ယမန်နေ့ ဇန်နဝါရီ ၁၆ ရက် ညက ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရုန်းရင်းဆန်ခတ်မှု ဖြစ်စဉ်အတွင်း လူ ၇ ဦး သဆုံးသွားခဲ့ပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ဧရာဝတီသို့ အတည်ပြုပြောကြားသည်။
ရဲမှူးကြီး အောင်မြတ်မိုးက “ မနေ့က ဖြစ်တဲ့ ဖြစ်စဉ်မှာ လူ ၇ ဦးသေတယ်။ ၁၂ ဦးဒဏ်ရာ ရတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
မြောက်ဦးတွင် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ပြုလုပ်မည့် “ရခိုင်နိုင်ငံတော် အချုပ်အခြာ ကျဆုံးခြင်း အထိမ်းအမှတ်” ဟောပြောပွဲစဉ်ကို အာဏာပိုင်များက ပိတ်ပင်တားဆီးခဲ့ရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းစာပေဟောပြောပွဲတွင် ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်က ဦးဆောင်ဟောပြောမည်ဖြစ်ပြီး ရခိုင်ဘုရင့်နိုင်ငံ ကျဆုံးခန်း ပြဇာတ်လည်း ပါဝင်ကပြမည် ဖြစ်ကြောင်းလည်း သိရသည်။
မြောက်ဦး ရှေးဟောင်းယဉ်ကျေးမ ှုထိန်းသိမ်းကာကွယ်စောင့်ရောက်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်သန်းက “ မနေ့က ဖြစ်တာက ပွဲကြည့်ဖို့အတွက် ညနေဘက် ရွာက လူတွေ ကားတွေ၊ ထော်လာကျီတွေနဲ့ပါ တက်လာကြတာ။ ဒီရောက်တော့ ပွဲကျင်းပခွင့် မရဘူးဆိုတော့ ရွာမပြန်တော့ပဲ ဒေါသဖြစ်ပြီး မြို့ပတ်ဆန္ဒပြရာကနေ ဖြစ်ကြတာ။ သေတဲ့ လူတွေက လူငယ်တွေ ဆိုတော့ မိဘတွေအနေနဲ့တော့ မကျေနပ်ကြဘူး” ဟု ပြောသည်။
မနေ့က ညနေပိုင်းတွင် အဆိုပါ ပွဲတော်အား လာရောက်ကြည့်ရှုရန် မြို့ခံများအပါအဝင် နယ်ဘက်မှ တက်လာသော လူအုပ်များက ပွဲကျင်းပခွင့် မရရှိသည်ကို သိလိုက်ရသော အခါ မြို့ပတ်ချီတက် ဆန္ဒပြခဲ့ရာမှနေ ခရိုင်ထွေအုပ်ရုံး ရှေ့သို့ သွားရောက်ကာ ရုံးအား ခဲဖြင့်ပစ်ခြင်း၊ ရုံးအတွင်းရှိ ကားနှင့် ဆိုင်ကယ်များကို ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။
ခရိုင်ရဲတပ်ဖွဲ့မှူရုံးက ရဲအရာရှိတဦးက “ပွဲကျင်းပခွင့် မရလို့ ဆိုပြီး လူတွေ ညဘက် မြို့ပတ်ပြီး ဆန္ဒပြရာကနေ ကျနော်တို့ ခရိုင်ရုံးကို ခရိုင်ထွေအုပ်ရုံးနဲ့ မှားပြီး ချီတက်လာကြတယ်။ ကျနော်တို့ ရှင်းပြတော့ ခရိုင်ထွေအုပ်ရုံးဘက်ကို ထပ်ချီတက်ကြတယ်။ အဲဒီရုံးမှာ လူမရှိတော့ ရုံးထဲမှာရှိတဲ့ ကား၊ ဆိုင်ကယ်၊ တံခါးတွေကို ရိုက်ချိုးပြီး လူအုပ်က ထိန်းမနိုင် ဖြစ်ခဲ့တာ” ဟု ဧရာဝတီသို့ ပြောသည်။
တဖြည်းဖြည်း များလာသော လူအုပ်ကို သေနတ် ပစ်ဖောက် လူစုခွဲရာမှ ပွဲချင်းပြီး ၅ ဦးသေဆုံးခဲ့ပြီး မြောက်ဦးဆေးရုံတွင် ၂ ဦး သေဆုံးခဲ့သည်။ စုစုပေါင်း ဒဏ်ရာ ၁၂ ဦး ရရှိခဲ့ကြောင်းလည်း သိရသည်။
လက်ရှိအချိန်တွင် မြောက်ဦးမြို့သည် တည်ငြိမ်နေသည်ဟု ဆိုသော်လည်း အခြေအနေမှာ တင်းမာမှုများ အချိန်မရွေး ပြန်လည် ဖြစ်လာနိုင်ကြောင်း မြောက်ဦးမြိုှု့ခံများက ပြောသည်။
လက်ရှိအချိန် စစ်တွေဆေးရုံတွင် ဒဏ်ရာရ လူနာ ၆ ဦး ရောက်ရှိနေကြောင်းလည်း သိရသည်။
တချိန်တည်းတွင် ရခိုင်လူငယ်စာရေးဆရာ ဝေဟင်အောင်ကို နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ ( ခ ) ဖြင့် ယမန်နေ့ ညနေပိုင်းတွင် ရဲက အမှုဖွင့် ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသူသည် ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့တွင် ၂၃၃ နှစ်မြောက် ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် စာပေဟောပြောခဲ့ရာ နိုင်ငံတော် အကြည်ညိုပျက်စေသည့် ဟောပြောချက်များ
ပါဝင်သည်ဟူသော အကြောင်းပြချက်ဖြင့် စစ်တွေခရိုင် ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။
ဧရာဝတီက ကြည့်ရှုခဲ့ရသည့် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့် လက်မှတ်ရေးထိုးထားသော ရုံးတွင်းပေးစာတွင် စာရေးဆရာ ဝေဟင်အောင်က “ယခုအချိန်သည် နိုင်ငံရေးအရ အလွန်အားနည်းနေသည့်အချိန် ဖြစ်သဖြင့် အခွင့်အရေး သာနေသော အချိန် ဖြစ်ကြောင်း၊ ဗမာ့ကျွန်ဘဝမှ လွတ်မြောက်နိုင်ရေးနှင့် လွတ်လပ်ရေး ရရှိနိုင်ရန်အတွက် အရှေ့ဘက်သို့ စစ်မျက်နှာဖွင့် တော်လှန်တိုက်ခိုက်ရန် အချိန်ဖြစ်ကြောင်း” နှင့် ရခိုင့်တပ်မတော်နှင့် ပူးပေါင်းကြရန် ဟောပြောခဲ့သည်ဟု ဆိုသည်။
လက်ရှိအချိန်တွင် ကိုဝေဟင်အောင်ကို စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ခေါ်ယူစစ်ဆေးခဲ့ပြီးသည့်နောက် စစ်တွေ အမှတ် ၁ စခန်းတွင် ထိန်းသိမ်းထားသည်။