လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ၍ ပုဒ်မပေါင်း ၁၀ ခုဖြင့် အရေးယူခံထားရသည့် ဟိုတယ် ACE ပိုင်ရှင် ဖြစ်သူ (ဦး)ဖြိုးကိုကို တင့်ဆန်း အပါအဝင် လူ ၈ ဦး၏ အမှုများထဲမှ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၂ ခု၊ နိုင်ငံတော် လျှို့ ဝှက်ချက် ဥပဒေ ပုဒ်မ ၂ ခုတို့ကို ပူးပေါင်း စစ်ဆေးရန် ယနေ့ နေပြည်တော်ရှိ ဒက္ခိဏခရိုင် တရားရုံးက ဆုံးဖြတ်လိုက်သည်။
တရားလို ရှေ့နေများက နိုင်ငံတော် လျှို့ ဝှက်ချက် ဥပဒေပုဒ်မမှ လွဲ၍ ကျန်ပုဒ်မများကို ပူးပေါင်းစစ်ဆေးပါက အမှုများ ပျက်ပြယ်နိုင်၍ မစစ်သင့်ကြောင်း တင်ပြခဲ့သလို တရားခံ ရှေ့နေများကမူ မူးယစ်ဆေးဝါးမှု ၂ မှု၊ လက်နက်ဥပဒေပုဒ်မ ၂ ခု၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၂ ခုတို့ကို ပူးပေါင်း စစ်ဆေးပေးရန် ပြီးခဲ့သည့် ရုံးချိန်းတွင် တင်ပြခဲ့ပြီးနောက် ယနေ့ရုံးချိန်းတွင် ခရိုင်တရားသူကြီး ဦးလှဝင်းက အထက် ပါ အတိုင်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ဦးလှဝင်းက“ဦးဖြိုးကိုကိုတင့်ဆန်းကို ဖမ်းမိရာကနေ ဆက်စပ် ဖမ်းဆီးမိတဲ့ ပစ္စည်းတွေနဲ့ ရှာဖွေ တွေ့ရှိတာတွေရယ်က သီးခြား ဖြစ်ရပ် မျိုးတော့ မဟုတ်ပါဘူး။ သက်သေခံ ပစ္စည်းတူတာတွေ၊ သက်သေတူတာတွေလည်း ရှိသလို ကွဲတာတွေလည်း ရှိတယ်။ အဲဒါကြောင့် မူး ယစ်မှုနဲ့ လက်နက်မှုကတော့ နေ့ရက်နဲ့ ဖြစ်ပွားပုံခြင်း မတူလို့ တပေါင်းတည်းစစ်ဖို့ မသင့်တော်ပါဘူး။ ဆက်သွယ်ရေးမှုနဲ့ နိုင်ငံတော် လျို့ဝှက်အက်ကိုတော့ ပူးတွဲ စစ်ဆေးသင့်ပါတယ်”ဟု တရားခွင်တွင် ပြောသည်။
ပေါင်းစစ်ရခြင်းမှာ တနှစ်အတွင်း ကျူးလွန်၍ မျိုးတူပြစ်မှုများ ဖြစ်နေခြင်းကြောင့် ဖြစ်ကြောင်း၊ တရားခွင် အမှုစစ်ဆေးရာတွင် ပေါင်းစစ် ဆေးပါက ပို၍ အဆင်ပြေနိုင်ပြီး ပေါင်းစစ်ခြင်းသည် အမှုသွား အမှုလာကို ထိခိုက်စေမည် မဟုတ်ဘဲ စွဲချက်များကို ပေါင်းခိုင်းခြင်း မဟုတ်ကြောင်း ခရိုင်တရားသူကြီးက ပြီးခဲ့သည့် ရုံးချိန်းတွင် ရှင်းပြထားသည်။
ယနေ့ ရုံးထုတ် စစ်ဆေးခြင်းကို နေ့လယ် ၁၂ နာရီခန့်က စတင်ခဲ့ပြီး ညနေ ၃ နာရီခွဲခန့်အထိ ကြာအောင် တရားလိုများဖြစ်သူ ရဲမှူး ဌေးအောင်၊ ဒုရဲမှူး မောင်မောင်စိုးသင်တို့ကို မူးယစ်ဆေးဝါး ပုဒ်မ တခုတည်းအတွက် တရားခံ ရှေ့နေများက မေးခွန်းများမေးမြန်း ခဲ့ကြသည်။
တရားခံများ၏ ရှေ့နေဖြစ်သူ ဦးမြင့်အောင်က ဟိုတယ် ACE ဝင်းအတွင်းမှ သိမ်းဆည်းရမိသည့် M 16 သေနတ်ဒင်အတွင်းမှာ ICE စိတ် ကြွ ဆေးပြားများမိရာ ယင်းသေနတ်မှာ လေ့ကျင့်ရေး သေနတ်ဖြစ်ပြီး ကော်စေ့ကျည်ဖြင့် ဘက်ထရီကို အသုံးပြု၍ ပစ်ရသည့် သေနတ် ဖြစ်ကြောင်း သိပါသလားဟု မေးမြန်းရာ ရဲမှူး ဌေးအောင်က လေ့ကျင့်ရေးသေနတ်ဖြစ်သော်လည်း ကျည်အစစ် ထည့်ပစ်၍ ရသော သေနတ်ဖြစ်ကြောင်း ထွက်ဆိုသည်။
“သေနတ်အလက် ၂၀ သိမ်းထားတဲ့အထဲမှာ ဘက်ထရီနဲ့ ထည့်ပစ်ရတဲ့ သေနတ် တလက်မှ မပါပါဘူး။ ပစ်ချင်တဲ့နေရာကို Point ထောက်ဖို့ ဘက်ထရီကိုပဲ သုံးထားတာပါ”ဟု ရဲမှူးဌေးအောင်က ပြောသည်။
နေပြည်တော် လေဆိပ်တွင် အောက်တိုဘာလ ၁၅ ရက်နေ့ ညပိုင်းက ဖြိုးကိုကိုတင့်ဆန်းနှင့် လူ ၂ ဦးကို တရားမဝင် လက်နက်များ၊ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိရာမှာ နောက်တရက်တွင် ၎င်းပိုင်ဆိုင်သည့် ဟိုတယ် ACE ဝင်းအတွင်းမှ M 16 သေနတ်တချို့ကို ထပ်မံ တွေ့ရှိခဲ့ပြီး သိမ်းဆည်းခဲ့သော်လည်း သေနတ်ဒင်ထဲတွင် မူးယစ်ဆေးဝါးများ ထည့်ထားသည်ကို ရဲတပ်ဖွဲ့က မသိရှိခဲ့ပေ။
နောက်ပိုင်းတွင် ဖြိုးကိုကိုတင့်ဆန်းက ၎င်းဆေးပြတ်သည့်အခါ သုံးစွဲနိုင်ရန် သေနတ်ဒင်ထဲတွင် ထည့်၍ သိမ်းဆည်းထားလေ့ရှိကြောင်း ထွက်ဆိုသဖြင့် ရဲစခန်းတွင် သိမ်းထားသည့် သေနတ်တချို့ကို စစ်ဆေးကြည့်ရာမှ ICE ပုံဆောင်ခဲ ဆေးဝါးများကို အောက်တိုဘာလ ၂၃ ရက်နေ့ ရောက်မှသာ သိမ်းဆည်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရဲမှူးဌေးအောင်က ပြောသည်။
ထို့ပြင် ဖြိုးကိုကိုတင့်ဆန်းသည် ရန်ကုန်မြို့ လှိုင်မြို့နယ် ကံလမ်းရှိ လှိုင်မြင့်မိုရ်အိမ်ရာတွင် မိသားစုနှင့် အတူနေထိုင်သူ တဦးဖြစ်ကြောင်း သိရှိပါသလားဟု ရှေ့နေက မေးမြန်းရာ မှုခင်းတပ်ဖွဲ့၏ စုံစမ်းချက်များအရ ဖြိုးကိုကိုတင့်ဆန်းသည် ဇနီး ၂ ဦး ရှိသဖြင့် ရန်ကုန်မြို့နှင့် နေပြည်တော်ရှိ ဟိုတယ် ACE တို့တွင် တလှည့်စီ နေထိုင်ကြောင်း သိရှိရသည်ဟု တရားလို ရဲအရာရှိက ထွက်ဆိုခဲ့သည်။
နေပြည်တော်သို့ တလလျှင် ၃ ကြိမ်ခန့် လာရောက်လေ့ရှိပြီး လဆန်း၊ လလယ်နှင့် လကုန်ရက်များတွင် လာရောက်လေ့ရှိကြောင်း ထွက်ဆိုခဲ့သည်။ ဖြိုးကိုကိုတင့်ဆန်းသည် မူးယစ်ဆေးဝါးများကို တောင်ငူမြို့မှ တဆင့် ဝယ်ယူခဲ့သည်ဟု တရားခွင် ထွက်ဆိုချက်များ အရ သိရသည်။
ဖြိုးကိုကိုတင့်ဆန်းသည် နေပြည်တော်ရှိ ဟိုတယ် ACE အပြင် ရန်ကုန်၊ ငွေဆောင်၊ ချောင်းသာနှင့် ငပ္ပလီတို့တွင် ဟိုတယ်လုပ်ငန်းများ၊ ငါးမွေးမြူရေး လုပ်ငန်းများ၏ ပိုင်ရှင် ဖြစ်ကြောင်း၊ ယခု အမှု မဖြစ်ခင်အထိ မြန်မာနိုင်ငံ မြင်းစီး အဖွဲ့ချုပ်၊ မြားပစ် အဖွဲ့ချုပ်၊ သေနတ်ပစ် အဖွဲ့ချုပ်တို့တွင် တာဝန်ထမ်းဆောင်နေသူ တဦး ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းများ များပြားလွန်းသဖြင့် ကြီးကြပ်ရသူ မန်နေဂျာများ စွာ ခန့်ထားရသည်ကို သိရှိပါသလားဟု ၎င်း၏ ရှေ့နေက မေးခွန်းထုတ်ခဲ့သေးသည်။
ယနေ့ ရုံးချိန်းတွင် မူးယစ်ပုဒ်မတွင် ပါဝင်သည့် ဖြိုးကိုကိုတင့်ဆန်း အမှုအပြင် ရန်အောင်စိုး၊ မြတ်လင်းမိုးတို့အတွက်လည်း တရားခံ ရှေ့နေများက အပြန်အလှန် မေးခွန်းများ မေးမြန်းခဲ့သေးသည်။ ရန်အောင်စိုးသည် ACE ဟိုတယ်၏ ဝန်ထမ်းတဦး ဖြစ်သော်လည်း မြတ် လင်းမိုးမှာ ဟိုတယ် ဝန်ထမ်း မဟုတ်ဘဲ ဖြိုးကိုကိုတင့်ဆန်း၏ ခိုင်းစေချက်အရ ရန်အောင်စိုးမှတဆင့် တောင်ငူမြို့မှ မူးယစ်ဆေးဝါးများ ဝယ်ပေးခဲ့ရသည်ဟု တရားလိုရဲအရာရှိများက ထွက်ဆိုကြသည်။
တရားခွင် မေးမြန်းချက်များအရ ဖြိုးကိုကိုတင့်ဆန်းနှင့် ဆက်စပ်၍ လက်နက်၊ မူးယစ်ဆေးဝါး၊ ကျည်ဆန်၊ နိုင်ငံတော် အမှတ်တံ ဆိပ်ပါ ယူနီဖောင်း၊ မှန်ဘီလူး၊ ဒရုန်း၊ ကင်မရာ၊ တယ်လီဖုန်း၊ I Pad ၊ ဝိုင်ဖိုင်လွှင့်စက်၊ မန်မိုရီစတစ်နှင့် မီးခြစ်များ အပါအဝင် ပစ္စည်း အမျိုးအ စားပေါင်း ၂၁ မျိုးကို သိမ်းဆည်မိခဲ့ကြောင်း ဒုရဲမှူး မောင်မောင်စိုးသင်က ထွက်ဆိုခဲ့သည်။
နောက်ရုံးချိန်းကို လာမည့် ဇန်နဝါရီလ ၃၁ ရက်နေ့သို့ ချိန်းဆိုလိုက်ပြီး ကျန်ရှိနေသေးသည့် တရားလို ရဲအရာရှိများကို ထပ်မံ စစ်ဆေးသွားမည်ဟု သိရသည်။