ရှမ်းပြည်နယ် ကွတ်ခိုင် မြို့နယ်တွင် မက်သာဖက်တမင်း စိတ်ကြွဆေးပြား သန်း ၃၀၊ အိုက်စ် ၂ တန်နှင့် ဘိန်းဖြုများ စံချိန်တင် ဖမ်းမိခဲ့သည်ဟု မြန်မာအစိုးရက ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ကြေညာသည်။
ဇန်နဝါရီလ ၁၆ ရက်နေ့က ဖမ်းမိသည့် မူးယစ်ဆေး မှောင်ခိုဟု သံသယရှိသူ ၄ ဦးမှ တဆင့် အထက်ပါ မူးယစ်ဆေးများကို ဖမ်းမိခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။
“ဒါ အရေအတွက်အရရော၊ တန်ဖိုးအရပါ သမိုင်းမှာ အကြီးမားဆုံး ဖမ်းမိတာ” ဟု စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သောကြောင့် အမည် မဖော်လိုသူ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဆင့်မြင့် အရာရှိတဦးက AFP သတင်းသို့ ပြောသည်။
မက်သာဖက်တမင်း ဆေးပြားများ အပြင် ဘိန်းဖြူ ၅၀၂ ကီလိုဂရမ် (၁၁၀၄ ပေါင်) နှင့် အိုက်စ် ခေါ် မက်သာဖက်တမင်း ပုံဆောင်ခဲ ၁၇၅၀ ကီလိုဂရမ် စုစုပေါင်း တန်ဖိုး ဒေါ်လာ ၅၂ သန်းဖိုး ဖမ်းမိပြီး ထိုပမာဏမှာ ၂၀၁၇ ခုနှစ်အတွင်း ဖမ်းမိသမျှ မူးယစ်ဆေးအားလုံး၏ ၅ ပုံတပုံ နှင့်ညီမျှသည်။
စားပွဲပေါ်တွင် ပုံထားသော မူးယစ်ဆေးဝါးများ၏ ဓာတ်ပုံကိုလည်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။
မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန် ပြီးလျှင် ဒုတိယ အကြီးမားဆုံး ဘိန်း ထုတ်လုပ်သည့် နိုင်ငံဖြစ်သည်။ သို့သော် မက်သာဖက်တမင်း ဝယ်လိုအား အလွန် များပြားလာသောကြောင့် ဘိန်းစိုက်ပျိုးမှု ကျဆင်းလာကြောင်း ကုလသမဂ္ဂအပါအဝင် စောင့်ကြည့်သူများက ဆိုသည်။
ဥပဒေမဲ့သော နယ်စပ်ဒေသများသည် မက်သာဖက်တမင်း ထုတ်လုပ်သူများ အတွက် အချက်အချာ နေရာများ ဖြစ်ပြီး ဆေးပြားများနှင့် အိုက်စ်များကို ထုတ်လုပ်ကာ အရှေ့တောင်အာရှတခွင် ဖြန့်ချိကြသည်။
လူမျိုးစု လက်နက်ကိုင် အများအပြားသည် လက်နက်ဝယ်ရန် မူးယစ်ဆေးရောင်းသောကြောင့် မူးယစ်ဆေး မှောင်ခိုခြင်းသည်လည်း အထူးသဖြင့် စစ်ပွဲများ ဖြစ်ပွားနေသော ရှမ်းပြည်မြောက်ပိုင်းနှင့် နိုင်ငံတဝန်းတွင် များပြားလာသည်။
မူးယစ်ဆေး မှောင်ခိုမှု လမ်းကြောင်းသည်လည်း ပဋိက္ခများ ဖြစ်ပွားနေသည့် နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ် အထိ ကျယ်ပြန့်လာသည်။
တပ်မတော်က စစ်ဆင်ရေးများ ပြုလုပ်ပြီးနောက် ၂ လ အကြာ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဒေါ်လာ ၅ သန်းတန်သော မက်သာဖက်တမင်း ဆေးပြားများကို ၂၀၁၇ ခုနှစ် အောက်တိုဘာလက ဖမ်းမိခဲ့သည်။