အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာ မကွယ်လွန်မီ သူ့အမှားတွေကို ခွင့်လွှတ်ဖို့အတွက် မိသားစုဝင်တွေကို မှာကြားခဲ့ကြောင်း တရားခံ ရှေ့နေ ဒေါ်နှင်းစုအောင်က ပြောသည်။
အိမ်အကူ မိန်းကလေး ၂ ဦးအား နှိပ်စက်မှုဖြင့် ထောင်ဒဏ် ၁၆ နှစ်နှင့် တလ ကျခံနေရသည့် အင်းဝအပ်ချုပ် ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာ (၅၉နှစ်) မှာ ဇန်နဝါရီလ ၁၃ ရက် ညပိုင်းက အင်းစိန် အကျဉ်းထောင်ဆေးရုံတွင် ကွယ်လွန်သွားကြောင်း သိရသည်။
ဒေါ်နှင်းစုအောင်က “သူက ရောဂါခံစားနေရချိန်မှာ စိတ်ဓာတ်တွေ ကျသွားတာလည်း ပါမှာပါ၊ သ ူမကွယ်လွန်ခင်ထဲက မိသားစုတွေအနေနဲ့ သူ အမှားတွေရှိခဲ့ရင် ခွင့်လွှတ်ဖို့လည်း ပြောခဲ့ပါသေးတယ်”ဟု ပြောသည်။
ဒေါ်တင်သူဇာအနေဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံး၏ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီးနောက် တလနီးပါး အကြာတွင် ထောင်တွင်း၌ ကွယ်လွန်ခဲ့ကာ ဇန်နဝါရီ ၁၄ ရက် နေ့လည်ပိုင်းက ရေဝေးသုဿန်တွင် အစ္စလာမ်ဘာသာ ထုံးတမ်းဓလေ့အတိုင်း မြေမြုပ်သင်္ဂြိုဟ်ခဲ့သည်။
ဒေါ်တင်သူဇာ သေဆုံးသွားသည့်အတွက် ကျန်ရှိနေသေးသည့် ထောင်ဒဏ်များအား လွှတ်ဝရမ်းပေးလိုက်ကြောင်း ဒေါ်နှင်းစုအောင်ထံမှ သိရသည်။
အကျဉ်းသား သေဆုံးသောအခါ ကျန်ရှိနေသည့် ထောင်ဒဏ်များကို ဝိဉာဉ်အား ဆက်လက်ချုပ်ထားခြင်း ကိစ္စရပ်နှင့် ပတ်သက်ပြီး မေးမြန်းရာတွင် “ဒါတွေက အရင်ခေတ်ကဟာတွေပါ။ အခုက ထောင်နဲ့မသက်ဆိုင်တော့ကြောင်း အမိန့်ထုတ်ပြန် ပေးလိုက်ပါတယ်” လို့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုးက ဧရာဝတီသို့ ပြောသည်။
ဒေါ်တင်သူဇာမှာ ဆီးချိုရောဂါအပြင် နောက်ဆက်တွဲရောဂါအချို့ကိုပါ ခံစားနေရသည့်အတွက် အင်းစိန် ထောင်တွင်းဆေးရုံနှင့် အင်းစိန်ပြည်သူ့ဆေးရုံတို့တွင်ပါ တက်ရောက်ဆေးဝါးကုသခွင့်ကို ပေးခဲ့ကြောင်း အင်းစိန်ထောင်ပိုင်ကြီး ဦးမျိုးဦးက ပြောသည်။
ဦးမျိုးဦးက “အပြင်ဆေးရုံမှာရော ထောင်ထဲက ဆေးရုံမှာလည်း ကုသခွင့်ပြုခဲ့ပါတယ်။ လစဉ်အထူးကုတွေ ထောင်ဆေးရုံကို လာပြီး ကုသဆေးစစ်တဲ့အခါမှာလည်း ခွင့်ပြုပေးပါတယ်၊ အခုကျန်တဲ့ သူ့မိသားစုဝင်တွေကတော့ ကျန်းမာရေး ကောင်းပါတယ်”ဟု ပြောသည်။
ဒေါ်တင်သူဇာ သေဆုံးမှုနှင့်ပတ်သက်ပြီး အင်းစိန်ထောင်တွင်းမှာပင် ရုပ်အလောင်းအား ထောင်အတူကျနေသည့် မိသားစုဝင်များက ကြည့်ရှုခွင့်ရခဲ့သော်လည်း မြေမြုပ်သဂြိၤုဟ်ရာသို့ လိုက်ပါပို့ဆောင်ခွင့် မရခဲ့ကြကြောင်း သိရသည်။
ရှေ့နေ ဒေါ်နှင်းစုအောင်က “သူတို့က ပြစ်ဒဏ်ကျခံနေသူတွေဆိုပေမယ့် သူ့တို့အမေရဲ့ နောက်ဆုံးခရီးကိုတော့ လိုက်ပို့ ခွင့်ပြုခဲ့သင့်ပါတယ်၊ သူတို့က လူသားတွေပဲဖြစ်လို့ မိခင်တယောက်ကို နောက်ဆုံးကန်တော့ခွင့် မရခဲ့တာ ဖြေသာမှာ မဟုတ်ပါဘူး။ ဘာသာရေးထုံးစံအရလည်း သားယောကျ်ားလေးက သေဆုံးသူကို လုပ်ကိုင်ပေးရမှာဖြစ်လို့ လာခွင့်မရတဲ့အတွက် အခက်အခဲလေးတွေ ရှိခဲ့ပါတယ်”ဟု ပြောသည်။
ဒေါ်တင်သူဇာ သေဆုံးခြင်းကြောင့် ထောင်ဒဏ်ကျခံနေရသည့် သမီး မစုမွန်လတ်မှာ ရုတ်တရက် သတိလစ် မေ့မြောသွားသည့်အတွက် ထောင်တွင်းဆေးရုံတွင် ကုသခဲ့ရကြောင်းသိရပြီး ကျန်းမာရေး အခြေအနေ အသေးစိတ်ကို မပြောနိုင်သေးကြောင်း ဒေါ်နှင်းစုအောင်က ပြောသည်။
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျောက်တံတားမြို့နယ်၊ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာ (၅၉)နှစ်အား ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံး၏ ရာဇဝတ်ကြီး အမှုအမှတ် (၁/ ၂၀၁၇)၊ ကလေး သူငယ်ဥပဒေပုဒ်မ ၆၆(ဃ)အမှု၊ ရာဇဝတ်ကြီးအမှု အမှတ်(၂/၂၀၁၇)၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၅/၃၄၁/ လူကုန်ကူးပုဒ်မ ၂၄ အမှုတို့ဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၆ နှစ် ၁ လ ချမှတ်ခဲ့ကာ ကျန်မိသားစုဝင်များဖြစ်သည့် ကိုတင်မင်းလတ်အား ထောင်ဒဏ် ၉ နှစ် တလ၊ ကိုရာဇာထွန်းအား ထောင်ဒဏ် ၁၃ နှစ် တလနှင့် မစုမွန်လတ်အား ထောင်ဒဏ် ၁၆ နှစ် တလ အသီးသီး ချမှတ် ထားသည်။
ထောင်ဒဏ်များ ချမှတ်ခံရခြင်းနှင့် ပတ်သက်ပြီး တိုင်းတရားလွှတ်တော်ထံသို့ အယူခံ တက်ရေးမှာ လတ်တလောတွင် မသေချာကြောင်း ရှေ့နေဖြစ်သူ ဒေါ်နှင်းစုအောင်က ပြောသည်။