မြန်မာ-ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ သဘောတူညီချက်အရ ဒုက္ခသည်များကို မနက်ဖြန်တွင် စတင်လက်ခံရမည် ဖြစ်ရာ မြန်မာနိုင်ငံမှ အဆင့်သင့် ဖြစ်နေကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။
သို့သော် ယနေ့ အချိန်အထိ ပြန်ပို့မည့် ဒုက္ခသည်စာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပေးပို့လာခြင်း မရှိသေးကြောင်း သတင်းရရှိသည်။
ပြန်လည် လက်ခံမည့် မောင်တောဒေသ တောင်ပြိုလက်ဝဲ၊ ငါးခူးရ ကျေးရွာတို့တွင် ဒုက္ခသည်များ နေထိုင်နိုင်မည့် တဲများ၊ ကြိုပို့ပေးမည့် မော်တော်ယာဉ်များ၊ ရေ၊ မီး အစုံနှင့် အစားအသောက်များအတွက်ပါ ပြင်ဆင်ထားပြီးကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။
ဒေါက်တာ ဝင်းမြတ်အေးက“ပြန်လည် လက်ခံရေး သဘောတူစာချုပ်အရ ၂၃ ရက်နေ့က စလို့ ရတဲ့နေ့ဖြစ်တယ်။ ဒါကြောင့် ၂၃ ရက်နေ့ မှာ ပြန်လည် လက်ခံရေးနဲ့ နေရာချထားရေးဘက်က အဆင်သင့် ပြင်ထားပါတယ်။ ပြန်လည် ဝင်ရောက်မယ့်သူတွေလာရင် အဆင် သင့်ဖြစ်အောင်ပါ။ စာရင်းရပြီဆို မနက်ဖြန် စလို့ ရပြီ။ သို့သော် မနေ့ကအထိ မရသေးဘူး”ဟု ယနေ့ လွှတ်တော်တွင် သတင်း ထောက် များကို ပြောသည်။
မြန်မာဘက်မှ စိစစ် အတည်ပြုပြီး ဖြစ်သည့် မွတ်စလင် ၇၅၀ ၊ ဟိန္ဒူ ၅၀၀ ကျော် စာရင်းကို ပေးပို့ပြီး ဖြစ်ကြောင်း ယင်းလူများကို ပြန်လို ခြင်း ရှိ၊ မရှိကို သက်ဆိုင်ရာ ဒုက္ခသည် စခန်းများတွင် စာရင်းကောက်ယူပြီး မြန်မာဘက်သို့ ပြန်ပို့ပေးရမည် ဖြစ်ကြောင်း၊ ရောက်ရှိလာ သူများကို လက်ခံမည့်နေရာတွင် တညသိပ်၍ ကြားစခန်းကို ပို့ဆောင်ပေးရန် စီစဉ်ထားကြောင်း သိရသည်။
ကြားစခန်းမှတဆင့် ရောက်လာသူများကို သက်ဆိုင်ရာ ၎င်းတို့နေရာများ၊ အိမ်များသို့ ပြန်လည် ပို့ဆောင်ပေးရန် ရှိပြီး ၎င်းတို့၏ အိမ်များ မှာ မီးလောင်ထားသဖြင့် လှဖိုးခေါင်ဟု ခေါ်သည့် ကြားစခန်းတွင် အချိန်အတိုင်းအတာ တခုအထိ နေထိုင်ရအုံးမည် ဖြစ်ကြောင်း၊ အိမ်များ ဆောက်လုပ်ပြီးပါက ထိုနေရာများတွင် နေရာချပေးမည်ဖြစ်ကြောင်း အထက်ပါ ဝန်ကြီးဌာနမှ သိရသည်။
ဘူးသီးတောင် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွေက “ဒီကိစ္စတွေကို အစိုးရ ဘယ်လို လုပ်နေလဲဆိုတာ မသိရဘူး။ သူတို့ ပြန်လာမယ့်ဟာကို ဒေသခံတွေက သဘောထား ထုတ်ပြန်ထားတာရှိတယ်။ ရခိုင်တွေက အဲဒီနေရာတွေမှာ ပြန်လာ မယ့်သူတွေကို လက်မခံချင်ဘူး။ သူတို့တွေ ပြန်လာရင် ဒီမှာ ပြဿနာ ထပ်ဖြစ်ဦးမယ်လို့ ဒေသခံတွေက ယုံကြည်နေကြတယ်”ဟု ဆိုသည်။
ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး ၊ ပြည်လည် နေရာချထားရေး ၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) အဖွဲ့ ဒု ဥက္ကဋ္ဌ ဖြစ်သည့် ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်သော အဖွဲ့သည် ဒုက္ခသည်များ ပြန်လည် လက်ခံ နိုင်ရေးအတွက် ဇန်နဝါရီလ ၁၅ ရက်က ရခိုင် ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့်အတူ စိစစ် လက်ခံမည့်စခန်းများ ဆောင်လုပ်နေခြင်း၊ UEHRD ယာယီ မိုးကာ တဲများ ဆောက်လုပ်နေမှုများ၊ နေအိမ်များ ဆောက်လုပ်ရန် မြေညှိနေမှုများကို သွားရောက်ကြည့်ရှုခဲ့ပြီး ဖြစ်သည်။
“သူတို့ဆီက စာရင်း မရောက်လာသေးပေမယ့် ကျနော်တို့ဆီက အဆင်သင့်ပဲ။ ဝန်ထမ်းတွေလည်း ၁၉၊ ၂၀ ထဲကစ အဆင့်သင့် ရောက် နေကုန်ပြီ။ အကျွေးအမွေးအတွက်ရော သယ်ယူပို့ဆောင်ရေးအတွက်ရော ပြင်ဆင်ထားပြီးပြီ။ မော်တော်ယာဉ်၊ ရေ၊ မီး အကုန် ပြင်ထား ပေးတယ်။ မနေ့ကအထိတော့ စာရင်းမရောက်သေးဘူး။ လက်ခံ မရသေးဘူးလို့ ပြောတယ်”ဟု ဒေါက်တာ ဝင်းမြတ်အေးက ဆိုသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဒုက္ခသည် ၆ သိန်းကျော် နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဝင်ရောက်သွားခဲ့ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့် သတင်းများ တွင် ဖော်ပြလျက်ရှိသည်။