ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းများ၊ ရှမ်းနိုင်ငံရေးပါတီများနှင့် ရှမ်းလူထုအခြေပြု အဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းထားသော ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) ၏ ဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်း တာဝန်ယူရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) က ပြောသည်။
CSSU ၏ လက်ရှိ ဥက္ကဋ္ဌ တာဝန်ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က တာဝန်ယူထားပြီး ယခုနှစ် ဖေဖော်ဝါရီလဆန်းတွင် ပြုလုပ်မည့် CSSU အစည်းအဝေးတွင် SNDP က အလှည့်ကြ တာဝန် လွှဲပြောင်း ယူရမည်ဖြစ်ကြောင်း သိရသည်။
CSSU အစည်းအဝေးကို RCSS/SSA ၏ ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂ ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်ပြီး ဥက္ကဋ္ဌ တာဝန် လွှဲပြောင်းခြင်းကို ထိုအစည်းအဝေးတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း SNDP ဒုဥက္ကဋ္ဌ ဦးစိုင်းလှကျော် က ပြောသည်။
ဦးစိုင်းလှကျော် က “ဒီနှစ်တော့ (ဥက္ကဋ္ဌ တာဝန်ယူဖို့) အဆင်သင့်ဖြစ်တယ်။ ၁ ရက်နဲ့ ၂ ရက်နေ့မှာ အစည်း အဝေးလုပ်မယ်။ လွယ်တိုင်းလျဲန်းမှာလေ။ အဲဒီမှာ ကျနော်တို့ ပါတီကနေ ဥက္ကဌ တာဝန်ကိုလွှဲပြောင်း လက်ခံသွားမယ်” ဟု ဧရာဝတီသို့ ပြောသည်။
CSSU တွင် ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သော RCSS/SSA၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)၊ SSA အသွင်ပြောင်းစိန်ကျော့ပြည်သူ့စစ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်(SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) နှင့် ရှမ်းလူထုအခြေပြု အဖွဲ့အစည်းများ ပါဝင်သည်။
ထိုအထဲမှ ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်သော SSPP/SSA သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးသော အဖွဲ့ဖြစ်သည်။
RCSS/SSA ဌာနချုပ်တွင် ပြုလုပ်မည့် အစည်းအဝေးတွင် CSSU ဥက္ကဋ္ဌ တာဝန် လွှဲပြောင်းခြင်း ကိစ္စ အပြင် ကော်မတီ ရန်ပုံငွေ သုံးစွဲမှု အခြေအနေများ၊ CSSU ၏ တနှစ် အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ် အခြေအနေများကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း SNLD ၏ တွဲဖက် အတွင်းရေးမှူး -၂ စိုင်းကျော်ညွန့် က ပြောသည်။
စိုင်းကျော်ညွန့် က “ဥက္ကဋ္ဌ တာဝန်ယူဖို့ အလှည့်ကြတာက SNDP က ဖြစ်တယ်။ ကျနော်တို့ ဥက္ကဋ္ဌ တာဝန် လွှဲပြောင်းတာတွေ လုပ်မယ်။ CSSU လုပ်ငန်းစဉ်တွေကို ဆွေးနွေးမယ်” ဟု ဧရာဝတီသို့ ပြောသည်။
CSSU ၏ လှုပ်ရှားမှုများနှင့် အစည်းအဝေးများကို သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်က လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရရှိခဲ့သော်လည်း သမ္မတ ဦးထင်ကျော် လက်ထက်တွင်မှု ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပသည့် အစည်း အဝေးများ အပါအဝင် ပြည်တွင်း၌ ကျင်းပမည့် အစည်းအဝေးများပိတ်ပင် တားဆီးခံခဲ့ရသည်ဟု ဆိုသည်။
“CSSU ထဲမှာ ရှမ်းနိုင်ငံရေးပါတီတွေ၊ ရှမ်းလက်နက်ကိုင်တွေ၊ ရှမ်းလူထုတွေ ပါဝင်တယ်။ လူမျိုးတိုင်းမှာ ရှိသင့်တယ်လို့ မြင်တယ်။ လူမျိုး တမျိုးအတွက် ကိုယ်စားပြုပေးတယ်။ များများဖွဲ့စည်းနိုင်လေ အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် အထောက် အကူပြုလေပဲ။ ကျနော်တို့ CSSU အပေါ် နိုင်ငံ့ ခေါင်းဆောင်တွေက မကျေလည်ရင် တိုက်ရိုက် မေးလို့ရပါတယ်။ ပိတ်ပင်တာမျိုးတွေကတော့ မဖြစ်သင့်ဘူးလို့ မြင်ပါတယ်” ဟု စိုင်းကျော်ညွန့်က ပြောသည်။
CSSU ကို ၂၀၁၃ ခုနှစ်ကစတင် ဖွဲ့စည်းခဲ့ပြီး တနှစ်တကြိမ် အက္ခရာအစဉ်လိုက် ဥက္ကဋ္ဌ တာဝန်များကို လွှဲပြောင်းရယူရန် ဆုံးဖြတ်ခဲ့ကြပြီး RCSS နှင့် SNLD တို့က နှစ်စဉ် အလှည့်ကြ ဆောင်ရွက်နေကြသည်ကို တွေ့ရသည်။
SNDP အနေဖြင့် ၂၀၁၅ နှင့် ၂၀၁၇ တို့တွင် တာဝန်ယူရန် အလှည့်ကြသော်လည်း အဆင်သင့် မဖြစ်သေးဟုဆိုကာ တာဝန်ယူခဲ့ခြင်းမရှိပေ။ ထို့အတူ အလှည့်ကြတာဝန်ထမ်းဆောင်မှုတွင် SSPP ကိုလည်း မတွေ့ရပေ။