သတင်း

ယခုလပိုင်းအတွင်း သောင်းနှင့်ချီ ကြံ့ခိုင်ရေးပါတီသို့ ဝင်ဟုဆို

Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရလုပ်စဉ်ကာလနှင့် ယခုလက်ရှိအခြေနေကို ပြည်သူများက သုံးသပ်မိလာသဖြင့် သောင်းနှင့်ချီသော ပြည်သူများသည် ယခုလပိုင်းအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ ဝင်ရောက်လာကြောင်း ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ဗဟို) အလုပ်အမှုဆောင်အဖွဲ့များ သွားရောက်ခဲ့ကြသော မိုးကုတ်၊ သပိတ်ကျင်းနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းများတွင် ကျေးရွာလုံးကျွတ် ပြည်သူများက ပါတီဝင်ခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ပါတီဝင်များနှင့် တွေ့ဆုံခဲ့ကြစဉ် “ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ဒီလပိုင်းအတွင်းမှာပဲ ပါတီဝင်အင်အား အသစ်တွေ သောင်းနဲ့ချီပြီးတော့ အသစ်ဝင်ရောက်လာပါတယ်”ဟု ဦးသန်းဌေးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထိုအပြင် “ဒီနေ့ပြည်သူလူထုဟာ သူတို့ခံစားနေရတဲ့ အထွေထွေ ကျပ်တည်းမှုတွေ၊ နောက်တခါ လုံခြုံမှု ကင်းမဲ့လာတာတွေ၊ နောက်တခါ အနိုင်ထက် ပြုခံရနေရတာတွေ စသည်အားဖြင့် မတူတဲ့ခေတ်နှစ်ခေတ်ကို နှိုင်းယှဉ်ကြည့်ပြီးတော့ ဒီကနေ့ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အားကိုးလာကြပြီး ယုံကြည်လာကြတယ်၊ ပါတီကို အင်နဲ့အားနဲ့ ဝင်ရောက်လာတာတွေရှိတယ်”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ကျိုက်မရောမြို့နယ်တွင် မဲဆန္ဒပေးနိုင်သူဦးရေ ၁၅၇၄၆၈ ဦးရှိခဲ့ရာ ယင်းမြို့နယ်ရှိ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဦးရေ ၃၃၀၄၃ ဦးရှိခဲ့ပြီး၊ လာမည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ပါတီဝင်အဟောင်းနှင့် အသစ်ဦးရေကို ငါးသောင်းပြည့်မီရန် စည်းရုံးလျှက်ရှိကြောင်း ပါတီ၏ ကျိုက်မရောမြို့နယ် ဥက္ကဋ္ဌ မင်းအောင်မွန်က ဆိုသည်။

ကြံ့ခိုင်ရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့သည် ဇန်နဝါရီလ ၁၆ ရက်နေ့တွင်လည်း ချောင်းဆုံမြို့နယ်ရှိ ပါတီဝင်များနှင့် တွေ့ဆုံမည်ဟု သတင်းရရှိသည်။

မွန်ပြည်နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အချိန်က ကျိုက်မရောမြို့နယ်ရှိ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ခုသာ အနိုင်ရခဲ့ပြီး၊ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ချောင်းဆုံမြို့နယ်တွင်း ထပ်မံ အနိုင်ရရှိထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading