အကြမ်းဖက်အဖွဲ့ အစ္စလာမစ်နိုင်ငံတော်(IS) အပါအဝင် ရာဇဝတ်မှု ကျူးလွန်သူများကို နိုင်ငံကူး လက်မှတ်အတုများ ပြုလုပ်ပေးနေတယ်လို့ ယူဆရတဲ့ ပါကစ္စတန် လူမျိုး မိုဟာမက် အစ္စဘဲလ် ဆိုသူ ကို ဘန်ကောက် မြို့မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အသက် ၅၁နှစ် အရွယ်ရှိ ပါကစ္စတန်လူမျိုး မိုဟာမက် အစ္စဘဲလ်ကို ဘန် ကောက်မြို့ Phasi Charoen ခရိုင်မှာ ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး၊ ၎င်းထံမှ အိန္ဒိယပတ်စ်ပို့ ၄အုပ်၊ စင်ကာပူ ပတ်စ်ပို့ ၃အုပ်တို့ ကို ဖမ်းမိသလို နေအိမ်အခန်းအတွင်းမှာ ပတ်စ်ပို့နှင့် စာရွက်စာတမ်း အတုများကို ဖမ်းဆီးရမိခဲ့ပါတယ်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလကလည်း နိုင်ငံကူးလက်မှတ် အတုပြုလုပ်ရာမှာ ဒေါက်တာလို့ လူသိများတဲ့ အီရန်နိုင်ငံသား ဟာမစ် ရီဇာ ဂျက်ဖရီကို ထိုင်းရဲတပ်ဖွဲ့က Chachoengsao ပြည်နယ်မှာ ဖမ်းဆီးခဲ့ရာ၊ ၎င်းတို့ပြုလုပ်တဲ့ ပတ်စ်ပို့တွေကို အရှေ့အလယ်ပိုင်းနိုင်ငံတွေက အကြမ်းဖက် ကွန်ရက် တခုနဲ့ ပတ်သက်တဲ့ လူတွေ ဥရောပနဲ့ သြစတြေးလျသို့ သွားရာမှာ သုံးတယ်လို့ သိရကြောင်း ထိုင်း လူဝင်မှု ကြီး ကြပ်ရေးက ဆိုပါတယ်။
ဒီတခါ ဖမ်းမိတဲ့ ပါကစ္စတန်နိုင်ငံသား မိုဟာမက် အစ္စဘဲလ်ဟာလည်း အလားတူပဲ အကြမ်းဖက် ကွန်ရက်နဲ့ ပတ်သက်နေပြီး၊ ရာဇဝတ်မှု ကျူးလွန်တဲ့ ပါကစ္စတန်လူမျိုး ပါဝင်ကာ IS အဖွဲ့ကို နိုင်ငံကူး လက်မှတ်အတုတွေ စာရွက်စာတမ်းအတုတွေ ထောက်ပံဖို့ ချိတ်ဆက်ထားတယ်လို့ ယူဆကြောင်း အမည်မဖော်တဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိကဆိုပါတယ်။
မိုဟာမက် အစ္စဘဲလ်ဟာ မလေး ရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်း စတဲ့နိုင်ငံတွေမှာ ရှိတဲ့ စစ်သွေးကြွ တွေ အရှေ့အလယ်ပိုင်းက IS အဖွဲ့ဆီကို သွားခွင့်ရအောင် ပတ်စ်ပို့အတုတွေကို ၂၀၁၆- ၂၀၁၇ အတွင်းမှာ ပြုလုပ်ပေးခဲ့သလားဆိုတာကို ထိုင်းအာဏာပိုင်တွေအနေနဲ့ မလေးရှားအာဏာပိုင်တွေရဲ့ အကူအညီယူကာ စုံစမ်းနေတယ်လို့လည်း သိရပါတယ်။
ထိုင်းအစိုးရအနေနဲ့ကတော့ IS အကြမ်းဖက်သမားတွေ နိုင်ငံအတွင်းမှာ မလှုပ်ရှားနိုင်အောင် အမြဲ လုပ်ဆောင်နေပြီး မနေ့ကလည်း စစ်တပ်၊ ရဲနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက အရာရှိများပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ပတ္တရားကမ်းခြေ အဓိက ကမ္ဘာ့လှည့်ခရီးသွားများ လာရောက်နေရာကို စစ်ဆေး ကာ တရားမဝင်လာရောက်သူ ၉ဦးကို ဖမ်းဆီးခဲ့တယ်လို့ Bangkok Post သတင်းကဆိုပါတယ်။