မြန်အောင်မြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှမိုးအောင်အား
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် ယနေ့ ကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေး (၁/၂၀၁၈) ထံသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်မှ အမည်စာရင်း ပေးပို့ခဲ့ရာ သမ္မတမှ အမည်စာရင်းတင်သွင်းသူ ဦးလှမိုးအောင်အာ ဝန်ကြီးချုပ်အဖြစ် ဧရာဝတီတိုင်းလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြောင်း သတင်းရရှိသည်။
ဦးလှမိုးအောင်အား ဝန်ကြီးချုပ်ခန့်အပ်ရန် ကန့်ကွက်မည့်သူရှိပါက ကန့်ကွက်နိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ကန့်ကွက်လွှာဖိတ်ခေါ်ခဲ့သော်လည်း ကန့်ကွက်သူ မရှိသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ခန့်အပ်ရန် သဘောတူကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
ဧရာဝတီတိုင်းလွှတ်တော်၏ ယနေ့ ဆုံးဖြတ်ချက်ကြောင့် ကျုံပျော်အမတ် မန်းဂျော်နီ၏နေရာကို ဆက်ခံရမည့် မြန်အောင်အမတ် ဦးလှမိုးအောင်မှာ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ တတိယမြောက် ဝန်ကြီးချုပ် အဖြစ် နိုင်ငံတော်သမ္မတမှ ခန့်အပ်တာဝန်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိနေသည့် အစိုးရသက်တမ်း ၃ နှစ်ကာလကို ဧရာဝတီတိုင်းအစိုးရအဖွဲ့အား ဦးဆောင်၍ စီမံအုပ်ချုပ်ရမည် ဖြစ်သည်။
“ဧရာဝတီတိုင်းရဲ့ စီးပွားရေး တိုးတက်အောင် အဓိကထား ဆောင်ရွက်သွားမှာပါ။ စိုက်ပျိုးရေးကနေ အဓိက ထားပြီး လုပ်မယ်။ အဲဒါနဲ့ တဆက်တည်း တိုးတက်အောင် ပံ့ပိုးရမှာကလမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ကဏ္ဍတွေကို တတ်နိုင်သရွေ့ ကျနော်ရတဲ့အချိန်တိုအတွင်းမှာ အစီအမံကောင်းတွေ ချမှတ်လုပ်ဆောင်မှာပါ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေလည်း လုပ်သွားမှာပါ။ ကျနော် အာမခံတာကတော့ ပြည်သူလူထုအတွက် ကျနော် ကြိုးကြိုးစားစား အလုပ်လုပ်သွားမယ်လို့ အာမခံပါတယ်”ဟု ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးခြင်းခံရသူ ဦးလှမိုးအောင်က ဧရာဝတီကို ပြောသည်။
အသက် ၅၆ နှစ်အရွယ်ရှိ စိုက်ပျိုးရေးတက္ကသိုလ်ကျောင်းဆင်း မြန်အောင်မြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှမိုးအောင်မှာ မြန်အောင်မြို့နယ် အမျိုးသားဒီမိုကရေအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိကာ လွှတ်တော်အမတ် ဖြစ်လာခဲ့သူ ဖြစ်သည်။ ဝန်ကြီးချုပ် မဖြစ်မီက ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းနှင့် သယံဇာတရေးရာ ကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ ဖြစ်သည်။
“ဧရာဝတီတိုင်းအတွက်တော့ အပြောင်းအလဲတခု စတင်ပြီလို့ ပြောလို့ရပါတယ်။ သူက စိုက်ပျိုးရေး ကျောင်းဆင်းဆိုတော့ ဧရာဝတီတိုင်းရဲ့ စိုက်ပျိုးရေးကဏ္ဍကို တိုးတက်အောင် ဆောင်ရွက်ပေးနိုင်မယ်လို့ မျှော်လင့်တယ်။ ဝန်ကြီးချုပ်တယောက်ဖြစ်လာပြီဆိုတော့ အဓိကက စီမံခန့်ခွဲမှု နိုင်နင်းဖို့ အရေးကြီးပါတယ်။ ဒီအပိုင်းကို ဝန်ကြီးချုပ်အသစ်အနေနဲ့ အကောင်းဆုံးဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု သာပေါင်း မြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်အောင်ဦးက ပြောသည်။
ယနေ့ကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေး (၁/၂၀၁၈) ပထမနေ့၏ ဆုံးဖြတ် ချက်အား လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က နိုင်ငံတော်သမ္မတထံ ပြန်လည်ပေးပို့သွားမှာဖြစ်ကြောင်း သိရသည်။ လွှတ်တော် အထူးအစည်းအဝေး ဒုတိယနေ့ကို ဇန်နဝါရီ ၂၃ ရက်နေ့တွင် ပြန်လည်ကျင်းပသွားမှာ ဖြစ်ပြီး အဆိုပါနေ့၌ ဝန်ကြီးချုပ်သစ် ခန့်အပ်ရေးကိစ္စများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။