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က ပဲခူးတိုင်းအတွင်း လူထုနှင့် တွေ့ဆုံပွဲ ပြုလုပ်ရာ တပ်မတော်က တားမြစ်ခဲ့သည်။
ယခုဇန်နဝါရီလအတွင်း KNU ၏ စစ်ရေး လက်တံဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ကိုလည်း တပ်မတော်နှင့် လုံခြုံရေးကဏ္ဍကို အလွတ်သဘောဆွေးနွေးရာတွင် ၎င်းတို့အား နိုင်ငံရေး မဆွေးနွေးပေးဘဲ လက်နက် ဖြုတ်သိမ်းကာ အရပ်သားအနေဖြင့်နေစေလိုသည့် ပြောဆိုမှုများရှိသဖြင့် ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို တက်မည်မဟုတ်ကြောင်း ဧရာဝတီကို သဘောထား ထုတ်ဖော် ပြောဆိုထားသည်။
ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်ဆွေးနွေးပွဲအကြိုလူထုတွေ့ဆုံမှုများ ပြုလုပ်ရန် တားမြစ်ခံရသည့် RCSS ကလည်း ယခုလပိုင်းအတွင်း တပ်မတော်က ၎င်းတို့ အပေါ် သဘောထား အင်မတန် တင်းမာနေပြီး မြေပြင်တွင်လည်း စစ်ရေး တင်းမာလာသည့် အနေအထားများ ရှိသည်ဟု ဧရာဝတီကို ပြောဆိုထားသည်။
PPST အဖွဲ့ဝင်များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး KNU၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS ၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့သည် ၂၀၁၅ ခုနှစ်၊ အောက်တို ဘာလ ၁၅ ရက်တွင် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ် ၊ လွှတ်တော်ဥက္ကဌတို့ဖြင့် NCA စာချုပ် ရေးထိုးထားသည်။
KNU၊ KNU/KNLA(PC) ၊ DKBA ၊ CNF နှင့် PNLO တို့သည် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပထားပြီး ဖြစ်သည်။