သတင်း

စိစစ်ပြီး ဒုက္ခသည် တထောင်ကျော် စာရင်း ဘင်္ဂလားဒေ့ရှ်ထံ မြန်မာပေးအပ်

ဒုက္ခသည် ပြန်လည်လက်ခံရေး ဟိန္ဒူ ၅၀၈ ဦးနှင့် စိစစ်ပြီး မွတ်စလင် ၇၅၀ ဦးတို့၏ အချက်အလက်များအား ဘင်္ဂလားဒေ့ရှ်အစိုးရထံသို့ နေပြည်တော်တွင် ပြုလုပ်သည့် နှစ်နိုင်ငံ အစည်းအဝေးအပြီးတွင် ပေးအပ်လိုက်ကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်လက်ခံရေး ပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ်အနေဖြင့် ဇန်နဝါရီ ၁၅ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီးနောက် ဇန်နဝါရီ ၁၆ ရက်နေ့တွင် နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံသဘောတူညီမှုအရ ဒုက္ခသည်လက်ခံရေး ဇန်နဝါရီ ၂၃ ရက်နေ့တွင် စတင်မည်ဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ်အနေဖြင့် ပြန်လာလိုသူ ဒုက္ခသည်များ၏ အချက်အလက်များ မြန်မာဘက်သို့ ပြန်လည်ပေးပို့ထားခြင်း မရှိသေးကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဇန်နဝါရီ ၁၄ ရက်တွင် ပြောထားသည်။

သဘောတူညီချက်အရ ကုန်းလမ်းမှ ပြန်လာသူများအား တောင်ပြိုလက်ဝဲ ယာယီလက်ခံရေး စခန်းတွင် လည်းကောင်း၊ ရေလမ်းမှ ပြန်လာသူများအား ငါးခူရ ယာယီလက်ခံရေး စခန်းတွင် လည်းကောင်း၊ ကြားစခန်းအနေဖြင့် လှဖိုးခေါင်စခန်းအား မြန်မာဘက်မှ ပြင်ဆင်ဆောင်ရွက်သွားမည် ဖြစ်ပြီး စိစစ်လက်ခံမှုအား တပတ်လျှင် ၅ ရက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်အနေဖြင့် စိစစ်လွဲပြောင်းရေးကို ကြားစခန်း ၅ ခုအသုံးပြုကာ ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၅ ရက်နှင့် ၂၀၁၇ခုနှစ် သြဂုတ် ၂၅ ရက်တို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း ထွက်ပြေးလာသူများအား ပြန်လည်လက်ခံနိုင်ရေး ပုံစံအချက်အလက်များ ဖြည့်သွင်းကာ ပေးပို့မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အစည်းအဝေးတွင် ARSA အဖွဲ့၏ နှောက်ယှက်တိုက်ခိုက်မှုများအား နှစ်ဖက်ကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ရန် သတိပေးပြောကြားခဲ့ပြီး တရားဝင်ပေးအပ်ထားပြီဖြစ်သည့် ARSA အကြမ်းဖက်အဖွဲ့ဝင် တထောင်ကျော်၏ စာရင်များအား ဘင်္ဂလားဒေ့ရှ်ထံ ထပ်မံပေးအပ်ခဲ့ပြီး ၁၉၈၀ ပြည်နှစ် နှစ်နိုင်ငံ နယ်စပ်ဆိုင်ရာ ပူးတွဲဆောင်ရွက်ရေး သဘောတူညီချက်နှင့်အညီ ပြန်လည် လွှဲပြောင်းပေးရန်လည်း ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောထားသည်။

အစည်းအဝေးကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြား နိုင်ငံခြားရေးအတွင်းဝန် မစ္စတာ မိုဟာမက် ရှာဟီဒူလ် ဟတ်ခ်တို့က ဦးဆောင်ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Loading