မြန်မာနိုင်ငံရှိ LGBT (လိင်တူချစ်သူများ၊ ကျားမစိတ် နှစ်မျိုး ရှိသူများ) အခွင့်အရေးများကို တိုးတက်မှုရှိစေမည့် နည်းဗျူဟာနှင့် နည်းလမ်းကျင့်ဝတ်များ စာအုပ်မိတ်ဆက်ပွဲကို ဇန်နဝါရီ ၂၃ ရက်က ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ စာအုပ်ကို ပြည်တွင်းပြည်ပမှ ဥပဒေပညာရှင်များ၊ ရှေ့နေကြီးများ၏ အကြံပြုဆွေးနွေးချက်များဖြင့် LGBT အရေး ကိစ္စလှုပ်ရှား ဆောင်ရွက်နေသည့် Colors Rainbow နှင့် တရားဥပဒေစိုးမိုးရေးစင်တာ (ရန်ကုန်)တို့က တနှစ်ခန့် အချိန်ယူကာ ပူးပေါင်းပြုစုထားခြင်းဖြစ်ကြောင်း သိရသည်။
စာအုပ်ကို LGBT များအပေါ် ခြိမ်းခြောက်လျက်ရှိသော ခေတ်ကာလဖြင့် မလျော်ညီတော့သည့် ဥပဒေများ ပြောင်းလဲပြင်ဆင်ရန်၊ အသစ်ရေးဆွဲနိုင်စေရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားအခွင့်အရေးများ၊ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အခွင့်အရေးများကို ရရှိခံစားနိုင်စေရန် ရည်ရွယ်ထုတ်ဝေခြင်းဖြစ်ကြောင်း Colors Rainbow မှ တာဝန်ရှိသူများက ပြောသည်။
Colors Rainbow မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှမြတ်ထွန်းက “LGBT အခွင့်အရေးဆိုတာ အထူးတလည်တောင်းနေတဲ့ အခွင့်အရေး မဟုတ်ဘူး။ Basic Human Right ကို တောင်းနေတာ။ အဓိက က တန်းတူညီမျှရေးကို ပြောနေခြင်းပါ။ ဖြစ်သင့် ဖြစ်ထိုက် တန်းတူညီမျှတဲ့ အခြေခံ လူ့အခွင့်အရေးကို မြှင့်တင်နေခြင်း၊ ရရှိအောင် ပြန်ယူနေခြင်း ဖြစ်တယ်။ နဂိုရှိပြီးသား မွေးကတည်းက ပါလာတဲ့ အခွင့်အရေးကို တားဆီးပိတ်ပင်ထားတဲ့ ဟာကို အစိုးရ၊ ဥပဒေကြောင်းကတဆင့် တောင်းယူ တိုက်ယူနေခြင်းဖြစ်ပါတယ်” ဟု ပြောသည်။
စာအုပ်ထဲတွင် LGBT များ၏ အခွင့်အရေး မြှင့်တင်နိုင်စေရန် နည်းဗျူဟာများ တိုးတက်စေရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများအဖြစ် ဥပဒေများပြင်ဆင်ရန် နည်းလမ်း၊ အသိပညာပေး သင်တန်းများပြုလုပ်ခြင်း၊ အမှုများကို ရင်ဆိုင်ဖြေရှင်းခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ မိတ်ဖက်အဖွဲ့အစည်းများ တည်ထောင်ခြင်းဟူ၍ အပိုင်း ၅ ပိုင်းဖြင့် အသေးစိတ် ရှင်းလင်း တင်ပြထားသည်ကို တွေ့ရသည်။
ဥပဒေများပြင်ဆင်ရန် နည်းလမ်းများဟူသည့် အပိုင်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၃၇၇-ဓမ္မတာနှင့် ဆန့်ကျင်သော ကာမ စပ်ယှက်မှု၊ ရဲအက်ဥပဒေ ၃၅(ဂ) -အများပြည်သူ စိတ်ငြိုငြင်စေမှု၊ ရန်ကုန်ရဲအပ်ဥပဒေ ၃၀(ဂ)၊ (ဃ) –မှောင်ရိပ်ခိုမှု စသည့် ပုဒ်မတို့သည် လက်ရှိအချိန်တွင် LGBT များအပေါ် အဓိကခြောက်လှန့်နေသော ဥပဒေများအဖြစ် ဖော်ပြထားသည်။
LGBT များကို ခြိမ်းခြောက်လျက်ရှိသည့် ပုဒ်မ ၃၇၇ ပြဋ္ဌာန်းချက်တွင် ယောကျ်ားနှင့်ဖြစ်စေ၊ မိန်းမနှင့်ဖြစ်စေ၊ တိရစ္ဆာန်နှင့်ဖြစ်စေ မည်သူမဆို မိမိအလိုအလျောက် ဓမ္မတာနှင့် ဆန့်ကျင်သော ကာမစပ်ယှက်မှုကိုပြုလျှင် ထိုသူကို တသက်တကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ် တမျိုးမျိုးကိုဖြစ်စေ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
အဆိုပါ ပြဋ္ဌာန်းချက်သည် လူနှစ်ဦး၏ လွတ်လပ်သော သဘောဆန္ဒဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြုမူမှုများအပေါ် ဆန့်ကျင်တာဆီး ကန့်သတ်ထားသော ဥပဒေဖြစ်ခြင်း၊ ကိုလိုနီခေတ်တွင်ပြဋ္ဌာန်းပြီး ယင်းကာလအခြေအနေအရ ရေးဆွဲထားသော ဥပဒေ ဖြစ်ခြင်း၊ ခေတ်ကာလနှင့် လျော်ညီမှုမရှိတော့ခြင်း စသည့်အချက်များကြောင့် ပြင်ဆင်ရန် သို့မဟုတ် ပယ်ဖျက်ရန် လိုအပ်ကြောင်း Colors Rainbow ၏ ဥပဒေအကြံပေးဖြစ်သူ ဒေါ်ရီနွယ်ထွန်းက ပြောသည်။
ဒေါ်ရီနွယ်ထွန်းက “အမျိုးသားကနေ အမျိုးသမီးလို ဝတ်စားဆင်ယင်သူတွေမှာ အများဆုံးကြုံတွေ့ရတာက မှောင်ရိပ်ခိုမှုနဲ့ပါ။ ခြိမ်းခြောက်မှု အနေနဲ့ချည်းပဲ ဒီပုဒ်မကို သီးသန့်သုံးတာတွေ့ရတယ်။ ဖမ်းသွားတယ်။ ပိုက်ဆံရရင်ရ မရရင် အမှုစွဲတယ်။ နောက်ဆုံး တရားစွဲ လို့လွယ်တဲ့ မှောင်ရိပ်ခိုမှုနဲ့ပဲ တရားစွဲသွားတယ်။ ဘောင်ကျဉ်းသွားဖို့။ တိတိကျကျဖြစ်ဖို့အတွက် အဓိက ၃၇၇ ကို ပြင်မယ်လို့ ပြောကြတာပါ။ ရှိရင်းစွဲ အနှစ်သာရတွေ မယုတ်လျော့သွားအောင်လည်း ပညာရှင်တွေနဲ့ ဆွေးနွေးထားပါတယ်”ဟု ရှင်းပြသည်။
ဆက်လက်၍ ၎င်းက Colors Rainbow သို့ တက်လာသော အမှုတွဲများအရ ၂၀၁၇ တနှစ်တည်းတွင်ပင် LGBT များကို မှောင်ရိပ်ခိုမှုဖြင့် တရားစွဲဖမ်းဆီးသည့် အမှုပေါင်း ၂၀၀ နီးပါးရှိသည်ဟု ဆိုသည်။
ထို့အတူ Colors Rainbow အနေဖြင့် ယင်းဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ဥပဒေကြမ်းပြုစုခြင်းကို ဆောင်ရွက်လျက်ရှိပြီး တခြားသော အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဥပဒေကြမ်း ကော်မတီမှ တဆင့် သက်ဆိုင်ရာ အဆင့်ဆင့်သို့ ဥပဒေ တင်သွင်းခြင်း လုပ်ငန်းစဉ်များကိုလည်း လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း ရှင်းပြသည်။
ညီမျှခြင်းမြန်မာ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက “လူ့အခွင့်အရေး ရှုထောင့်ကလည်း ကြည့်တယ်။ အရမ်းကျယ်ပြန့်လွန်းလို့ ဘယ်သူ့ကိုမဆို ဒါနဲ့ပတ်သက်လို့ အရေးယူလို့ရတယ်ဆိုတဲ့ အရာမျိုးလည်း ကျနော်တို့ သဘောမကျဘူး။ ဒီထက်ပိုပြီး တိကျအောင် ကြောင်လက်သည်းဝှက်သလို လိုရင်ထုတ်သုံးပြီး ကြိုက်သလို လုပ်လို့ရတဲ့အရာ မဖြစ်အောင် ကြိုးစားနေတာပါ” ဟု ပြောသည်။
ရဲအက်ဥပဒေ ပုဒ်မ ၃၅(ဂ)နှင့် ရန်ကုန်ရဲအက်ဥပဒေ ၃၀(ဂ)၊ (ဃ)တို့သည်လည်း LGBT များကို မတရားဖမ်းဆီးအရေးယူ ရန်အတွက် ပင်တိုင်အသုံးပြုလျက်ရှိသော ဥပဒေများဖြစ်ကြောင်း၊ LGBT များအား အများသူငါ သွားလာလျက်ရှိသော လမ်းမများ၊ ဈေးဆိုင်များ၊ လူအများ ဝင်ထွက်သွားလာနိုင်သော နေရာများတွင် ယင်းပုဒ်မများကို အသုံးပြုကာ ဥပဒေနှင့် လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်ပြီး ပြုမူဆောင်ရွက်နေမှုများရှိကြောင်း စာအုပ်ထဲတွင် ဖော်ပြထားသည်။
ရာဇသတ်ကြီး ပုဒ်မ ၃၇၇ ကိုသာ ပြင်ဆင်ပြဋ္ဌာန်းနိုင်မည်ဆိုပါက LGBT များအပေါ် ခြိမ်းခြောက်မှုများ၊ ဥပဒေကို လိုသလို ဆွဲယူအသုံးချမှုများ လျော့နည်းပပျောက်သွားမည်ဖြစ်ကြောင်း စာအုပ်ပြုစုသူများက ပြောသည်။
ရဲအက်ဥပဒေပါ ပြဋ္ဌာန်းချက်များကို ရဲတပ်ဖွဲ့ဝင်များက တိကျစွာဆောင်ရွက်ရန် တာဝန်ရှိ ရဲအရာရှိများထံသို့ ဆွေးနွေးခြင်း၊ တင်ပြတောင်းဆိုခြင်းများ ပြုလုပ်ခြင်းအားဖြင့် ရဲအက်ဥပဒေ၏ ရည်ရွယ်ချက်ကို မှန်ကန်တိကျစွာ အသုံးပြုလာနိုင်မည်ဟုလည်း ဆိုသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ LGBT အပေါ် ထားရှိသော အမြင်သဘောထားများ အနည်းငယ်ပြောင်းလဲ တိုးတက်လာပြီ ဖြစ်သော်လည်း LGBT များအပေါ် ခွဲခြားဆက်ဆံမှုများ၊ အနိုင်အထက်ပြုကျင့်မှုများ ရှိနေသေးသည့်အတွက် လူထုအသိပညာပေးရေး လုပ်ငန်းစဉ်များကို LGBT များ အပါအဝင် နယ်ပယ်အသီးသီးတွင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန်လိုအပ်သေးကြောင်း LGBT အခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်သူများက ပြောသည်။
အဆိုပါစာအုပ်ကို စိတ်ပါဝင်စားသူများအနေဖြင့် Colors Rainbow ရုံးသို့ လာရောက်၍ အခမဲ့ ထုတ်ယူနိုင်ကြောင်းနှင့် နောက်ပိုင်းတွင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ အလွယ်တကူရယူ ဖတ်ရှုနိုင်ရန်အတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။