ရန်ကုန်မြို့တွင်း ယာဉ်သွားလာမှု စောင့်ကြည့် ထိန်းချုပ်မည့် စင်တာ (Yangon Traffic Control Center) ကို ယခုနှစ် အတွင်း လုပ်ငန်းစဉ် စတင်နိုင်ရန် ခန့်မှန်းထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲ မှု အာဏာပိုင်အဖွဲ့ (YRTA) က ပြောသည်။
YRTA တွဲဖက် အတွင်းရေးမှူး ဒေါက်တာ သန်းဝင်းက “မီးပွိုင့် ၁၅၄ ခုကတော့ တပ်လို့ပြီးပြီ။ လုပ်ငန်း လုပ်ရမယ့် ဟာတွေ ထဲမှာ ပိုပြီးတော့ ကောင်းအောင် လုပ်လို့ရတာတွေ အများကြီးရှိတယ်။ ဒီ တင်ဒါရတဲ့ ကုမ္ပဏီမှာ အားနည်း ချက် လေးတွေ နည်းနည်း ရှိနေတယ်။ အဲဒါတွေ အကုန်လုံးကို ပြန်ပြီးတော့ ပြင်ဆင်နေတယ်။ ဒါကြောင့် နည်းနည်း အချိန် ကြာနေတာဖြစ်တယ်။ အခု ၂၀၁၈ ခုနှစ်ထဲတော့ Yangon Traffic Control Center စဖို့ ဖြစ်နိုင်ပါတယ်”ဟု ဧရာဝတီကို ပြောပြသည်။
အဆိုပါ Yangon Traffic Control Centerကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ Myanmar Shwe Ying ကုမ္ပဏီနှင့် China railway 21 st Bureau group Co,Ltd (CRCC) တို့မှ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ၆ လ နှင့် အပြီး လုပ်ဆောင်ရန် စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ယာဉ်ထိန်းရဲများ၊ Traffic နှင့် သက်ဆိုင်သည့် ကျွမ်းကျင်သူများ၊ အင်ဂျင်နီယာများ၊ နည်းပညာပိုင်း ဆိုင်ရာ ကျွမ်းကျင်သူများနှင့် နယ်မြေရဲများက ပူးပေါင်း ဆောင်ရွက်နေကြောင်း သိရသည်။
Yangon Traffic Control Center စတင်နိုင်မည် ဆိုလျှင် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို ၃၀ ရာခိုင်နူန်းခန့် ဖြေရှင်း နိုင်မည်ဟု ခန့်မှန်းထားပြီး စင်တာကို ယာဉ်ကြောပိတ်ဆို့မှုများ ဖြေရှင်းရေး၊ ယာဉ်အန္တရာယ် လျှော့ချရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာနိုင်ရန် အတွက် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း ဒေါက်တာ သန်းဝင်း က ပြောသည်။
ဆက်လက်၍ ၎င်းက“အခု တင်ဒါရတဲ့ ကုမ္ပဏီမှ မဟုတ်ဘူး ဘယ်ကုမ္ပဏီပဲဖြစ်ဖြစ် လုပ်ရင် ၆ လနဲ့ ပြီးစီးဖို့ မဖြစ်နိုင် ဘူး။ ဒါက အရင် အစိုးရ လက်ထက်ထဲက စာချုပ် ချုပ်ဆိုထားတာ ဖြစ်တယ်။ စာချုပ်အရဆိုရင် ချုပ်ဆိုတဲ့ ၂၀၁၆ ခုနှစ်ထဲက ပြီးရမှာ ဒါပေမယ့် ကုမ္ပဏီက သက်တမ်း နုသေးတယ်။ ပြီးတော့ လိုအပ်ချက်လေးတွေလည်း ရှိနေလို့ အခု ချိန်ထိ ကြာနေတာဖြစ်တယ်”ဟု ရှင်းပြသည်။
လက်ရှိအချိန်တွင် မီးပွိုင့် ၁၅၄ ခုကို တပ်ဆင်ခြင်း၊ ယာဉ်ကြော ထိန်းချုပ်ရေးစင်တာ တည်ဆောက်မှု၊ ကင်မရာ တပ်ဆင် မှု ၉၀ ရာခိုင်နူန်း၊ ဆက်သွယ်ရေး ဖိုင်ဘာကြိုးများ တပ်ဆင်မှု ၈၀ ရာခိုင်နူန်း နှင့် လမ်းအမှတ်အသားများ ပြုပြင်ရေးဆွဲမှု ၆၀ ရာခိုင်နူန်းတို့ ပြီးစီးသွားပြီ ဖြစ်ကြောင်း YRTA မှ သိရသည်။
ကင်မရာတချို့၏ မှတ်သားထားမှု၊ ယာဉ်အစီးရေ အမျိုးအစား အားလုံးကောက်ယူနိုင်မှု၊ ကင်မရာ အနေအထား မှန်ကန် အောင် ပြင်ဆင်နေမှုများ၊ လက်ရှိ လည်ပတ်နေသော စနစ်များမှ ယာဉ်ကြော ထိန်းကွပ်မှု ပိုမိုကောင်းမွန်စေ ရန် အတွက် အချိန်ကိုလိုက်၍ ပြောင်းလဲနိုင်သော စနစ်ဖြစ်စေရန် တို့ကိုလည်း တင်ဒါရရှိသော ကုမ္ပဏီက လုပ်ဆောင် နေဆဲ ဖြစ်ကြောင်း YRTA အတွင်းရေးမှူး ဒေါက်တာ သန်းဝင်းက ပြောသည်။
ယင်းအပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) နှင့် China railway 21 st Bureau group Co,Ltd (CRCC) တို့ ပူးပေါင်း၍ မီးခွက်အဟောင်းများ ဖြုတ်ယူ သိမ်းဆည်းရာတွင် မီးပွိုင့် ၁၄၅ နေရာအနက် နေရာ ၇၀ သိမ်းဆည်းပြီး ဖြစ်ကြောင်းလည်း YCDC မှ သိရသည်။
ပန်းပဲတန်းမြို့နယ် တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ၁ ဦးသန်းနိုင်ဦးက“ဒီYangon Traffic Control Center နဲ့ ပတ်သက်လို့ တချို့ကလည်း ထွက်ပြေးသွားပြီတွေ ဘာတွေပြောတယ်။ ဒါပေမယ့်် YRTA ကတော့ မပြေးပါဘူး၊ သူ့တို့ နဲ့ ဆက်ပြီး ဆောင်ရွက်နေပါတယ်လို့ ပြောပါတယ်။ တခု ကျနော်တို့ကို ဝန်ခံသွားတာကတော့ အတွေ့အကြုံ လုံးဝမရှိတဲ့ ကုမ္ပဏီဖြစ်တယ်။ ဒါကြောင့် နှောင့်နှေးမှုတွေနဲ့ ကြုံနေရတယ်လို့ ပြောပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အတွေ့အကြုံမရှိသည့် ကုမ္ပဏီဖြစ်လျှင် အတွေ့အကြုံရှိသော ကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ဆောင်သင့်သည်ဟု လွတ်တော် ကိုယ်စားလှယ် များကလည်း ပြောကြားထားကြောင်း ၎င်းက ပြောပြသည်။
“နှောင့်နှေးလို့လဲ သူတို့ကုမ္ပဏီက တရက်ကို ကျပ် ၁ သိန်း ဒဏ်ကြေး ဆောင်နေရတယ်။ အခုဆိုရင်တော့ မီးပွိုင့် အဟောင်းတွေ ဖျက်နေတယ်လို့ YRTA က ပြောထားပါတယ်”ဟုလည်း ဦးသန်းဦးက ပြောဆိုသည်။
Yangon Traffic Control Center လုပ်ကိုင်ခွင့် တင်ဒါရရှိသော ကုမ္ပဏီအနေဖြင့် မီးပွိုင့်များ တပ်ဆင်ခြင်း၊ ဓာတ်တိုင် အဟောင်းများ လဲလှယ်ခြင်း စသည့် လုပ်ငန်းဆောင်တာများ မပြီးစီးသောကြောင့် လက်ရှိအချိန်ထိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ သို့ တရက်လျှင် ဒဏ်ကြေး ငွေကျပ် ၁ သိန်းနူန်းဖြင့် ပေးဆောင်နေရသည်ဟု ဆိုသည်။