သတင်း

ဒေါက်တာအေးမောင်ကို စစ်တွေထောင်တွင် ထိန်းသိမ်းထား

အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်ကို ယနေ့ နေ့လယ်ပိုင်းတွင် စစ်တွေ မြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီး စစ်ဆေးနေစဉ် လူစုလူဝေး ဖြစ်ပေါ်လာသဖြင့် နေ့လယ် ၃ နာရီခန့်တွင် စစ်တွေ အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။

“သူ့(ဒေါက်တာ အေးမောင်) ဖမ်းထားတဲ့ ရဲစခန်းရှေ့မှာ လူနည်းနည်းစုလာတော့ စစ်တွေထောင်ကို ပို့လိုက်တာ တွေ့တယ်။ တရားရုံးထုတ်တာမျိုးတော့ မရှိသေးဘူး”ဟု စစ်တွေမြို့ ဝံလက် လူမှုရေးအဖွဲ့မှ ခိုင်ကောင်းစံက ဧရာဝတီသို့ ပြောသည်။

ယမန်နေ့ ည ပြန်ကြားရေး ဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် “ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် (ခ) အောင်ကျော်ဝင်း တို့၏ ဟောပြောချက်များနှင့် ပတ်သက်၍ ဇန်နဝါရီ ၁၆ ရက်တွင် ကျင်းပသည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၄/၂၀၁၈) မှ ၎င်းတို့နှစ်ဦးအား နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၁ (ခ) (ဂ) ၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) (ဂ) ၊ မတရားအသင်းအက်ဥပဒေပုဒ်မ (၁၇) (၁) (၂) တို့ဖြင့် အမှုဖွင့် တရားစွဲဆိုသွားရန် ဆုံးဖြတ်ခဲ့ပြီး ရသေ့ တောင်မြို့နယ် ရဲစခန်းက ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းတွင် မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်ခဲ့ကြောင်း” ရေးသားခဲ့သော်လည်း ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ထုတ် အစိုးရသတင်းစာများတွင်မူ နိုင်ငံတော် သစ္စာဖောက်မှုနှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့ မပါဝင်တို့ဘဲ မတရားသင်းအမှုကိုသာ ဖော်ပြခဲ့သည်။

နေပြည်တော်ရှိ သမ္မတရုံးကမူ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မေယုရင်သွီး လူမှုကူညီရေးအသင်းက ဦးဆောင်ပြုလုပ်ခဲ့သော ၂၃၃ နှစ်ပြည့် ရခိုင်ပြည်နယ် အချုပ်အခြာ အာဏာကျဆုံးခြင်း အထိမ်းအမှတ်စာပေဟောပြောပွဲတွင် ဟောပြောချက်များနှင့် ပတ်သက်၍ လူ ၃ ဦးကို ရာဇသတ်ကြီး ပုဒ်မ ၁၂၂ ဖြင့် အရေးယူရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ အခွင့်အာဏာ အပ်နှင်းခဲ့သည်ဟု ဧရာဝတီသို့ ပြောဆိုသည်။

၎င်းတို့ ၃ ဦးမှာ စာရေးဆရာ ဝေဟင်အောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်၊ ယင်းဟောပြောပွဲကို ဦးဆောင် ပြုလုပ်ခဲ့သူ ဦးမောင်ဘသန်း(မေယုရင်သွီး လူမှုကူညီရေးအသင်း)တို့ ၃ ဦးမှာ အထက်ပါ ပုဒ်မ ဖြင့် အရေးယူ ခံရမည် ဖြစ်ပြီး ပုဒ်မ ၁၂၁ (ခ) ၊ (ဂ) တို့သည် နိုင်ငံတော် ပုန်ကန်မှုကို ကျူးလွန်လျှင် အားပေး အားမြောက်ပြုလျှင် စွဲဆိုနိုင်သည့် ပုဒ်မ ဖြစ်၍ ပုဒ်မ ၁၂၂ မှာ ကျူးလွန်လျှင် မည်သူ့ကိုမဆို သေဒဏ် သို့မဟုတ် တသက်တကျွန်းဒဏ် အပြစ်ပေးရမည် ဆိုသည့် ပုဒ်မဖြစ်ကြောင်း ရန်ကုန်မြို့မှ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

“ဒီပုဒ်မတွေက နိုင်ငံရေးအရ တော်တော်ပြင်းထန်တဲ့ ပုဒ်မတွေလို ပြောလို့ရတယ်”ဟု ၎င်းက မှတ်ချက်ပြုသည်။

ထို့ပြင် မြောက်ဦးမြို့နယ် ဖြစ်စဉ်များတွင် ဦးဆောင်ပါဝင်သည့် ဦးစံလှဘော်နှင့် ပူးပေါင်းကူညီသူများကို ရာဇသတ်ကြီး ပုဒ်မ ၁၂၂ အရ တရားစွဲဆိုရန်အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၉၆ အရ အရေးယူရန် သမ္မတရုံးမှ ညွှန်ကြားထားကြောင်း သိရသည်။

Loading