နိုင်ငံတော်သမ္မတရုံးမှ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်အသစ် အမည်စာရင်း
ပေးပို့လာခြင်း မရှိသေးသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးကို လာမည့်ဇန်နဝါရီလ ၁၈ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်သည်။
လွှတ်တော်အထူးအစည်းအဝေး ၁/၂၀၁၈ ကျင်းပရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ အားလုံး လွှတ်တော်ခန်းမအတွင်း နေရာယူပြီးသည့်အချိန်အထိ ဝန်ကြီးချုပ်အမည်စာရင်း ရောက်မလာသည့် အတွက် ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်မှ အစည်းအဝေးကို နောက်ဆုတ်ခဲ့ခြင်း ဖြစ်သည်။
“သမ္မတရုံးက ဝန်ကြီးချုပ်သစ်အမည်စာရင်း ပေးပို့လာခြင်း မရှိသေးတဲ့အတွက် လွှတ်တော် အထူး အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။ ပထမတော့ ဒီရက်ကို စာရောက်မယ် ထင်လို့ မှန်းလုပ်ခဲ့တာပါ။ အခု စာရောက်မလာတဲ့အတွက် ဇန်နဝါရီ ၁၈ ရက်ကို ရွှေ့ဆိုင်းလိုက်တာပါ”ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ကျန်းမာရေးမကောင်းဟု အကြောင်းပြချက်ဖြင့် ဇန်နဝါရီလ၉ရက်ကစတင်၍ ရာထူးမှ နုတ်ထွက် သွားသည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီနေရာကို ဆက်ခံမည့် ဝန်ကြီးချုပ်သစ်နေရာအတွက် လက်ရှိလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးနှင့် ဝါးခယ်မမြို့နယ် အမှတ် – ၂ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းတို့ ရေပန်းစားနေကြောင်း ပါတီတွင်းသတင်းရင်းမြစ် များက ပြောသည်။
“အခုလို လွှတ်တော်အထူးအစည်းအဝေး ရက်ရွှေ့ဆိုင်းလိုက်တဲ့အတွက် အစကတည်းက ဒီကနေ့ နာမည်စာရင်းကြေညာဖို့ ရှိနေတဲ့လူတယောက်ကို ပြန်ပြောင်းလိုက်တာလားဆိုပြီး ပြည်သူတွေက ပိုစိုးရိမ်သွားကြတယ်။ ကျမတို့ အနေနဲ့ကတော့ ဝန်ကြီးချုပ်ခန့်ဖို့အတွက် အချိန်ယူပြီးဆွေးနွေးတယ် ဆိုရင်လည်း ဧရာဝတီတိုင်းအတွက် ပါးနပ်လိမ္မာထက်မြက်တဲ့ အဂတိလိုက်စာမှုကင်းရှင်းတဲ့လူရွေး ချယ် ခန့်အပ်ပေးစေချင်ပါတယ်”ဟု လွှတ်တော်သို့ တက်ရောက်လေ့လာခဲ့သူ ပဒုမ္မာလူမှုဘ၀ ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ ဦးဆောင်သူ ဒေါ်မြင့်မိုရ်တင့်က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး ၁/၂၀၁၈ ကို လာမည့် ဇန်နဝါရီလ ၁၈ ရက်နေ့ မနက် ၁၀ နာရီတွင် ထပ်မံကျင်းပသွားရန် ကြေညာထားပြီး အဆိုပါ အစည်းအဝေး တက်ရောက်နိုင်ရန် ဧရာဝတီတိုင်းလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များအား နေ့တွက် စရိတ်ပေးကာ စောင့်ဆိုင်းရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။