ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲဘော် ၃ ဦးနှင့် အရပ်သား ၁ ဦး အသတ်ခံရမှု အပေါ် ဆန္ဒဖော် ထုတ်ခဲ့ သော လူငယ် ၅ ဦး တရားစွဲဆိုခံရခြင်းနှင့် ပတ်သက်၍ ထပ်မံဆန္ဒပြရာတွင်
ဦးဆောင်သူ ၃ ဦး တရားစွဲဆိုလိုက် ကြောင်း သတင်းရသည်။
ထပ်မံတရားစွဲဆိုခံရသူ ၃ ဦးမှာ ကယန်းမျိုးဆက်သစ်လူငယ် (KNGY) ဗဟိုကော်မတီဝင် ခွန်းအသန်း၊ ကယန်းအမျိုးသား ပါတီ (KNP) ဥက္ကဋ္ဌ ခွန်းဘီးဒူ (ခ) လွှီးစီငြိမ်းနှင့် ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ (KSFU) ဥက္ကဋ္ဌ ခူးတူးရယ် (ခ)အန်ထော်ဏီတို့ဖြစ်သည်။
၎င်း ၃ဦးမှာ ယနေ့ လွိုင်ကော်မြို့နယ် တရားရုံးတွင် ပထမဆုံး အကြိမ် အမှုရင်ဆိုင်ရာ အာမခံယူရန် ငြင်းဆိုခဲ့ကြောင်း ကရင်နီပြည် လူငယ်များ သမဂ္ဂ (UKSY) အထွေထွေအတွင်းရေးမှူး ခွန်ဘားနဒ်က ဧရာဝတီကို ပြော သည်။
“တရားရုံးရောက်တာနဲ့ တရားသူကြီးက ချက်ချင်းခေါ်မေးတယ်။ အာမခံယူမှာလား။ မယူဘူးလား။ နောက် ခံဝန်ကတိ ထိုး ခိုင်းတယ်။ အဲဒါကို ကျနော်တို့ လူငယ်တွေက ငြိမ်းချမ်းရေးအတွက် ဆန္ဒဖော် ထုတ်တာ ကျနော်တို့မှာ အပြစ်မရှိဘူးလို့ ယူဆတဲ့အတွက် ခံဝန်လည်းမယူဘူး၊ အာမခံလည်း မယူ ဘူး၊ အဲဒီလို ပုံစံမျိုးဖြစ်တဲ့ အတွက် ထောင်အချုပ် ချလိုက်တာ” ဟု ၎င်းက ရှင်းပြသည်။
တရားစွဲဆိုခံရသူ ၃ ဦး တရားရုံးသို့သွားရာတွင်လည်း လွိုင်ကော်ဒေသခံ ၁၀၀၀ ခန့်က စီတန်းလှည့် လည် ဆန္ဒဖော်ထုတ်ရင်း လိုက်ပါ ပို့ဆောင်ပေးခဲ့ကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ် ရုံးရှေ့အရောက်တွင် ဝန်ကြီးချုပ်က ခေါ်ယူတွေ့ဆုံ သည့်အတွက် ဆန္ဒဖော်ထုတ်သူများက တိုက်ရိုက်တွေ့ပြီး ညှိနှိုင်းတောင်း ဆိုမှုများ ပြုလုပ်ခဲ့ကြောင်း၊ တောင်းဆိုမှု များကို ဝန်ကြီးချုပ် အနေဖြင့် တုန့်ပြန်ဆောင်ရွက် ပေးနိုင် ခြင်း မရှိသည့်အတွက် လွိုင်ကော်မြို့ထဲ ပတ်ပြီး ဆန္ဒဖော်ထုတ်မှုများ ဆက်လက် ပြုလုပ်ကာ တရားမျှ တမှုအတွက် တောင်းဆိုခဲ့ကြောင်း ပြောဆိုသည်။
၂၀၁၇ ဒီဇင်ဘာ ၂၀ ရက်က KNPP မှ ရဲဘော် ၃ ဦးနှင့် အရပ်သား ၁ ဦးကို တပ်မတော်က ဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်းအပေါ် တရားဝင် သတင်းထုတ်ပြန်ပေးရန်နှင့် တရားမျှတမှု ဖော်ဆောင်ပေးရန် ကရင်နီပြည်လူငယ်များသမဂ္ဂနှင့် ကရင်နီပြည် တောင်သူများသမဂ္ဂအဖွဲ့ဝင် လူငယ် ၅ ဦးအပါအဝင် ဒေသခံများက ဒီဇင်ဘာ ၂၂ ရက်တွင် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ ဦးဆောင်ဆန္ဒပြသူ ၅ ဦးကို တွင် လွိုင်ကော်မြို့မ ရဲတပ်ဖွဲ့မှ ငြိမ်းချမ်းစွာ စုဝေးနှင့် စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပ ဒေပုဒ်မ (၁၉)ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ပြီးနောက် ဇန်နဝါရီ ၁၂ ရက်နေ့တွင် တရားရုံးက ငွေဒဏ် ၃၀၀၀၀ သို့မဟုတ် ထောင်ဒဏ်ရက် ၂၀ ချမှတ်ရာ ထောင်ဒဏ်ကိုသာ ရွေးချယ်ခဲ့သည်။
ယင်း တရားစွဲဆိုခံရသူ ၅ ဦး ကိစ္စနှင့် ပတ်သက်၍ ဇန်နဝါရီ ၅ ရက်တွင် လွိုင်ကော်ဒေသခံများက မြို့ပေါ်၌ စီတန်း လှည့် လည် ဆန္ဒဖော်ထုတ်ခဲ့ရာ ဦးဆောင်ဟောပြောသူ ၃ ဦးကို ပုဒ်မ (၁၉)ဖြင့် ထပ်မံတရားစွဲဆိုကြောင်း ဇန်နဝါရီ ၁၇ ရက်တွင် ကာယကံရှင်များထံ အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး၊ ဒုတိယအကြိမ် ရုံးချိန်းကို ဇန်နဝါရီ ၂၃ ရက်နေ့ ချိန်းဆိုထားကြောင်း သိရသည်။