သတင်း

ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး လူ ၆ သန်းကျော်ကို တိုက်ကျွေးရန် စီစဉ်

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် ဆင်ခြေထောက် ရောဂါ ကာကွယ်ရေး အတွက် ဇန်နဝါရီလ အတွင်း လူဦးရေ ၆သန်း ကျော်ကို သန်ချဆေးပေါင်း တိုက်ကျွေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

သန်ချဆေးပေါင်း တိုက်ကျွေးရခြင်းမှာ ဆင်ခြေထောက် သန်ကောင်များ သေကြေပျက်စီးပြီး ရောဂါ ကင်းစင်ခြင်း၊ ရောဂါပိုး မရှိသောလူများတွင် ဆေးအာနိသင်ကြောင့် ရောဂါပိုး ဝင်ရောက် ကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်းနှင့် အူလမ်းကြောင်းရှိ သန်ကောင်အမျိုးမျိုး ကင်းစင်စေနိုင်ခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်ဟုလည်း ပြည်သူ့ ကျန်းမာရေး ဦးစီး ဌာနက ပြောသည်။

ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး နှင့် ပတ်သက်ပြီး အသိပညာပေး ဆွေးနွေးပွဲ တရပ်ကို ဇန်နဝါရီလ ၁၆ ရက်က ရန်ကုန် တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက “မြန်မာနိုင်ငံ အတွင်းမှာ ဆင်ခြေထောက် ရောဂါ ကင်းဝေးရေး ရည်မှန်း ဆောင်ရွက်တဲ့ ၂၀၂၀ ပြည့်နှစ် နီးကပ်သည်ထက် နီးကပ်လာပြီး ၂ နှစ်သာ လိုတော့တာမို့ လူအားလုံး ဆေး ကျွေးခြင်းကို ယခင်နှစ်များထက် ပိုမို ဂရုစိုက်ရန် လိုအပ်ပါတယ်”ဟု ပြောသည်။

ဆင်ခြေထောက် ရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်းကို ၂၀၁၃ ခုနှစ်ကစတင် လုပ်ဆောင်ခဲ့ပြီး ၅ နှစ်စီမံကိန်း အဖြစ် လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ်အတွက် လူအားလုံး ဆေးတိုက်ကျွေးခြင်းကို ၂၀၁၇ ခုနှစ်အတွင်း မလုပ်ဆောင်ဖြစ်ခဲ့ဘဲ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ၂၂ ရက်မှ ၃၁ ရက်အထိ တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးရှိ ခရိုင်ပေါင်း ၄ ခရိုင်၊ မြို့နယ်ပေါင်း ၄၄ မြို့နယ် က လူဦးရေ ၆ သန်း ကျော်ကို တိုက်ကျွေးမည် ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေး တိုက်ကျွေးရာတွင် ၂ နှစ်မှ ၅ နှစ်၊ ၆ နှစ်ပြည့်မှ ၁၅ နှစ်အောက်နှင့် ၁၅ နှစ်ပြည့်နှင့် အထက် ဟူ၍ အသက်အုပ်စုများ ခွဲခြား တိုက်သွားမည် ဖြစ်သည်ဟု ဆိုသည်။

ဆေးတိုက်ကျွေးခြင်း လုပ်ငန်းအတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ၏ အစီအစဉ်ဖြင့် ကျပ် ၅၄၃ သန်း၊ GSK ကုမ္ပဏီမှ လှူဒါန်းသည့် ကျပ် သန်းပေါင်း ၇၃၉ သန်းတန် ဆေးပြားများ၊ အစိုးရရန်ပုံငွေဖြင့် ကျပ်သန်းပေါင်း ၆၆၃ သန်းတို့ဖြင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ဆင်ခြေထောက် ရောဂါ ကင်းဝေးရေး အတွက် ဆေးတိုက်ကျွေးမှု အစီအစဉ် ပြုလုပ်နေသည်မှာ ၅ နှစ်ပြည့်ပြီ ဖြစ်ပြီး ဆင်ခြေထောက် ရောဂါ ကင်းဝေးမှုရှိ မရှိကို ပြန်လည် ဆန်းစစ်ရဦးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဒုတိယ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ခင်နန်းလုံက ပြောသည်။

“အခု ၅ နှစ်မြောက်သွားပြီ ဆိုတော့ ပြန်လည် ဆန်းစစ်မှာပေါ့။ ဆန်းစစ်လို့ လူ ၁ ထောင် မှာ တယောက်အောက် နည်း ပြီး တော့ ပိုးတွေ့မယ်ဆို ထပ် မတိုက်တော့ဘူး။ ဒါက ဆန်းစစ်ပြီးမှ သိမှာပါ”ဟုလည်း ၎င်းက ပြောပြသည်။

ဆင်ခြေထောက် ရောဂါ ဖြစ်ပွားမှုနှုန်းကို တိတိကျကျ ပြောရန်မလွယ်ကူဘဲ သိသာ ထင်ရှားသော ရောဂါ အဆင့် ရောက် နေသူမှာမူ တနိုင်ငံလုံးတွင် ရာဂဏန်းမျှသာ ရှိကြောင်း ဒေါက်တာ ခင်နန်းလုံက ရှင်းပြသည်။

ဒေါက်တာ ခင်နန်းလုံက “အကုန်လုံးကို စာရင်းလိုက်ကောက်ဖို့က မလွယ်ဘူး။ လက်တွေ ကြီးနေတာ၊ ခြေထောက် တွေ ကြီးနေတာ အဲဒီလို သိသာ ထင်ရှားတာမျိုးကတော့ အဲဒီလောက် အရေအတွက်ကို ပြောပါဆိုရင် ရာဂဏန်း လောက်ပဲ ရှိမယ်။ မသိတာတွေလည်း ရှိနိုင်တယ်။ ရန်ကုန် – မန္တလေး ကားလမ်းဘေးမှာ ရွာတရွာဆို၊ တရွာလုံးလိုလို ဖြစ်နေတာ” ဟုလည်း ပြောပြသည်။

ဆင်ခြေထောက် ရောဂါ ကာကွယ်ဆေးကို မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ နေပြည်တော်၊ မွန်၊ ချင်း၊ ကရင်ပြည်နယ် တို့ တွင် တိုက်ကျွေးသွားမည် ဖြစ်သည်ဟု ဆိုသည်။

အသက် ၂ နှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင် မိခင်လောင်းများနှင့် ရောဂါတခုခုကို ဆိုးရွားစွာ ခံစားနေရသူ အစရှိသူတို့ကို ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်း မပြုကြောင်း သိရသည်။

ဆင်ခြေထောက် ရောဂါသည် သန်ကောင်ကြောင့် ဖြစ်ပွားသည့် ရောဂါတမျိုး ဖြစ်ပြီး မြောင်းပုပ်၊ မြောင်းဆွေးများ၊ အနံ့ဆိုး ထွက်သောရေများ၊ မိလ္လာကျင်းများတွင် ပေါက်သည့် ခြင်မျိုးမှ သယ်ဆောင် လာခြင်းဖြစ်ကာ အဆိုပါ သန်ကောင်များသည် လူ့ကိုယ်ထဲတွင် ကြီးထွားမျိုးပွား၊ ပျံ့နှံ့ နေရာယူလာသည့် ရောဂါ ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading