အခြေခံပညာ အဋ္ဌမတန်းမှ ဒသမတန်း အထိ ၃ တန်းကို အင်္ဂလိပ်စာ သင်ရိုးညွန်းတမ်းနှင့် သင်ကြားပုံစနစ် ပြောင်းလဲ ရန် အမျိုးသား လွှတ်တော်တွင် တင်သွင်းသည့် အဆို ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
အဋ္ဌမတန်း (Grade 9)မှ စတင်၍ အင်္ဂလိပ်စာဘာသာ သင်ရိုးညွှန်းတမ်းများနှင့် သင်ကြားပုံစနစ်များ၊ အကဲဖြတ်စနစ် ( စာမေးပွဲ)ကို ခေတ်နဲ့လျော်ညီစွာ အင်္ဂလိပ်စာစွမ်းရည် ၄ မျိုးဖြစ်သည့် (Reading, Writing, Speaking, Listening) ပါဝင် သော စနစ်သို့ ပြုပြင်ပြောင်းလဲ သင်ကြားရန် တင်သွင်းသည့် အဆိုကို မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ဇန်နဝါရီ ၂၂ ရက်က ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး၊ စတုတ္ထနေ့တွင် ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၁၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ ၏ အင်္ဂလိပ်စာ သင်ရိုး ညွှန်းတမ်း များနှင့် ပတ်သက်သည့် အဆိုကို ကိုယ်စားလှယ် ၆ ဦး က ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုရှင် ဒေါ်ထုမေ က “ကျမ အဆိုတင်တာက အဋ္ဌမတန်းကနေ ဆယ်တန်းထိဆိုတေ့ာ သုံးတန်းပဲ ပြုပြင်ရမှာပါ။ သုံးတန်း ပြုပြင်လိုက်တာနဲ့ ဆယ်တန်းအောင်ပြီဆိုရင် လူငယ်တွေ 4 Skills ကို တတ်မြောက်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဝန်ကြီးဌာနအနေနဲ့ မှတ်တမ်းအဖြစ်သာ ထားရှိမယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ အင်္ဂလိပ်စာ 4 Skills ကို မှတ်တမ်းမှာပဲ ရှိနေပြီး လက်တွေ့မကျင့်သုံးနိုင်တဲ့ အခြေအနေ ရောက်သွားတယ်လို့ပဲ ကျမ သုံးသပ်ပါတယ်” ဟု လွှတ်တော် အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောသည်။
ဒေါ်ထုမေ တင်သွင်းခဲ့သည့် အဆိုမှာ ကြယ်ပွင့်ပြမေးခွန်း အဆိုဖြစ်၍ လွှတ်တော်အတွင်း ပြန်လည် မေးမြန်းရန် အတွက် ယခု အချိန်တွင် စဉ်းစားနေဆဲ ဖြစ်သည်ဟု သိရသည်။
ယင်း အဆိုကို ဆွေးနွေးခဲ့သည့် ခြောက်ဦးအနက် တပ်မတော်သားကိုယ်စားလှယ် ဦးခင်မောင်ချိုနှင့် ပဲခူးတိုင်း ဒေသ ကြီး မဲဆန္ဒနယ် အမှတ်( ၆)မှ ဦးမင်းဦးတို့က အပြုသဘောဆောင်၍ ဆွေးနွေးခဲ့ပြီး၊ ကျန်သည့် ကိုယ်စားလှယ် ၄ ဦးက ထောက်ခံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
တပ်မတော်သား ကိုယ်စားလှယ် ဦးခင်မောင်ချိုက “ပညာရေးကို ဖြတ်လမ်းနည်းဖြင့် လိုက်လို့မရတေ့ာပါကြောင်း၊ ယခု ရေတွင်းတူး၊ ယခု ရေကြည်သောက်လို့ မရပါဘူး။ ပညာရေးဆိုတာ ရေရှည်ဆောင်ရွက်ရသော၊ သိမ်မွေ့ နက်နဲသော ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းဖြစ်ပြီး၊ ပညာရေးတွင် 4 Skills ကို ကျွမ်းကျင်လိုပါက ပဓာနကျသော ပုဂ္ဂိုလ်များကတေ့ာ ပညာရေးကို ဦးစားပေး ဆောင်ရွက်နေသော ပညာရေးဝန်ကြီးဌာနရှိ တတ်သိ ပညာရှင်များ၊ မိဘများ၊ ဆရာများနှင့် မှတ်သား သင်ယူလိုစိတ်ရှိသော ကျောင်းသား၊ ကျောင်းသူများသာ အဓိကဖြစ်ကြောင်း အကြံပြု ဆွေးနွေး လိုပါတယ်” ဟု ထည့်သွင်း ဆွေးနွေးသွားသည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ကလည်း “အထက်တန်းအဆင့် အောင်မြင်ပြီး ကျောင်းသား၊ ကျောင်းသူများသည် အင်္ဂလိပ်စာကို အတိုင်းအတာ တခုအထိ ရေးသားပြောဆို လာနိုင်စေရန် ဦးတည် ပြီး အထောက်အကူ ပြုသည့် ကျောင်းသုံးဖတ်စာအုပ်များ၊ ပြုစုအသုံးပြုနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း၊ ပညာရေးကဏ္ဍ အနေနဲ့လည်း အလေးအနက်ထား ဆောင်ရွက်နေသဖြင့် လွှတ်တော်ကိုယ်စားလှယ် ၏ အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိသွားပါမည်”ဟု အဆိုကို ပြန်လည် ဖြေကြားခဲ့သည်။
ပညာရေးဝန်ကြီးဌာန အနေဖြင့် အမျိုးသား ပညာရေးမဟာဗျူဟာ စီမံကိန်း ၂၀၁၆-၂၀၂၁ အရ ရေတို၊ ရေရှည် စီမံကိန်း တွင် အင်္ဂလိပ်စာ စွမ်းရည် လေးမျိုးအပေါ် အခြေခံ၍ ပြင်ဆင်ရေးဆွဲသွားမည့် သင်ရိုးညွှန်းတမ်း အသစ်များ၊ ဆရာ၊ ဆရာမများ ပြုစုပျိူးထောင် သင်ကြား လေ့ကျင့်ပေးရေးတို့မှ သင်ကြားသင်ယူ နည်းစနစ် အသစ်များ။ စနစ် အသစ် များဖြင့် ဆရာ၊ ဆရာများအား မွေးထုတ်သွားမည် ဖြစ်သည်ဟုလည်း ဒေါက်တာ မျိုးသိမ်းကြီးက ဆိုသည်။
ဒေါ်ထုမေက အဆိုရှုံးနိမ့်မှုကြောင့် ကျောင်းသူ၊ ကျောင်းသားများ အတွက် မည်မျှနစ်နာသည် မတိုင်းတာနိုင်သော် လည်း နိုင်ငံ အနေဖြင့် လူသား အရင်းအမြစ် ဆုံးရှုံးဆဲ၊ ဆုံးရှုံးမြဲ ဆက်ပြီး ဖြစ်နေမည်ဟု ပြောသည်။
“ပြီးခဲ့တဲ့ နှစ်က Kg စတယ်။ အခုဆိုရင် ပထမတန်း စပြီ၊ သူတို့က သူငယ်တန်းနဲ့ ပထမတန်းမှာ 4 Skills ပါမယ်။ သူတို့က တနှစ်ကို တတန်းနှုန်းနဲ့ ပြောင်းလဲသွားမယ်။ တနှစ်ကို တတန်းနှုန်းနဲ့ ဆိုတေ့ာ ၂၀၁၇-၂၀၁၈ မှာ ဒုတိယတန်း သင်နေရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေက စပြီး လွတ်ပြီ၊ သူတို့က ၁၀ နှစ်လောက်ကို လွတ်သွားတေ့ာမှာ၊ တကယ် တမ်း စနစ်သစ်ကို အကျိူးခံစားရမှာက ၂ တန်းပဲ ရှိသေးတာ”ဟု လက်ရှိ ကျင့်သုံးနေသည့် ပညာရေးစနစ်ကို ဒေါ်ထုမေက ရှင်းပြသည်။
တောင်ကုတ် ဒီဂရီ ကောလိပ် အခြေစိုက် ပညာဌာနမှ ကထိက ဒေါက်တာ အာကာမိုးသူ ကလည်း အဆိုကို မှတ်တမ်း အနေဖြင့် ထားရှိမည့် အပေါ် သုံးသပ်ပြောကြားသည်။
“ပညာရေး အဆောက်အအုံ ဆိုတာ အနာဂတ်ရဲ့ မျှော်မြင်မှု ရှိရမယ်။ Generation ကို စာနာမှုရှိရမယ်။ ပြုပြင်ပြောင်း လဲ မှုကို အုပ်စုဖွဲ့ပြီးတော့ အနိုင်ကျင့်တဲ့ ဟာမျိုး မလုပ်ရဘူး။ နောက်ပြီး လွှတ်တော်မှာ ဝင်နေတဲ့ အုပ်စုတဖွဲ့လုံးမှာ စဉ်းစားစရာ ရှိတာက ပညာရေးနဲ့ ပတ်သက်ပြီးတော့မှ ပြည့်စုံ လုံလောက်တဲ့၊ ပညာရေးကို စဉ်းစားထားတဲ့ အဆောက် အအုံ မရှိသေးဘူးဆိုတဲ့ အရာက ဝမ်းနည်းစရာဖြစ်စေတယ်။ အခုအခြေအနေဟာ လွှတ်တော်ထဲကို ပညာရေးကို စဉ်းစား တတ်တဲ့ လူထုအဖွဲ့အစည်းတခုကို ထိုးသွင်းဖို့ လိုလာပြီလို့ မီးမောင်းထိုးပြထားတယ်” ဟုလည်း ၎င်းက ပြောဆို သည်။
ယင်းအဆိုကို အတည်ပြုရန်အတွက် အမျိုးသားလွှတ်တော်အတွင်းမဲခွဲ ဆုံးဖြတ်ရာ ထောက်ခံမဲ ၉၆ မဲ၊ ကန့်ကွက်မဲ ၁၀၂ မဲနှင့် ကြားနေမဲ ၁ မဲ ဖြစ်ပြီး၊ ကန့်ကွက်မဲ ၆ မဲ သာနေသဖြင့် ယင်းအဆိုကို လွှတ်တော်က အတည်မပြုကြောင်း အမျိုးသား လွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။