၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လစာ အသုံးစရိတ် အဖြစ် ကျပ်ဘီလီယံ ၁၃၀၀ ကျော်ကို ယနေ့ ကျင်းပသည့် ပြည်ထောင် စု လွှတ်တော် အစည်းအဝေးသို့ တင်ပြတောင်းခံလိုက်ပြီး ယင်းပမာဏသည် ပညာရေး၊ ကျန်းမာရေး အသုံးစရိတ် ၂ ခုပေါင်းထက် ပိုများလျက် ရှိသေးကြောင်း သိရသည်။
ကာကွယ်ရေး ဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ရသုံး ခန့်မှန်းခြေ ငွေစာရင်းမှာ သာမာန်ရငွေ ၃၁.၇၆၁ ဘီလီယံ ၊ သာမာန် အသုံးစရိတ် ၇၂၃.၁၀၇ ဘီလီယံ၊ ငွေလုံးငွေရင်း အသုံးစရိတ် ၆၁၁.၀၈၇ ဘီလီယံ၊ ရငွေ စုစုပေါင်း ၃၁.၇၆၁ ဘီလီယံနှင့် သုံးငွေ စုစုပေါင်း ၁၃၃၁.၁၉၄ ဘီလီယံ ဖြစ်ကြောင်း လက်ရှိ တပ်မတော်၏ အသုံးစရိတ်ကို ကာကွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က လွှတ်တော်သို့ လာရောက်တင်ပြသည်။
ဗိုလ်ချုပ်မြင့်နွယ်က “အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေး တာဝန် ထမ်းဆောင်နိုင်ရန် ရေးဆွဲ ထားသော လူ၊ လက်နက်၊ ပစ္စည်း ဖွဲ့စည်းပုံ၊ ပင်မ စီမံကိန်းကို နှစ်အလိုက် အကောင်အထည်ဖော်မည့် စီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော်လျက် ရှိပါကြောင်း တင်ပြအပ်ပါတယ်”ဟု လွှတ်တော်တွင် ပြောသည်။
ယခု ၆ လစာ အသုံးစရိတ်တွင် ကာကွယ်ရေး ဝန်ကြီးဌာန၏ ဘတ်ဂျက်စုစုပေါင်း၏ ၁၂.၅၆ ရာခိုင်နှုန်းရှိရာ ပညာရေး အသုံးစရိတ် ၇.၅၆ ရာခိုင်နှုန်း၊ ကျန်းမာရေးနဲ့ အားကစား ၃.၉၃ ရာခိုင်နှုန်း စုစုပေါင်း ၁၁.၄၆ ရာခိုင်နှုန်းထက် ပိုများနေသေးကြောင်း အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
လက်ရှိတွင် တပ်မတော် အင်အားမှာ ၅ သိန်းဝန်းကျင်ရှိရာ ဘတ်ဂျက်ကို ယခုလောက်မှ မတောင်းပါက ဘယ်လိုမှ အဆင်မပြေနိုင်ဟု ကြားသိရကြောင်း၊ NLD အစိုးရ၏ မူဝါဒများအရ ကျန်းမာရေး၊ ပညာရေးနှင့် ကာကွယ်ရေး အသုံးစရိတ်များကို မဖြတ်ဘဲ အကန့်အသတ် ဖြင့် တတ်နိုင်သရွေ့ ခွင့်ပြုပေးလျက်ရှိကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။
ဦးအောင်လှိုင်ဝင်းက“ကာကွယ်ရေး အသုံးစရိတ်က ကျန်းမာရေး၊ ပညာရေး ၂ ခုပေါင်း ဘတ်ဂျက်ထက် နည်းနည်းတော့ ပိုများနေ တုန်းပဲ။ အရင် အစိုးရလက် ထက်က သပိတ်မှောက် ကျောင်းသားတွေဆိုရင် ပညာရေးကို တိုင်းပြည်ဘတ်ဂျက်ရဲ့ ၂၀ ရာခိုင်နှုန်း ဆိုပြီး တောင်းဆိုခဲ့တယ်။ အခု အစိုးရလက်ထက်မှာလည်း ပညာရေး အသုံးစရိတ်က တိုးလာတယ် ထင်ရပေမယ့် အရင် သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဌာနကို ပညာရေးအောက် ထည့်ထားတော့ တိုးတယ်လို့ ပြောမရဘူး”ဟု ပြောသည်။
ကျန်းမာရေးအသုံးစရိတ်မှာ အနည်းငယ် တိုးလာသော်လည်း လုံလောက်သည်ဟု မပြောနိုင်ကြောင်း၊ ကျန်းမာရေး အသုံးစရိတ်မှာ တနှစ်လျှင် ဘီလီယံ ၁၀၀၀ ခန့် သုံးစွဲရမည် ဖြစ်သော်လည်း ယခု ၆ လအတွက် ဘီလီယံ ၄၀၀ ခန့် ပေးထားရာ မလောက်နိုင်ကြောင်း၊ အားကစား ဝန်ကြီးဌာနကိုလည်း ကျန်းမာရေး ဝန်ကြီးဌာနအောက်သို့ ပို့ထား၍ တိုးလာသည်ဟု မပြောနိုင်ကြောင်း ၎င်းက သုံးသပ်သည်။
တပ်မတော်၏ ဘတ်ဂျက်ကို အစိုးရ၏ မူဝါဒအရ စိစစ်ဖြတ်တောက်လေ့ မရှိကြောင်း၊ သို့သော် ၂၀၁၇-၁၈ ဖြည့်စွက် ဘတ်ဂျက် တောင်း ခံရာတွင် ပင်မဘတ်ဂျက်၏ ၁၀ ရာခိုင်နှုန်းသာ တောင်းခံရမည် ဖြစ်သော်လည်း ပိုမိုတောင်းခံလာသဖြင့် ကျပ်သန်းပေါင်း ၂၈၀ ခန့်ကို ဖြတ်တောက်ခဲ့ရကြောင်း တပ်မတော် ဘတ်ဂျက် စိစစ်ရာတွင် ပါဝင်ခဲ့သူ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြောသည်။
“တပ်မတော်ဘတ်ဂျက်ကို တခါမှကို မဖြတ်တောက်ခဲ့ဖူးဘူး။ အခုလည်း စိစစ်မှုတွေ လုပ်ရပေမယ့် ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းနဲ့ အညီ တင်ပြမှုတွေ လုပ်ထားပါတယ်။ မလိုအပ်ဘဲနဲ့ တောင်းတာတို့ ဘာတို့ ဆိုရင်တော့ ဖြတ်မှာပေါ့။ ကာကွယ်ရေး အသုံးစရိတ်ကိုလည်း အရင်တုန်းကလောက်အထိ မတင်တော့ဘူး။ အတတ်နိုင်ဆုံး သူတို့လည်း လျော့တင်ထားတာမျိုးတွေ လုပ်လာတယ်”ဟု ၎င်းက ပြောသည်။
တပ်မတော်၏ သာမန်အသုံးစရိတ်အနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ်တွင် ၆၀၉.၆၂၇ ဘီလီယံ၊ ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ်တွင် ၈၂၇.၁၄၉ ဘီလီယံနှင့် ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ် ဧပြီလမှ စက်တင်ဘာလအတွက် ၇၂၃. ၁၀၇ ဘီလီယံ တောင်းခံထားကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ငွေလုံးငွေရင်း အသုံးစရိတ်အနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ်တွင် ၁၆၈.၄၉၈ ဘီလီယံ၊ ၂၀၁၇-၂၀၁၈ ခုနှစ် ဘ ဏ္ဍာရေးနှစ် ပထမ ၆ လ ပတ်တွင် ၆၂၂.၄၄၀ ဘီလီယံနှင့် ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ် ဧပြီလမှ စက်တင်ဘာလအတွက် ၆၁၈.၀၁၇ ဘီလီယံ တောင်းခံထားသည်။
အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သည့် ခေတ်မီ မျိုးချစ် တပ်မတော် တည်ဆောက်ရန်၊ တို့တာဝန် အရေး ၃ ပါးကို ကာ ကွယ်စောင့်ရှောက်ရန်၊ နိုင်ငံတော် ပြည်သူ့စစ် မဟာဗျူဟာ ဖော်ဆောင်ရေးတွင် ပြည်သူတရပ်လုံးက တပ်မတော်ကို မဏ္ဍိုင်ပြု၍ နိုင်ငံတော် တည်ဆောက်ရေးနှင့် ကာကွယ်ရေး ကဏ္ဍများတွင် ပါဝင်ဆောင်ရွက်သွားစေရန် တပ်မတော် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များကို Standard Army၊ Standard Navy၊ Standard Air Force ဖြစ်လာစေရန်အတွက် နှစ်ရှည် စီမံကိန်းများကို ရေးဆွဲထားကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။