အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာ ရရှိခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် နန်းတော်ရာကုန်းက ဖြစ်စဉ်နဲ့ ဆက်စပ် ပတ်သက်ပြီးတော့ ရခိုင် အမျိုးသား ပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာ အေးမောင်ကို ဖမ်းဆီးအရေးယူဖို့ အစိုးရက စီစဉ်နေ တာဟာ ဒီပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ဘဲ ပြဿနာကို ပိုမို ကြီးထွားလာစေမှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။
အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးလည်း ဖြစ်တဲ့ ဒေါက်တာ အေးမောင်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ် ၅၀၅ (ခ)၊ မတရား အသင်း ဆက်သွယ်မှု ၁၇ (၁)တို့နဲ့ ဖမ်းဆီးဖို့ ရှိပေမယ့် အမတ်တဦး ဖြစ်နေတာကြောင့် ရခိုင်ပြည်နယ် ဥပဒေချုပ်က ဥပဒေနဲ့အညီ ဖြစ်အောင် ဆောင်ရွက်နေရတယ်လို့ သမ္မတရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောပါတယ်။
“အဲလို ပုဒ်မတွေနဲ့ အရေးယူဖို့ ဆိုတာက လွှတ်တော် ကိုယ်စားလှယ် ဖြစ်တဲ့အတွက် ဥပဒေကြောင်းအရ လုပ်မှာ။ လွှတ်တော် ဥက္ကဌရဲ့ ခွင့်ပြုချက်လည်း ရပြီ။ ပြည်နယ် ဥပဒေချုပ်ရဲ့ အကြံပြုချက်နဲ့ ဥပဒေနဲ့အညီ ဖြစ်အောင် ဆွဲမှာ။ ပုဒ်မ အကြီးကြီးတွေ ဖြစ်နေရင် သမ္မတရဲ့ ခွင့်ပြုချက်ကို ဒီဘက်က ခွင့်ပြုချက် ပေးတယ်”လို့ ဦးဇော်ဌေးက ဧရာဝတီကို ပြောပါတယ်။
ဇန်နဝါရီလ ၁၆ ရက်နေ့က မြောက်ဦး ပြဿနာ မဖြစ်မီ အောက်တိုဘာလ ၁၅ ရက်နေ့က ရသေ့တောင်မြို့၊ မေယုရင်သွီး လူမှုကူညီရေး အသင်းက ဦးဆောင်ခဲ့တဲ့ စာပေဟောပြောပွဲ အခမ်းအနားမှာ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ ၂ ဦးတို့ရဲ့ ပြောဆိုချက်တွေကို ဥပဒေနဲ့ မညီဘူးလို့ မနေ့က သမ္မတ အိမ်တော်မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ပြည်ထဲရေး ဝန်ကြီးနဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြခဲ့ပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြောက်ဦးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူစုလူဝေးနဲ့ အကြမ်းဖက်မှုကြောင့် ရခိုင်တိုင်း ရင်းသားများ သေဆုံးမှု၊ ဒဏ်ရာရရှိမှုများနဲ့အတူ ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့တဲ့ ဝမ်းနည်းမိကြောင်း၊ ဖြစ်စဉ်၊ ဖြစ်ရပ် အမှန်ကို အမြန်ဆုံး စစ်ဆေးဖော်ထုတ်ပြီး ဥပဒေချိုးဖောက်သူများတွေ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်သလို တည်ငြိမ် အေး ချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို အလေးထား ဆောင်ရွက်ရန်ဖို့ မှာကြားခဲ့တယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။
ဒေါက်တာအေးမောင်ကတော့ လာဖမ်းမယ့်သူတွေကို အိမ်မှာပဲ စောင့်နေပြီး ဥပဒေကြောင်းအရ ပြန်လည် ရင်ဆိုင်သွားဖို့ပဲ ရှိတယ်လို့ မနေ့က ညပိုင်းက ဧရာဝတီကို ပြောပြခဲ့ပါတယ်။
“ကျနော့်ကို ဖမ်းလိုက်ရင် လူထုက လက်ခံမလားဆိုတာကို လက်ရှိ အစိုးရက သုံးသပ်ပြီး ဖြစ်မယ်။ ကိုယ့်သမိုင်းကို ရေးကြတာပဲ။ လွန်ခဲ့ တဲ့ နှစ်ပေါင်း ၂၃၃ နှစ်ကလည်း ဒီနေရာ ဒီနန်းတော်ရှေ့မှာပဲ သွေးမြေကျခဲ့တယ်။ အဲဒီနေ့ အထိမ်းအမှတ်လုပ်တဲ့ပွဲမှာ ထပ်ပြီး သွေးမြေ ကျပြီ ဆိုကတည်းကိုက အဟောင်းက အသစ်ပြန်ဖြစ်တာပေါ့။ ဖြေရှင်းတတ်ရင် သွေးမြေကျစရာ မလိုဘူး”လို့ ဒေါက်တာ အေးမောင်က ဆိုပါတယ်။
အစိုးရက ဒေါက်တာ အေးမောင်ကို ဖမ်းဖို့ ကြိုးစားတာဟာ ရခိုင် ပြဿနာကို ပိုကြီးထွားအောင် လုပ်တာသာ ဖြစ်ပြီး မြောက်ဦးက စာပေ ဟောပြောပွဲဆိုတာဟာ ၂၀၁၀ ခုနှစ်ကစပြီး နှစ်စဉ်နှစ်တိုင်း လုပ်နေတဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးတရပ်ဖြစ်လို့ NLD လို ဒီမိုကရေစီ အစိုးရအနေနဲ့ လူထုကို ကိုယ်စားပြုတဲ့အသံကို အလေးထားဖို့ လိုတယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။
၎င်းက “အခုမှ ဒီလိုလုပ်တယ်ဆိုတာ ရာဇဝင်ရိုင်းတာပဲ။ ဒီလို ဟောပြောတဲ့ ပုဂ္ဂိုလ်တွေကို ဖမ်းရုံနဲ့ ဒီအတိုင်း ပြီးသွားမှာ မဟုတ်ဘူး။ နောက်ထပ်လည်း ပိုပြီးတော့ ကြီးထွားလာမယ်လို့ပဲ မြင်တယ်။ ဒေါက်တာအေးမောင်ကို ဖမ်းမယ်ဆိုရင် ပိုပြီးတော့ တိုင်းရင်းသား စည်းလုံး ညီညွှတ်မှုကို ထိခိုက်သွားနိုင်တယ်။ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးကို အကောင်အထည်ဖော်နေတဲ့ အစိုးရတရပ် အနေနဲ့ သဘောထား ကြီးဖို့ လိုတယ်”လို့ ပြောပါတယ်။
ရခိုင်အရေး လေ့လာသူ ဦးမောင်မောင်စိုးကတော့ NLD အစိုးရအနေနဲ့ မြောက်ဦး ကိစ္စကို တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ ဖြေရှင်းရမှာ ဖြစ်ပြီး လှုံဆော်မှုတွေ ရှိလို့ အရေးယူတယ်ဆိုတာဟာ ဘက်တဘက်တည်းရဲ့ ပြဿနာဖြစ်လို့ ဒီလို ဖမ်းဆီး အရေးယူရုံနဲ့ ပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဦးမောင်မောင်စိုးက “ဒေါက်တာ အေးမောင်ကို ဖမ်းလိုက်ရင် ကြားထဲမှာ မကျေလည်မှုက ပိုများလာမယ်။ အခုက ဒီကိစ္စမှာ လှုံဆော် မှုတွေ ရှိတာက တခု။ လူထုကို ထိန်းမနိုင်သိမ်းမရတာကလည်း ပြဿနာ တခုဖြစ်တယ်။ ဒီပြဿနာမှာ ဒီလို လူအများကြီး သေကျေတဲ့ ပြဿနာကို ရဲက နှိမ်နင်းတာ ဥပဒေနဲ့ ညီ၊ မညီဆိုတာတော့ စုံစမ်း စစ်ဆေးဖို့ လိုအပ်လိမ့်မယ်”လို့ ဆိုပါတယ်။
သမ္မတ ဦးသိန်းစိန်လက်ထက်မှာလည်း လက်ပံတောင်းတောင်မှာ ဆန္ဒပြမှုတွေ၊ ကျောင်းသား သပိတ်တွေ ဖြစ်ပေမယ့် လူသေဆုံးတာ ယခုလောက် မရှိဘူးလို့လည်း ၎င်းက ဆိုပါတယ်။
ရခိုင် ဝံလက် ဖောင်ဒေးရှင်းက ဦးခိုင်ကောင်းစံကလည်း “သူတို့ကို ဖမ်းရုံနဲ့ ဒီပြဿနာက ပြေလည်သွားမယ့်အရာလည်း မဟုတ်ဘူး။ ဒီအပေါ်မှာ တိုင်းရင်းသားတွေက ပိုပြီးတော့မှ Tension မြင့်ရင်လည်း မြင့်လာလိမ့်မယ်။ အစိုးရကိုယ်တိုင်က ဒီပုဂ္ဂိုလ်မျိုးတွေနဲ့ ထိတွေ့ပြောဆိုမှုတွေ လုပ်သင့်တယ်။ နောက်တခုက မြောက်ဦး ကိစ္စလည်း တရားဥပဒေစိုးမိုးရေး မရှိဘဲ အကြမ်းဖက် ကိုင်တွယ်ဖြေရှင်းတာခဲ့မျိုးကို တွေ့ရတယ်”လို့ ဆိုပါတယ်။
မြောက်ဦးမြို့နယ်က ရှေးဟောင်း သုတေသီ ဒေါ်ခင်သန့်ကတော့ မြောက်ဦးလူထုက နိုင်ငံရေး အသိပညာ နည်းပါးပြီး အခုသေဆုံး သွားရသူတွေဟာ နိုင်ငံရေး နားလည်တဲ့သူတွေလည်း မဟုတ်လို့ ပြည်သူတွေဟာ ဒီကိစ္စကို အကြောင်းပြုပြီး စိတ်ဆိုး ဒေါသထွက်ရတယ်လို့ ဆိုပါတယ်။
“ဒီပြဿနာက ဒီလောက်နဲ့လည်း မပြီးနိုင်ဘူး။ သွေးထိုးလှုံဆော်နိုင်တဲ့ အနေအထားတွေ ရှိသရွေ့ ဒီက ဆင်ခြင်နိုင်မှု နည်းတဲ့ အပေါ်မှာ ပြဿနာတွေ ဖြစ်နေဦးမှာပဲ။ ဒီနေရာက ထိလွယ်ရှလွယ် ဖြစ်ဖို့ အကောင်းဆုံးနေရာလို့ ကျမ ယူဆတယ်”လို့ သူက ပြောပါတယ်။
ရခိုင် တိုင်းရင်းသားခေါင်းဆောင်တဦး ဖြစ်သူ ဒေါက်တာ အေးမောင်ကတော့ ၎င်းဟာ နိုင်ငံရေးသမားတယောက်ဖြစ်လို့ လူထု ဗဟိုပြု တဲ့နည်းနဲ့ နိုင်ငံရေး လုပ်တာ ဖြစ်ပြီး သမိုင်းကို သင်ခန်းစာ ယူနိုင်အောင် ဟောပြောတဲ့ နေရာမှာ လွတ်လပ်စွာ ပြောဆိုခွင့် ရှိဖို့ လိုသလို ရခိုင် တပ်မတော် (AA)ဟာလည်း သူယုံကြည်ချက်နဲ့သူ လက်နက်ကိုင် တော် လှန်ရေး လုပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
နှစ်ပေါင်း ၇၀ ကျော် ပဋိပက္ခတွေကို အဖြေရှာနိုင်ဖို့ ဆိုရင် တိုင်းရင်းသားတွေ စိတ်ထဲမှာ ၁၉၄၇ လွတ်လပ်ရေး ခေတ်ဦး ပင်လုံ လက်မှတ် ရေးထိုးကာနီးမှာ ဗိုလ်ချုပ်အောင်ဆန်းကို ယုံသလို ပြန်ပြီးတော့ ယုံကြည်မှု ရအောင် လုပ်ဖို့ လိုအပ်ပြီး နှစ်ပေါင်း ၇၀ ကြာတဲ့အထိ တန်း တူ အခွင့်အရေး မပေး၊ ကိုယ့်မြေ ကိုယ့်ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် မပေးရင် ဘယ်လူမျိုး၊ ဘယ်အဖွဲ့အစည်းက သည်းခံနိုင်မှာလဲလို့ ဒေါက်တာ အေးမောင်က မေးခွန်းထုတ်ပါတယ်။
“ပြည်ထောင်စုမှာ လူမျိုးတမျိုးက နောက်လူမျိုးတမျိုးကို ဖိနှိပ်နေတယ်လို့ မည်သည့် လူမျိုးမှ မခံစားရဘူးဆိုရင် ဒါက ပြည်ထောင်စု ဖြစ်သွားပြီ။ အစိုးရတရပ်ဟာ ရှိမှန်းမသိအောင် အုပ်ချုပ်နေရင် အစိုးရကောင်းတရပ် ဖြစ်သွားပြီ။ လူမျိုးတမျိုးရဲ့ စိတ်ထဲမှာ ရှတတ ခံစားနေရတယ်ဆိုရင် ပြည်ထောင်စု မပီသသေးဘူးလို့ ဆိုတဲ့ အသိရှိဖို့ လိုတယ်”လို့ ပြောဆိုခဲ့ပါတယ်။