သတင်း

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ပြုလုပ်မည့်ရက် ရွှေ့ရန်ပြင်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးကို မူလက ဇန်နဝါရီလ အတွင်း ကျင်းပရန် ရည်ရွယ်ထားသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေတချို့ကြောင့် ယခုလအတွင်း မလုပ်ဖြစ်တော့ဘဲ ဖေဖော်ဝါရီလထဲသို့ ရွှေ့ဆိုင်းရန် အစိုးရဘက်က သဘောထားရှိနေသည်။

ထိုသို့ ရွှေ့ဆိုင်းရန်အတွက် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များ (EAOs) နှင့် ညှိနှိုင်းသွားမည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး၊ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောသည်။

ဦးဇော်ဌေး က “ဒီလကုန်ကတော့ မဖြစ်နိုင်တော့ဘူး။ ဒါကတော့ သေချာတယ်။ ဖေဖော်ဝါရီလ ထဲမှာ ဘယ်ရက်လုပ်မလဲ ဆိုတာတေ့ာ ကျနော်တို့ ပြန်ညှိရမှာပေ့ါ။ EAOs အပိုင်းနဲ့ညှိရမယ်” ဟု ပြောသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တပ်ပေါင်းစု အဖွဲ့ဝင်များ ဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူအမျိုးသားဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့က နေပြည်တော်တွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နှင့် ဇန်နဝါရီလ ၂၃ ရက်တွင် တွေ့ဆုံပြီး NCA ရေးထိုးမည်ဟု ကတိပြုသွားသည်။

ထို့ကြောင့် ယခုကျင်းပမည့် ၂၁ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးသို့ အဖွဲ့ဝင်သစ် အဖြစ် ရောက်လာမည့် NMSP နှင့် LDU တို့ ပါဝင်နိုင်ရေးကိုလည်း ထည့်သွင်းစဉ်းစားကာ အချိန်ပေးရမည်ဟုလည်းဥ ီးဇော်ဌေးကဆိုသည်။

ဦးဇော်ဌေး က “မွန်ပြည်သစ်နဲ့ LDU ပါလာပြီ အဲ့ဒီတော့ သူတို့လည်း ဒီညီလာခံမှာ ပါဝင်ခွင့်အတွက် သူတို့ ဆွေးနွေးပွဲတွေ လုပ်ရမယ်။ ဆွေးနွေးပွဲလုပ်ပြီးတော့မှ အဲဒီသဘောထားတွေနဲ့ ညီလာခံတက်မှာဆိုတော့ သူတို့ကိုလည်း ကျနော်တို့က အချိန်ပေးဖို့လိုတယ်” ဟု ပြောသည်။

၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကိုကနဦးက ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပရန် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာသဘောတူစာချုပ် အကောင်အထည် ဖော်ရေးလုပ်ငန်းစဉ်အဖွဲ့ (JICM) အစည်းအဝေးတွင် သဘောတူထားခဲ့ပြီး လက်တွေ့တွင် ကျင်းပရန် မပြေလည်သဖြင့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ၊ နောက်ဆုံးပတ်တွင် ကျင်းပရန် အစိုးရနှင့် EAOs တို့အကြားထပ်မံသဘောတူခဲ့သည်။

သို့သော် အစိုးရဘက်မှ ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးမတိုင်မီ ကျင်းပပြုလုပ်ရမည့် အမျိုးသားအဆင့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ရခိုင်ပြည်နယ်တွင် ပြုလုပ်ခွင့် မပေးခဲ့ပါ။

ထို့အတူရှမ်းပြည်နယ်၊ လင်းခေးမြို့တွင် ကျင်းပရန် အစိုးရမှ ခွင့်ပြုပေးထားသည့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲများကိုလည်းတပ်မတော်မှ မပြုလုပ်ရန် တားမြစ် ခဲ့သည်။

ထို့ကြောင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှ EAOs များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က အရေးပေါ်အစည်းအဝေးတရပ် ခေါ်ယူပြီး ၂၁ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို နောက်ဆုတ်ကြောင်း၊ ရှမ်းနှင့် ရခိုင်တွင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရန် ညှိနှိုင်းပြေလည်မှသာ တတိယ အကြိမ်အစည်းအဝေးကို ဆက်လက် ပြုလုပ်မည်ဟုဇန်နဝါရီလ ၁၂ ရက်ကထုတ်ပြန် ကြေငြာထားသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ဒုဥက္ကဌပဒိုစောကွယ်ထူးဝင်းကအပစ်ရပ် ၈ဖွဲ့ ကြုံတွေ့နေရသည့် အခက်အခဲများကိုညှိနှိုင်းနိုင်ရန် နိုင်ငံတော်အတိုင်ပင်ခံ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံရန် တောင်းဆိုသွားဖြစ်ကြောင်း၊ အခက်အခဲများပြေလည်မှသာ ၂၁ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကိုဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်းကိုလည်းဇန်နဝါရီလ ၁၂ရက်က ပြောဆိုထားသည်။

Loading