အင်ဒိုနီးရှားနိုင်ငံတွင် ယမန်နှစ် တတိယ ၃ လပတ် အတွင်း စိတ်ပျက်စရာ စုစုပေါင်း ပြည်တွင်း အသားတင် ထုတ်လုပ်မှု GDP နှင့် နှေးကွေးလာသော စားသုံးမှု ရှိခဲ့သော်လည်း သမ္မတ ဂျိုကိုဝီ ဝီဒိုဒို (Jokowi Widodo) သည် ခိုင်မာသော ထောက်ခံမှု ဆက်လက် ရရှိနေကြောင်း FT Confidential Research က ကောက်ယူခဲ့သည့် နောက်ဆုံးစစ်တမ်း အရ သိရှိရသည်။
သမ္မတအပေါ်လူထုထောက်ခံမှုနှုန်းမှာ ဒီဇင်ဘာလက ၅၆ ဒသမ ၄ ရာခိုင်နှုန်း ရှိနေပြီး ယင်းပမာဏသည် သူ့ကို လူထုထောက်ခံမှု အမြင့်ဆုံး အချိန် ဖြစ်သည့် ၂၀၁၇ ခုနှစ် စက်တင်ဘာလက လူထုထောက်ခံမှု နီးပါး၊ ရာထူးတာဝန် စတင် ထမ်းဆောင်စဉ်က နှုန်း၏ ၂ ဆကျော် ရှိနေသည်။
ဂျိုကိုဝီ အပေါ် လူထုထောက်ခံမှုသည် မှန်မှန် မြင့်တက်လာနေပြီး စီးပွားရေးတွင် စိန်ခေါ်မှုများနှင့် အင်ဒိုနီးရှားတွင် အမျိုး ဘာသာ သာသနာ နိုင်ငံရေး (identity politics) ခေါင်းထောင်ထနေ စေကာမူ သူသည် ပြည်သူလူထု၏ စိတ်နှလုံးကို ဖမ်းစားနိုင်ကြောင်း ပြသနေသည်။
အင်ဒိုနီးရှားနိုင်ငံသည် လွန်ခဲ့သောနှစ်က စိတ်ဝမ်း အကွဲပြားဆုံးသော ဒေသဆိုင်ရာ ရွေးကောက်ပွဲများကို ကြုံတွေ့ခဲ့ရသည်။ ထိုစဉ်က တရုတ်လူမျိုးစု ခရစ်ယာန် ဘာသာဝင် ဂျကာတာမြို့ဝန် ဘာဆူကီ ဂျာဟာဂျာ ပါနာမာ (Basuki Tjahaja Purnama) သည် အစ္စလမ် ဘာသာကို စော်ကားသည် ဟု စွပ်စွဲခံရပြီးနောက် ရာထူးကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။
၂၀၁၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲ အတွင်းက စတင်ခဲ့သော အမျိုးဘာသာ သာသနာ နိုင်ငံရေးသည် ဆက်လက်ရှိနေသေးကြောင်း ဘာဆူကီ ကျဆုံးစေခဲ့သော ဖြစ်ရပ်များနှင့် သူ့ကို ထောင်ဒဏ် ၂ နှစ် ချမှတ်ခြင်းက ထပ်မံအတည်ပြုလိုက်သည်ဟု အများက မြင်ကြသည်။ ထိုရွေးကောက်ပွဲအတွင်း ဂျိုကိုဝီကို ဆန့်ကျင်သူများက သူသည် အစ္စလမ်ဘာသာကို ဆန့်ကျင်သူ ဖြစ်သည်ဟု ပုံဖော်ပြီး သူ၏ မိသားစုသည် အင်ဒိုနီးရှားနိုင်ငံတွင် ပိတ်ပင်ထားသော အတွေးအခေါ် ဖြစ်သည့် ကွန်မြူနစ် ဝါဒနှင့် အချိတ်အဆက် ရှိသည်ဟု သွယ်ဝိုက် စွပ်စွဲခဲ့သည်။
ဂျိုကိုဝီသည် မွတ်စလင်ဖြစ်သော်လည်း မဲဆန္ဒရှင်များသည် အစ္စလာမ်မစ်ပါတီများကို ထောက်ခံသူများနှင့် အမျိုးသားရေး ပါတီများကို ထောက်ခံသူများ အဖြစ် ကွဲပြဲနေသော နိုင်ငံတွင် လောကီအမျိုးသားရေး ဝါဒီဟု သတ်မှတ်ခံရသည်။
တင်းမာမှု မြင့်မားလာခြင်း
အင်ဒိုနီးရှားနိုင်ငံ၏ ပြည်နယ်၊ ခရိုင်နှင့် မြို့ဝန်အုပ်ချုပ်သော ဒေသ စုစုပေါင်း ၁၇၁ ခုတွင် ဒေသဆိုင်ရာ ရွေးကောက်ပွဲများ ကျင်းပမည့် ယခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် နိုင်ငံရေး တင်းမာမှုများ တဖန်ပြန်လည် ဖြစ်ပေါ်လာမည် ဟု မျှော်လင့်ရသည်။
လာမည့် ၆ လတာ ကာလအတွက် အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံရေး အမြင်နှင့် ပတ်သက်သော လူထုသဘောထားကို ခန့်မှန်း တိုင်းတာသည့် Our Political Sentiment Index ခေါ် PSI သည် ယခင်က ၆၁ ဒသမ ၄ ရှိရာမှ ၂၀၁၇ ခုနှစ် စတုတ္တ ၃ လပတ်တွင် ၆၂ ဒသမ ၂ ရာခိုင်နှုန်းသို့ တိုးတက်လာသည်။
သို့သော် သမိုင်းအရ ပြောရပါက PSI သည် ၂၀၁၆ ခုနှစ် ဒုတိယ ၃ လပတ်မှ စတင်ပြီး ကျဆင်းနေကာ ဘာဆူကီ ဂျာဟာဂျာ ပါနာမာအား ဘာသာရေးကို စော်ကားသည်ဟု စွပ်စွဲသည့် ထိုနှစ်ကုန်တွင် အနိမ့်ဆုံးသို့ ကျဆင်းသွားသည်။
ဒေသဆိုင်ရာ ရွေးကောက်ပွဲများသည် ၂၀၁၉ ခုနှစ် ဧပြီလတွင် ကျင်းပမည့် သမ္မတနှင့် လွှတ်တော်ရွေးကောက်ပွဲများ အတွက် စင်မြင့် ဖြစ်သောကြောင့် ဂျိုကိုဝီ၏ အာဏာရ ညွန့်ပေါင်းအဖွဲ့အတွက် အရေးပါသည်။
အဓိက ပူပန်စရာမှာ နိုင်ငံတွင် လူဦးရေ အများဆုံးနှင့် စီးပွားရေး အကြီးမားဆုံးရှိသော အနောက် ဂျာဗားပြည်နယ် အုပ်ချုပ်ရေးမှူးသစ် ရွေးကောက်ပွဲ ဖြစ်သည်။ ထိုပြည်နယ်သည် ၂၀၁၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲ အတွင်းက ဂျိုကိုဝီ၏ ပြိုင်ဘက် ပရာဗိုဝို ဆူဘီယန်တို (Prabowo Subianto) က ဂျိုကိုဝီထက် မဲပိုမိုရရှိခဲ့သော နေရာအနည်းငယ်တွင် အနောက်ဂျာဗား ပြည်နယ် ပါဝင်သည်။
အနောက် ဂျာဗားပြည်နယ် မြို့တော် ဘန်ဒေါင်းမြို့တော်ဝန် ရစ်ဒဝမ်ကမဲ (Ridwan Kamil) သည် ပြည်နယ်အုပ်ချုပ်ရေးမှူး ရာထူး ရရှိရန် ရှေ့ဆုံးမှ ပြေးနေသူ ဖြစ်ကြောင်း ဒေသတွင်း စစ်တမ်းကောက်ယူမှုများက ပြသနေသည်။ ဆုရ ဗိသုကာ ပညာရှင် တဦး ဖြစ်ပြီး အင်စတာဂရန် Instagram ပရိသတ် ၇ ဒသမ ၅ သန်းရှိသော ရစ်ဒဝမ်ကမဲသည် ထောင်စုနှစ်သစ်တွင် မွေးဖွားသည့် လူငယ် မျိုးဆက်သစ်များ အကြား ရေပမ်းစားသည်။
သူသည် တသီးပုဂ္ဂလ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး အာဏာရညွန့်ပေါင်းအဖွဲ့မှ ပါတီငယ်တခု ဖြစ်သော NasDem ပါတီ၏ ထောက်ခံမှုကို သူက ကြိုဆိုသော်လည်း ဂျိုကိုဝီ၏ လောကီအမျိုးသားရေး Indonesian Democratic Party of Struggle (PDI-P) ပါတီ၏ ထောက်ခံမှုကို လက်ခံလိုစိတ် မရှိပေ။
အနောက် ဂျာဗားရှိ မွတ်စလင် ဘာသာရေး ဆရာများ နှင့် သြဇာကြီးမားသော မွတ်စလင် ဘာသာရေး ကျောင်းများက ရစ်ဒဝမ်ကမဲ အနေဖြင့် PDI-P နှင့် မပူးပေါင်းရန် အကြံပေးထားသည် ဟု သူ၏ မဲဆွယ်ပွဲနှင့် နီးစပ်သော ရင်းမြစ်များ၏ အဆိုအရ သိရသည်။
PDI-P ၏ထောက်ခံမှုနှင့် ၎င်း၏ကြီးမားလှသော နိုင်ငံရေး ယန္တရားကို လက်ခံခြင်းကြောင့် PDI-P ၏ လောကီ အတွေးအခေါ်ကို မလိုလားသော ရှေးရိုးစဉ်လာ မွတ်စလင်များ၏ ထောက်ခံမှုကို ဆုံးရှုံးနိုင်သည်။
နိုင်ငံရေး အစ္စလမ်
အင်ဒိုနီးရှား နိုင်ငံရေးတွင် ဘာသာရေး စိတ်ဓာတ် ရှေ့တန်း ရောက်လာကြောင်း စစ်တမ်းအရ သိရသည်။ စစ်တမ်းတွင် ဖြေကြားသူ ၃ ပုံ ၂ ပုံ က အင်ဒိုနီးရှား မွတ်စလင်များသည် ပိုမို ရှေးရိုးစဉ်လာ ဆန်လာသည် ဟု ထင်ကြောင်း ဖြေကြားသည်။
ထိုအချက်သည် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေး တက်ကြွသော ဘာသာရေး ဆရာများ အမြတ်ထုတ်နိုင်သော အချက် ဖြစ်သည်။ မေးမြန်းခဲ့သူများ၏ ၆၀ ရာခိုင်နှုန်းနီးပါးက အင်ဒိုနီးရှား တရားစီရင်ရေး စနစ်တွင် ရှာရီယာ ဥပဒေ (Sharia law) ကို ထည့်သွင်းသင့်သည် ဟု ဖြေသည်။
သို့သော် လောကီဆန်သော အင်ဒိုနီးရှား နိုင်ငံသားများ အတွက် အားတက်စရာများလည်း ရှိနေသည်။ ဖြေကြားသူများ၏ ၉၀ ရာခိုင်နှုန်းက Pancasila ခေါ် နိုင်ငံ၏ ဝါဒစုံ အခြေခံ အတွေးအခေါ်သည် အစ္စလမ် တန်ဖိုးများနှင့် ကိုက်ညီကြောင်း ဖြေကြားသည်။ ထိုအတွေးအခေါ် သည် ဘာသာရေး လွတ်လပ်ခွင့်ကို အာမခံပြီး ကွဲပြားစုံညီ ညီညွတ်မှု (Unity in Diversity) ကို ထိုအတွေးအခေါ်၏ ဆောင်ပုဒ် အဖြစ် သတ်မှတ်ထားသည်။
နိုင်ငံရေးအစ္စလမ် အယူအဆ ခေါင်းထောင်လာခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံသည် တနေ့တွင် အစ္စလမ်မစ်နိုင်ငံ ဖြစ်သွားနိုင်သည် ဟူသော ပူပန်မှုများကို စစ်တမ်းက ငြင်းဆိုသည်။
ထို့အပြင် ဖြေကြားသူများ၏ ထက်ဝက်ကျော်သည် ရှာရီယာ ဥပဒေကျင့်သုံးခြင်းကို ကြိုဆိုသော်လည်း ထိုဥပဒေကို ခေတ်စနစ်နှင့် ကိုက်ညီအောင် ပြန်လည် ဖွင့်ဆိုရမည် ဟု ဖြေကြားသူများ၏ ၄ ပုံ ၃ ပုံကျော်က ဖြေသည်။
အင်ဒိုနီးရှား မွတ်စလင် အများစုသည် ကျောက်ခဲနှင့် ပစ်ထု သတ်ဖြတ်ခြင်းနှင့် ကိုယ်လက်အင်္ဂါဖြတ်တောက်ခြင်း စသည့် အစွန်းရောက် သော ပြစ်ဒဏ်များကို လက်မခံနိုင်ကြောင်း ပြသသည့် ပညာရပ်ဆိုင်ရာ လေ့လာမှုနှင့် စစ်တမ်း၏ တွေ့ရှိချက်များသည် ကိုက်ညီလျှက်ရှိသည်။
၂၀၁၀ ခုနှစ် သန်းခေါင်စာရင်း အရ မွတ်စလင် ၈၈ ရာခိုင်နှုန်း ပါဝင်သော အင်ဒိုနီးရှား နိုင်ငံသားများ၏ အများစုသည် အတိုက်အခံများက စွပ်စွဲသည့်အတိုင်း ဂျိုကိုဝီသည် မွတ်စလင် ဆန့်ကျင်ရေးသမား ဖြစ်သည် ဆိုသော အချက်ကို လက်မခံကြပေ။
ဂျိုကိုဝီ၏ အစိုးရသည် အစ္စလမ် တန်ဖိုးများကို ထိခိုက်စေသည် ဟူသော အချက်ကို ဖြေကြားသူများ၏ ၆၅ ရာခိုင်နှုန်းက သဘောတူညီခြင်း မရှိပေ။
သို့သော်လည်း ဂျိုကိုဝီ အနေဖြင့် လျစ်လျူရှုထား၍ မရသည့် လူနည်းစု ရှိနေကြောင်း ပြသနေပြီး ဘာသာရေးစိတ်ကို လှုံ့ဆော်အသုံးချသော မဲဆွယ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် လိုကြောင်း ပြသနေသည်။
ဂျိုကိုဝီသည် ယခု စစ်တမ်း အရ လူထုထောက်ခံမှုနှုန်း ၅၀ ရာခိုင်နှုန်းနှင့် အောက်သာ ရှိသည့် ပြည်နယ် ၈ ခုတွင် အကြီးမားဆုံးစိန်ခေါ်မှုနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ထိုပြည်နယ်များတွင် အနောက် ဂျာဗားသည် အထင်ရှားဆုံး ဖြစ်သည်။
၂၀၁၄ ခုနှစ်က ရွေးကောက်ပွဲတွင် ပရာဘိုဝိုသည် ထိုပြည်နယ်များ အနက် ၅ ခုတွင် အနိုင်ရခဲ့ပြီး ၂၀၁၉ ရွေးကောက်ပွဲတွင်လည်း အဓိကပြိုင်ဘက် ဖြစ်လာနိုင်သေးသည်။ အခြား ပြည်နယ် ၃ ခု ဖြစ်သော လမ်ပန်၊ အရှေ့ကာလီမန်တန်နှင် တောင် ဆူလာဝေစီ တို့တွင် ဂျိုကိုဝီသည် ဂျကာတာ မြို့တော်ဝန်ဟောင်း ပါနာမာ အပေါ် အများ မုန်းတီးမှုကြောင့် ရှုံးနိမ့်ခဲ့သည်။ ထိုစဉ်က ဂျိုကိုဝီ သည် ပါနာမာအား တရားစီရင်ခြင်းကို ဟန့်တားသည် ဟု စွပ်စွဲခံခဲ့ရသည်။
အမျိုးဘာသာ သာသနာ နိုင်ငံရေးသည် အင်ဒိုနီးရှား နိုင်ငံရေးကို ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲများ နောက်တွင်ပင် ဆက်လက် သြဇာ လွှမ်းမိုးနေမည် ဖြစ်သည်။ သို့သော် ယခုစစ်တမ်းအရ အင်ဒိုနီးရှားမွတ်စလင်များသည် အစ္စလမ် ဝှက်ဖဲဖြင့် ကစားသည့် နိုင်ငံရေးသမားများ သို့မဟုတ် ဘာသာရေး သမားများဘက်သို့ ယိမ်းမည် မဟုတ်ကြောင်း ပြသနေသည်။
ဂျိုကိုဝီ ပြန်လည် ရွေးကောက်ခံရခြင်းသည် သူ၏ လုပ်ဆောင်မှုများ အပေါ် မဲဆန္ဒရှင်များ၏ အမြင်နှင့်သာ သက်ဆိုင်သည်။
ယခင်က စစ်တမ်း အစီရင်ခံစာများတွင် ဖော်ပြခဲ့သည့် အတိုင်းပင် ဂျိုကိုဝီသည် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတို့တွင် အမှတ်လွန်စွာ မြင့်မားနေသည်။
သူ၏ အစိုးရသည် အစ္စလမ်တန်ဖိုးများကို ထိခိုက်စေသည် ဟု ယူဆသော အရေးပါသည့် လူနည်းစုက ဆုပ်ကိုင်ထားသည့် အမြင်ကို ကိုင်တွယ် ဖြေရှင်းရန်လည်း ဗျူဟာတရပ် ရှာဖွေရန်လိုသည်။
(www.asia.nikkei.com တွင် ဖော်ပြထားသည့် Jokowi s popularity strong ahead of Indonesian elections ကို ဘာသာပြန်သည်။)