မန္တလေး ကျုံးပတ်လည် ကာရံထားသည့် သံပန်းများ ပြောင်းလဲတပ်ဆင်မည့်ကိစ္စ အများပြည်သူ အကြံပြုချက် အပေါ် ဘက်စုံ သုံးသပ်ပြီးမှသာ တပ်ဆင်သွားမည်ဟု မန္တလေး ဒုတိယမြို့တော်ဝန် ဦးရဲမွန်က ဧရာဝတီ ကို ပြောသည်။
“စဉ်းစားပြီးရွေးချယ်တုန်းပဲရှိပါသေးတယ်။ Facebook မှာ မြို့တော်ဝန်ကြီး ချပြထားတဲ့ သံပန်း အရောင်တွေကလည်း နမူနာအနေနဲ့ အစမ်းတပ်ဆင်ပြထားတာပါ။ ဒါကို လုပ်ဖို့၊ မလုပ်ဖို့ ဝေဖန် အကြံပြုနေတဲ့ သူတွေလည်း အများကြီးရှိတော့ ကော်မတီအနေနဲ့ သေချာစဉ်းစားပြီးမှ ဆောင်ရွက် မှာပါ” ၎င်းကပြောသည်။
မန္တလေး ရတနာပုံ နန်းမြို့ရိုးရှိ ကျူံးနံဘေး လေးဘက်လေးတန်တွင် လက်ရန်း သံပန်းများ တပ်ဆင် ထား သော်လည်း ယခုအခါ စတီးလက်ရန်းဖြင့် ပြောင်းလဲ တပ်ဆင်ရန် စည်ပင်သာယာရေး ကော်မတီ က စီစဉ် နေခြင်းဖြစ်ပြီး၊ ဒေသခံများ အနေဖြင့် နောက်ခံကျုံးနှင့် လိုက်ဖက်မည့် အရောင် ဒီဇိုင်းများ အကြံပြုရွေးချယ် ရန် ပြီးခဲ့သည့် အင်္ဂါနေ့က မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ၎င်း၏ Facebook မှတဆင့် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
ဤသို့ ပြောင်းလဲတပ်ဆင်ရခြင်းမှာ လက်ရှိ အသုံးပြုထားသည့် သံပန်းများမှာ ခိုင်ခန့်မှုမရှိတော့ သကဲ့ သို့ ကျုံးနံဘေး အများပြည်သူ အပန်းဖြေသည့် နေရာတွင် ခိုင်ခန့်မှု၊ လုံခြုံစိတ်ချရမှုရှိပြီး မျက်စေ့ ပသာဒဖြစ် စေရန် ပြောင်းလဲတပ်ဆင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း၊ ထို့အတွက် ကုန်ကျစရိတ် ဘတ်ဂျက်ကိုလည်း လွှတ်တော်မှ အတည်ပြုပြီးဖြစ်ကြောင်း ဒုတိယ မြို့တော်ဝန် ဒေါက်တာရဲမွန်က ရှင်းပြသည်။
မူလ မန္တလေးတိုင်းဒေသကြီး အစိုးရမှ တာဝန်ယူ ပြုလုပ်မည့် မန်းသီတာဥယျာဉ် ပြန်လည်ဖွင့်လှစ်မည့် အစီ အစဉ်ကို တပ်မတော်(အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်)မှ တာဝန်ယူ ဆောင်ရွက်မည်ဟု ဆိုလာ သည့် အတွက် မူလရာထား သတ်မှတ်ထားသည့် ဘတ်ဂျက် သိန်း ၁ထောင်ကို တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြကာ ယခုကဲ့သို့ ကျူံးနံဘေး သံပန်း အသစ်များ တပ်ဆင်ရန် ပြုလုပ်ခြင်း ဖြစ်သည်ဟု သိရသည်။
အောင်မြေသာစံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညီမင်းဟန် ကမူ “စည် ပင်အနေနဲ့ လုပ်မယ်ဆိုရင် မြို့မှာ အခြားလိုအပ်တဲ့ နေရာတွေလည်း အများကြီး ရှိနေပါ သေးတယ်။ သုံးလို့ မရတဲ့ သံပန်းတွေ ပြန်ပြင်ရမှာက မှန်တယ်။ ဒါပေမဲ့ ဟိုအရင်ခေတ် အဆက် ဆက်ကတည်းက ဒီကျုံးဘေးပတ်လည်ပဲ လာလာ လုပ်နေကြတယ်။ ဒီနေရာက ထင်သာမြင်သာနဲ့ လူမြင်တာကိုး” ဟု ထောက်ပြပြောဆိုသည်။
မြို့လူထု၏ တုံ့ပြန်မှုတွင် တချို့ကလည်း သံပန်းကာရန်ရေးထက် မြို့အတွက် အရေးကြီးသည့် တခြား သော တည်ဆောက်ပြုပြင်ရေး လုပ်ငန်းများတွင် ယင်းကုန်ကျစရိတ်ကို အသုံးပြုရန်လည်းကောင်း၊ တချို့ ကလည်း သံပန်းသစ် ကာရံရေး အစီအစဉ်ကို သဘောတူပြီး ရှေးဟောင်းအမွေအနှစ် ပြယုဂ် တခုဖြစ်သည့် ကျုံးနှင့် လိုက်ဖက်သည့် အရောင်ကို အသုံးပြုရန်နှင့် ခိုင်ခန့်မှုကို အဓိကထားရန် ရေး သားခဲ့ကြသည်။
မန္တလေးမြို့ခံ စာရေးဆရာ ဆူးဌက်က “အခုလို လုပ်မယ့်အကြောင်း စည်ပင်က လူထုကို ချပြတာ ကောင်းတယ်။ ကျုံးနံဘေး ဖြစ်နေလို့ မြန်မာမှု့ကြီး ဇွတ်ပါရမယ် ဆိုတာမျိုး မဟုတ်ပေမဲ့ ကျုံးမြို့ရိုးနဲ့ လိုက်ရောညီထွေ ဖြစ်မယ့် အရောင်၊ ဒီဇိုင်းမျိုးဆိုရင်တော့ ပိုပနံရ တာပေါ့၊ မလိုအပ်ဘဲ ပလက်ဖောင်း ရွှေချနေတာမဟုတ် ဘဲ တကယ် ပြင်ဆင်ဖို့ လိုအပ်လို့ လုပ်ရတာ ဆိုရင် လက်ခံပါတယ်၊ ဒါပေမယ့် ရေရှည်အတွက်ဖြစ်အောင် ခိုင်ခိုင်ခန့်ခန့်တော့ လုပ်သင့်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။