နိုင်ငံ့ဝန်ထမ်းများ၏ စိတ်ဓာတ်နှင့် လုပ်ငန်းစွမ်းဆောင်ရည်များ မြှင့်တင်ပေးရန် အစိုးရအား တိုက် တွန်းသော အဆိုကို ပြည်သူ့လွှတ်တော်ကလက်ခံ ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ရက်က ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် သဘောတူခဲ့ ခြင်းဖြစ်ပြီး ယင်းအဆိုကို ရန်ကုန်တိုင်းဒေသကြီး ခရမ်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာအေးမင်းက တင်သွင်းခဲ့ခြင်းဖြစ်သည်။
ဒေါက်တာ အေးမင်းက “အဓိက ကျနော်တို့ နိုင်ငံမှာ ဝန်ထမ်းလောက နဲ့ ပြည်သူလူထု လောကဟာ တယောက်နဲ့ တယောက် ညီညွတ်မှု မရှိဘူး။ သံသယတွေနဲ့ ဝန်ထမ်းကလည်း ပြည်သူလူထုက ငါ့ကို ဘယ်အချိန်များ ချောက်တွန်းပြီး ထောင်ထဲပို့မလဲ။ ပြည်သူလူထုကလည်း ဒီဝန်ထမ်း သူတို့ ဂွင်ထဲ ရောက်ရင် ငါ့ကို ဘယ်လို ညစ်လိုက်မလဲဆိုတာကို သံသယစိတ်တွေနဲ့ ဖြစ်နေတေ့ာ ထိထိရောက် ရောက် အရာမထင်ခဲ့ဘူး” ဟု လွှတ်တော် အပြီး မီဒီယာများကို ပြော သည်။
ဝန်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမည် ဖြစ်သည့်အတွက် အခုအဆိုကို တင်သွင်းရခြင်းဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောသည်။
အဆိုရှင် ဒေါက်တာ အေးမင်းက “ဘတ်ဂျက် ခွင့်ပြုအခြေအနေအရ ခွင့်ပြုခန့်ထားနိုင်သည့် ဝန်ထမ်း ဦးရေ နည်းပါးပြီးတေ့ာ တာဝန်ယူရတဲ့ အလုပ်တာဝန်တွေများပြားတယ်။ မနိုင်ဝန်ထမ်းရတယ်။ အလုပ်တွေမှာ မပျော်တေ့ာဘူး။ လုပ်ငန်းစွမ်းဆောင်ရည်ကျတယ်။ အလုပ်ကထွက်တယ်။ အဂတိ လိုက်စားတယ်။ ဒီလိုအခြေအနေအထိ ဖြစ်လာတယ်” ဟု ထည့်သွင်း ဆွေးနွေးခဲ့သည်။
ယင်းသို့ နိုင်ငံ့ဝန်ထမ်းများ၏ စိတ်ဓာတ်နှင့် လုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ပေးရာတွင်လည်း ဝန်ထမ်းများအတွင်း သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီပြီး ထူးချွန်စွာ တာဝန်ထမ်းဆောင်သူ များမှ သင့်လျော်သော ဝန်ထမ်း အရေအတွက်ကို ဘွဲ့တံဆိပ်၊ အဆောင်အယောင်များ၊ အပန်းဖြေ လေ့လာရေးခရီးများ နိုင်ငံရပ်ခြား ပညာတော်သင် ခရီးစဉ်များနှင့် အခြားသော ဂုဏ်ပြု ချီးမြှင့် အသိ အမှတ်ပြုမှုများ ပြုလုပ်ပေးခြင်းဖြင့် မြှင့်တင်ပေးပါရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။
ဒေါက်တာအေးမင်း တင်သွင်းခဲ့သည့်အဆိုကို ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးကလည်း ထောက်ခံခဲ့သည်။
၎င်းက နိုင်ငံ့ဝန်ထမ်းများကို အားပေးကူညီထောက်ပံ့မှုများပြုလုပ်သကဲ့သို့ အဂတိလိုက်စား မှုမရှိစေ ရန်လည်း ပြင်းထန်စွာ တားမြစ်ရမည် ဖြစ်ကြောင်း၊ လစာထက် အဆပေါင်းများစွာ ပိုင်ဆိုင်မှုရှိနေ သော အမှုထမ်း အရာထမ်းများကို အဂတိလိုက်စားမှု ကင်းအောင် စုံစမ်းစစ်ဆေးသော ယန္တရားတခု တည် ဆောက်ရန်လိုကြောင်းဖြင့် အဆိုကို ထောက်ခံကြောင်း လွှတ်တော်သို့ တင်ပြခဲ့သည်။
ပျဉ်းမနားမြို့မှ အငြိမ်းစား ကျောင်းဆရာမကြီး ဒေါ်မြခင်က “ ဘယ်ဝန်ထမ်းမဆို သူတို့ ကျတဲ့ နေရာ မှာ ပျော်အောင်နေတယ်။ တချို့ဝန်ထမ်းတွေဆို ကိုယ်ကျိုးမကြည့်ပဲ စွန့်လွှတ်တတ်ကြတယ်။ ဒါတွေ ကို အစိုးရအနေနဲ့ ပေးထားတဲ့ လစာနဲ့ ကုန်ဈေးနှုန်း မျှမျှတတ ဖြစ်ရင်ပဲ ဝန်ထမ်းတွေရဲ့ လိုအပ်ချက် ကို ဖြည့်ဆည်း ပေးရာရောက်ပါတယ်” ဟု ပြောသည်။
လက်ရှိ အစိုးရ လက်ထက်တွင် အမျိုးသမီး ဝန်ထမ်းများ မီးဖွားခွင့်ကို တဆက်တည်း ၆ လ ခံစားခွင့် ရရှိလာပြီး၊ မီးဖွားပါက ခင်ပွန်းဖြစ်သူကို စောင့်ရှောက်ခွင့် နှစ်ပတ် ရရှိကြောင်း၊ အကြောင်း တစုံ တရာ ကြောင့် အပြစ်ပေးအရေးယူခံရချိန် မကျေနပ်ပါက ဝန်ထမ်းများဘက်မှ အယူခံခွင့်ရရှိလာပြီး နိုင်ငံ့ဝန် ထမ်းများ အငြိမ်းစား ယူချိန်တွင် စိတ်အေးချမ်းသာစွာ နားခိုနိုင်ရန်အတွက် တန်ဖိုးသင့် အိမ်ရာများ ဆောက်လုပ်နိုင်ရန်လည်း စီစဉ်ထားသည်ကို တွေ့ရကြောင်း ဒေါက်တာအေးမင်း၏ အဆိုတွင် ပါရှိ သည်။
ဒက္ခိဏသီရိမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းက “ ဝန်ထမ်းတွေ ကိုယ်တိုင်က တက်တက်ကြွကြွနဲ့ ပူးပေါင်းပါဝင်ဖို့လည်း လိုအပ်ပါတယ်။ နိုင်ငံတော်က ထောက်ပံ့ တာတွေ၊ ချီးမြှောက်တာတွေ နိုင်ငံတော်ဘက် အားနည်းမှု ရှိတာတွေ တွေ့ရပါတယ်။ အခုလို ဝန်ထမ်း တွေ နိုးနိုးကြားကြားနဲ့ ပါဝင်လာအောင် တိုက်တွန်းတဲ့ အဆိုတရပ်ဖြစ်တဲ့ အတွက် လုပ်သင့်တဲ့ လုပ် ရပ် တခုဖြစ်ပါတယ်” ဟု ပြောသည်။
ဒေါက်တာ ဦးအေးမင်း တင်သွင်းသည့် အဆိုကို လက်ခံဆွေးနွေးရန် ကန့်ကွက်သူမရှိသဖြင့် ပြည်သူ့ လွှတ်တော်တွင် လက်ခံဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က ယင်း အစည်းအဝေးတွင်ကြေညာ ခဲ့ခြင်းဖြစ်သည်။