နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖွံ့ဖြိုးရေးအတွက် ပုဂ္ဂလိကဘဏ်များ ဖွင့်လှစ်ပေးရန် နာဂအမျိုး သားရေးရာကောင်စီမှ ဦးနော်အောင်ဆန်းက အကြံပြု ပြောဆိုလိုက်သည်။
နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် မြန်မာနိုင်ငံအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုအနက် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ဖြစ်ပြီး ဘဏ်စနစ်တွင် မြန်မာ့စီးပွားရေးဘဏ်ကိုသာ အားကိုးနေရသည်။
ဦးနော်အောင်ဆန်းက”နာဂဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစိုးရက အကောင်အထည်ဖော်ပေးနေတာတွေ ရှိပါတယ်။ ဘဏ်စနစ်ဆိုရင်လည်း အစိုးရရဲ့ စီးပွားရေး ဘဏ်ကိုပဲ အားကိုးနေရတယ်။ လဟယ်နဲ့ နန်းယွန်းမြို့ မှာ ပုဂ္ဂလိကဘဏ်စနစ်ကို လာရောက် ဖွင့်လှစ်နိုင်အောင် လုပ်ပေးစေချင်တယ်”ဟု ပြောသည်။
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်တွင် နိုင်ငံတော်ဒုသမ္မတ ဦးမြင့်ဆွေတက်ရောက် ၍ မိန့်ခွန်းပြောကြားရာတွင် နာဂဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြစေလိုပါကြောင်းနှင့် ဒေသတခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းရန် လိုအပ်ပါကြောင်းပြော ခဲ့သည်။
ဒုသမ္မတ ဦးမြင့်ဆွေက “နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသည် သဘာဝ အရင်းအမြစ်များစွာရှိသဖြင့် ဒေသ ဖွံ့ဖြိုးရေးအတွက် အကျိုးရှိစွာ အသုံးပြုစေလိုပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ဖွံ့ဖြိုးမှု ကွာခြားချက် နည်းနိုင်သမျှ နည်းစေရေးအတွက် အလေးထား ဆောင်ရွက်ပေးလျက် ရှိပါသည်”ဟု ပြောသည်။
အဆိုပါ မိန့်ခွန်းနှင့်ပတ်သက်ပြီး ဦးနော်အောင်ဆန်း နာဂဒေသ ဖွံ့ဖြိုးတိုး တက်ရေးအတွက် အားလုံး ဝိုင်းဝန်း ကြိုးပမ်းရမည်မှာ မှန်ကန်ပါကြောင်း သို့သော် ပုဂ္ဂလိကဘဏ်စနစ် ဖွင့်လှစ်ပေးခြင်းနှင့် ဘိန်းအစားထိုး သီးနှံများ ချပေးရန်လည်း လိုအပ်နေကြောင်း ဆိုသည်။
“ကျနော်တို့ဆီမှာ ဘိန်းစိုက်ပျိုးမှုက တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပြီ။ စားဝတ်နေရေး အတွက် လုပ်နေကြရတယ်” ဟု ဦးနော်အောင်ဆန်းက ပြောသည်။
ထို့ကြောင့် နာဂဒေသဖွံ့ဖြိုးတိုးရေးအတွက် (၁) မြို့နယ်ချင်းဆက် လမ်းများ အမြန်ဆုံး အကောင်အထည် ဖော်ပေးရန်၊ (၂) ဆက်သွယ်ရေး စနစ်(တယ်လီဖုန်း- ကြေးနန်း၊ အင်တာနက်)တည်ဆောက်ပေးရန်၊ (၃) ဒေသတွင်း စာပို့စနစ် အားကောင်းအောင် လုပ်ပေးရန်၊(၄) ပုဂ္ဂလိက ဘဏ်စနစ် ဖွင့်လှစ်ပေးရန်(လဟယ်နှင့် နန်းယွန်းမြို့)၊ (၅) ဒေသထွက်ကုန်များ နိုင်ငံခြားပို့နိုင်ရေး နယ်စပ်မလုံခြုံဖြစ်နေခြင်းကို တည်ငြိမ်အေးချမ်း အောင် ဆောင်ရွက်ပေးရန်၊ (၆) လေရှီး၊ လဟယ်၊ နန်းယွန်း၊ ပန်ဆောင်ဒေသတွင် ဘိန်းစိုက်ပျိုးမှုကျယ်ပြန့် လာခြင်းကြောင့် ဘိန်းအစားထိုး သီးနှံများ ဖော်ဆောင်ပေးရန် လိုအပ်ကြောင်း နာဂအမျိုးသားရေးရာကောင်စီမှ ဦးနော်အောင်ဆန်းက အကြံပြု ပြောဆိုသည်။
ထို့ပြင် နာဂဒေသ တခုလုံးကို လွှမ်းခြုံသော ကော်ဖီ စိုက်ပျိုးနည်းစနစ်နှင့် အစားထိုး သီးနှံများ စိုက်ပျိုးခြင်းကို ဖော်ဆောင်ပေးရန်၊ လဟယ်တွင် စိုက်ပျိုးမှု အားကောင်းသော အာလာကျီ(ဖာလာ)ကို အိန္ဒိယနိုင်ငံသို့ တင်ပို့ နေခြင်းကြောင့် နယ်စပ် တည်ငြိမ်ရေးနှင့် ဈေးကွက် တည်ငြိမ်အေးကို ဆောင်ရွက်ပေးရန် လိုအပ်နေ ကြောင်း ၎င်းက ဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုုးရအဖွဲ့မှ လျှပ်စစ်၊ စက်မှုနှင့်လမ်းပန် ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ” ကျနော်တို့ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်အောင် လုပ်နေပါတယ်။ အခုလည်း တိုင်းခမ်းချောင်းအသေး စား ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံကနေ နန်းယွန်း မြို့နယ်အတွင်းမှာ လျှပ်စစ်မီး ၂၄ နာရီ ရအောင် လုပ်ပေးခဲ့ပါပြီ။ တခြား ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကိုလည်း လုပ်နေပါတယ်”ဟု ပြောသည်။
နာဂဒေသ လေရှီး၊လဟယ်၊ နန်းယွန်း၊ ပန်ဆောင် ဒေသမှ ဒေသခံများသည် စားဝတ်နေရေး အခက်အခဲ ဖြစ်နေ ခြင်းကြောင့် ဘိန်းစိုက်ပျိုးမှု ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနေပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ် ရေးအနေဖြင့် နယ်စပ်အနီး တိုက်ပွဲများ ဖြစ်ပွားမှုရှိနေခြင်းကြောင့် နယ်စပ်ကုန်သွယ်မှုများ မကြာခဏ ပိတ်ထား မှုများ ရှိကြောင်း သိရသည်။
မြန်မာ- အိန္ဒိယ နယ်စပ်တွင် မဏိပူရ်(ကသည်း)လက်နက်ကိုင်၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ် ပလန်(NSCN-K) ရှမ်းနီအမျိုးသားများတပ်မတော်(SNA) တို့အပြင် တခြားသော လက်နက်ကိုင်အဖွဲ့များ လှုပ် ရှားလျက်ရှိသည်။
ထိုအထဲမှ အိန္ဒိယစစ်တပ်နှင့် NSCN-K အကြား မြန်မာ-အိန္ဒိယနယ်စပ်အနီး မကြာခဏ တိုက်ပွဲများ ဖြစ်ပွား လျက်ရှိကြောင်း သိရသည်။