ရခိုင်ပြည်နယ် မြောက်ဦးမြို့ အဓိအရုဏ်း ဖြစ်စဉ်အတွင်း သေနတ်ဒဏ်ရာ အပါအဝင် ထိခိုက်ဒဏ်ရာရ၍ စစ်တွေမြို့ ပြည်သူ့ ဆေးရုံ၌ ဆေးကုသမှု ခံယူနေကြသော ရခိုင်တိုင်းရင်းသား လူငယ် ၈ ဦးကို ဇန်နဝါရီလ ၂၃ ရက် နံနက် ၉ နာရီ ခန့်က ရဲတပ်ဖွဲ့ဝင်များ လာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။
အဆိုပါ ရခိုင်တိုင်းရင်းသား လူငယ် ၈ ဦးကို လက်ရှိ အချိန်တွင် စစ်တွေပြည်သူ့ ဆေးရုံရှိ အချုပ်သားများ ထားရှိသည့် အဆောင်တွင် ထားပြီး စစ်ဆေးနေကြောင်း မိဘများက ပြောပြသည်။
ဖမ်းဆီးခံရသူ အသက် ၁၈ နှစ်ရှိ ကိုချေမောင် ၏ ဖခင် ဦးမြအေးက“ကျနော့်သားကို အောက်ထပ်ကိုချမယ် ဘာမှ မစိုးရိမ်နဲ့ ဆိုပြီးတော့ ရဲတွေ ထမ်းပြီးခေါ်သွားတာ အခု အချုပ်ခန်းထဲကို ရောက်သွားပါတယ်” ဟု ဧရာဝတီသို့ ပြော သည်။
ဖမ်းဆီးခံလိုက်ရသည့် ရခိုင်တိုင်းရင်းသား လူငယ် ၈ ဦးသည် မြောက်ဦး အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး နောက်နေ့တွင် ဒဏ်ရာပြင်းထန်သည့် အတွက် စစ်တွေမြို့ ပြည်သူဆေးရုံသို့ ပြောင်းရွှေ့၍ ကုသမှုများကို ခံယူနေကြ သူများ ဖြစ် သည်။
ဖမ်းဆီးခံရသူ ကိုအောင်ေဋ္ဌး၏ ဖခင် ဦးဘသာ ကလည်း“ကျနော့်သားဆို ခြေထောက်က ဒဏ်ရာတွေတောင် မကောင်း သေးဘူး။ စတီးရိုးတပ်ထားလို့ ထောက်လို့တောင် မရသေးဘူး။ အောက်ထပ်ကို ချမယ် ပြောပြီးတော့ ဖမ်းသွားတာ”ဟု ပြောသည်။
ယင်းဆေးရုံ အချုပ်ခန်းရှေ့တွင် တာဝန်ကျနေသော ရဲအရာရှိများကို မည်သည့်ပုဒ်မဖြင့် ဖမ်းဆီးခြင်းကို မေးမြန်းခဲ့ သော် လည်း အဖြေမရရှိခဲ့ပေ။
ဖမ်းဆီးခံရသည့် လူနာများ၏ မိသားစုဝင်များသည် လက်ရှိအချိန်တွင် ဖမ်းဆီး စစ်ဆေးနေသော ဆေးရုံ အချုပ်ခန်း ရှေ့တွင် အခြေအနေများကို စောင့်ဆိုင်းနေကြသည်။
မြောက်ဦးမြို့တွင် ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ဝမ်းနည်းမှု အထိမ်းအမှတ်ပွဲ ကျင်းပခွင့် ပိတ်ပင် ခံရခြင်းနှင့် ပတ်သက်ပြီး ဖြစ်ပွားခဲ့သော အဓိကရုဏ်းကြောင့် ရခိုင်လူငယ် ၇ ဦးသေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ သည်။
ဒဏ်ရာရရှိသော လူနာများထဲမှ ၄ ဦးသည် မြောက်ဦးမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး ၈ ဦးသည် စစ်တွေမြို့ ပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ ကုသခဲ့ကြခြင်း ဖြစ်သည်။