ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေး အဖွဲ့တွင် ပါဝင်သူ အမေရိကန် သံတမန်ဟောင်း ဘီလ်ရစ်ချစ်ဆင်သည် နေပြည်တော်တွင် မြန်မာ ခေါင်းဆောင်များနှင့် တွေ့ဆုံမှုအပြီး ယင်းအကြံပေး အဖွဲ့မှ နုတ်ထွက်သွားသည်။
ဇန်နဝါရီလ ၂၂ ရက်နေ့ နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်း ဒုတိယ ဝန်ကြီးချုပ်ဟောင်း ဦးဆောင်သော ရခိုင်အကြံပေး အဖွဲ့အား လက်ခံတွေ့ဆုံပွဲ ပထမဆုံး တွေ့ဆုံပွဲတွင် ကန်သံအမတ်ဟောင်းက အဖမ်းခံထားရသည့် ရိုက်တာ သတင်းထောက် ၂ ဦးကိစ္စ ဆွေးနွေးစဉ် ဟန့်တားခံရခြင်းအပေါ် အကြောင်းပြ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၃ ရက်အတွင်း ၎င်းတို့၏ အကြံပေး အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ကနဦး တွေ့ဆုံဆွေးနွေးမှုများအရ ၎င်း၏ ယခု ရာထူးတွင် မဆောင်ရွက်နိုင်ဘူးဆိုသည်မှာ ထင်ရှားလာကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ မီဒီယာ၊ ကုလသမဂ္ဂနှင့် လူ့အခွင့်အရေး အဖွဲများ အပေါ် နိုင်ငံတကာအပေါ် အလေးမထားသည့် စိတ်အပေါ် အံ့သြတုန်လှုပ်မိကြောင်း ကန်သံတမန်ဟောင်း ဘီလ်ရစ်ချင်ဆန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ကန့်သတ်မှုတွေ ပိုမိုမြင့်မားလားတဲ့ အခြေအနေမှာ သတင်းစာလွတ်လပ်ခွင့်ကို ကာကွယ်ပေးဖို့အတွက် ရိုက်တာ သတင်းထောက် ၂ ယောက် ကိစ္စကို မြန်မြန်ဖြေရှင်းပေးသင့်တယ်လို့ ကျနော်ရဲ့ အကြံပြုမှုကိုလည်း ဒေါ်စုက ဒေါသတကြီး တုံပြန်ခဲ့တယ်။ ဒီကိစ္စကို ဆွေးနွေးဖို့အတွက် ပြည်ထဲရေးဝန်ကြီးနဲ့ တွေ့ဖို့ချိန်းထားတာကိုလည်း ဘာအကြောင်းပြချက်မှမပေးဘဲ ဖျက်ပစ်ခဲ့တယ်”ဟု ၎င်းက ထုတ်ပြန်ချက်တွေ ပြောဆိုထားသည်။
ဘီလ်ရစ်ချက်ဆင်၏ နုတ်ထွက်မှုနှင့် ပတ်သက်၍ ထုတ်ပြန်ချက်များ ထုတ်ခြင်း၊ မီဒီယာများနှင့် အင်တာဗျူုးများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားများခဲ့ကြောင်း ပြောဆိုနေခြင်းမှာ ၎င်းကို ပေးထားသော တာဝန်နှင့် ဝတ္တရားများအတိုင်း ဟုတ် မဟုတ် မေးထွန်းထုတ်ရမည် ဖြစ်ကြောင်းနှင့် ၎င်းကို ရခိုင်ကိစ္စရပ်တခုတည်း အတွက်သာ အကြံပေးရန် ငှားရမ်းခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကိစ္စရပ်အားလုံးကို ဆွေးနွေးရန် ကမ်းလှမ်းခဲ့ခြင်း မဟုတ်ကြောင်း သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက ပြောသည်။
“အဲဒီအတွက်တော့ ကျနော်တို့ စိတ်မကောင်းဘူး။ သို့သော် မြန်မာနိုင်ငံကတော့ ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ဟာတွေ လုပ်သင့်လုပ် ထိုက်တာတွေကို ဆက်လုပ်သွားမှာ ဖြစ်တယ်။ သူ့ရဲ့ အကြံညဏ်တွေ ရယူနိုင်မလားဆိုပြီး ဖိတ်ခေါ်ခဲ့တာ။ အခု သတင်းထောက်ကိစ္စတွေကို ရခိုင်ပြည်နယ် ဆိုင်ရာ အစည်းအဝေးမှာ ဆွေးနွေးတာကတော့ လုံးဝ လွဲချော်နေတယ်။ သူ့ Mandate မှာလည်း မပါဘူး။ သူ့ကို ဒါဆွေးနွေးဖို့ အကြံပေးဖွဲ့ထားတာ မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။
၎င်းက“ရိုက်တာ သတင်းထောက်တွေနဲ့ ပတ်သက်လို့ သူ့မှာ စိတ်ခံစားချက် ရှိမယ်ပေါ့နော်။ ဘယ်လောက်ပဲ ခံစားချက်တွေရှိရှိ ဒီအ စည်းအဝေးက ရခိုင်ဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးတဲ့ အစည်းအဝေး။ အကြံပေး အဖွဲ့က ရခိုင်ဆိုင်ရာ ကိစ္စရပ်တွေကိုပဲ အကြံပေးရ မယ်ဆိုတာကို သိရှိဖို့ လိုတယ်။ အဲအပေါ်မှာ အဆင်မပြေ ဖြစ်သွားတော့ ဒါကို စိတ်ဆိုးပြီးတော့ ထွက်တယ်ဆိုတော့ ကျနော်တို့လည်း မတတ်နိုင်ဘူး”ဟု ပြောသည်။
သူ နုတ်ထွက်သွားခြင်း အပေါ် စိတ်မကောင်း ဖြစ်ရသော်လည်း ယခု အကြံပေး အဖွဲ့ဝင်များကို ဖိတ်ခေါ်ခဲ့ရာတွင်လည်း တဦးချင်း Individual အနေဖြင့် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံ၊ အစိုးရ၊ အဖွဲ့အစည်းများကို ကိုယ်စားပြုခြင်း မဟုတ်ကြောင်း၊ ၎င်းတို့၏ ထင်ပေါ် ကျော်ကြားမှု အပေါ်တွင် အသိအမှတ်ပြု၍ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း သမ္မတရုံးက ပြောသည်။
ဦးဇော်ဌေးက“သူ့အကြံဉာဏ် မပါသော်လည်း ဖြစ်သွားတဲ့ ကျန်တဲ့သူတွေ တခြားသော ထင်ရှား ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ ဒီသန္နိဌာန်ကတော့ ရခိုင်ပြည်နဲ့ ပတ်သက်ပြီး ပြဿ နာတွေ ပြေလည်ရေး၊ တည်ငြိမ် အေးချမ်းရေးက ကျနော်တို့ရဲ့ အမျိုးသား အကျိုးစီးပွားအတွက် ခိုင်ခိုင်မာမာ ရပ်တည်သွားမှာ ဖြစ်တယ်”ဟု ပြောသည်။
အဖွဲ့မှ နှုတ်ထွက်ရန် ရစ်ချတ်ဆန်၏ ဆုံးဖြတ်ချက်နှင့် အကြောင်းရင်းမှာ စိုးရိမ်စရာဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ ဟီသာနောအတ်က ပြောကြောင်း ဝါရှင်တန်မှ လာသော သတင်းများက ဆိုသည်။ သို့သော် သူသည် သာမန်နိုင်ငံသားတဦးအနေဖြင့်သာ အကြံပေးအဖွဲ့တွင် ပါဝင်ရန် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်ဟုလည်း ထည့်သွင်းပြောသည်။
“ဒီအကြံပေးအဖွဲ့အောင်မြင်မလား၊ မအောင်မြင်ဘူးလားဆိုတာကို မြန်မာအစိုးရနဲ့ တပ်မတော်ကပဲ ဆုံးဖြတ်ခွင့်ရှိတာပါ။ အာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖေါ်တဲ့ အားထုတ်မှုတွေကို ထောက်ခံကြောင်း အမေရိကန်ပြည်ထောင်စုက ရှင်းရှင်းလင်းလင်း ပြောထားပြီးပါပြီ” ဟုလည်း ထည့်သွင်းပြောဆိုကြောင်း ရိုက်တာသတင်းတပုဒ်တွင် ရေးသားထားသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် အကြံပေး ကော်မရှင်သည် အကြံပြုချက် ၈၈ ချက်ပါသည့် အပြီး သတ် အစီရင်ခံစာကို ၂၀၁၇ ခုနှစ် သြဂုတ်လတွင် ထုတ်ပြန်ခဲ့ပြီးနောက် ယင်းဖော်ပြချက် အကြံပြုချက်များကို ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်သည့် ဝန်ကြီးဌာန အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်သည့် အကြံပြုချက် အကောင်အထည်ဖော်ရေး ကော်မတီက တာဝန်ယူ ဆောင်ရွက်နေဆဲ ဖြစ်သည်။
ထို့ကြောင့် ယင်းကော်မတီကို အားဖြည့် အထောက်အကူ ပြုနိုင်ရန် ထိုင်း ဒုတိယ ဝန်ကြီးချုပ်ဟောင်း ဆူရာကီရတ် ဦးဆောင်သည့် ပြည်တွင်း၊ ပြည်ပ ကျွမ်းကျင်သူများ ပါဝင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး အဖွဲ့ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
နုတ်ထွက်သွားသည် အမေရိကန် သံတမန် ဘီလ်ရစ်ချတ်ဆင်သည် သမ္မတ ကလင်တန် အစိုးရ လက်ထက်တွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်၊ စွမ်းအင်ဝန်ကြီး အဖြစ် တာဝန်ယူခဲ့သူ တဦး ဖြစ်ပြီး လွှတ်တော် အမတ်၊ ပြည်နယ် အုပ်ချုပ်ရေးမှူး တာဝန်များ ကိုလည်း ထမ်းဆောင်ခဲ့၍ အတွေ့အကြုံရှိသူတဦး ဖြစ်သည်။
မြန်မာနိုင်ငံကို စစ်အစိုးရ အုပ်ချုပ်ခဲ့စဉ်က ဘီလ်သည် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ မားမားမတ်မတ် ရပ်တည်ထောက်ခံခဲ့သူ တဦးလည်း ဖြစ်သည်။
သို့သော် လွန်ခဲ့သော ၃ ရက်တာကာလအတွင်း မြန်မာအစိုးရ အရာရှိများနှင့် အကြံပေးအဖွဲ့တို့ဆွေးနွေးပွဲများအတွင်း မီဒီယာများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝန်းတို့ကို သေးသိမ်စေသော သဘောထားကြောင့် အံ့ဩရသည်ဟု ရန်ကုန်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရစ်ချတ်ဆန်က ပြောခဲ့သည်။
“ဒေါ်အောင်ဆန်းစုကြည်ကို သူ့လူတွေက အကြံကောင်းကောင်း မပေးနိုင်ဘူး။ ကျနော် သူ့ကို အရမ်း သဘောကျလေးစားခဲ့တယ်။ ဒါပေမဲ့ ရခိုင်ကိစ္စနဲ့ စွပ်စွဲချက်တွေမှာ သူက ကျင့်ဝတ်ဆိုင်ရာ ခေါင်းဆောင်မှုကို မပြသနိုင်ဘူး။
ကျနော် စိတ်မကောင်းပါဘူး” ဟု ၎င်းက ပြောသည်။
ရစ်ချတ်ဆန်သည် ဆူရာကီရတ်ကိုလည်း ဝေဖန်သည်။ အကြံပေးအဖွဲ့ ဥက္ကဌသည် ရိုဟင်ဂျာများ၏ လုံခြုံရေး၊ နိုင်ငံသားဖြစ်ခွင့်၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊တိုးတက်မှုအတွက် အကြံပေးချက်များ အကောင်အထည် ဖေါ်ရန် စစ်မှန်သော စိတ်ပိုင်းဖြတ်မှု မရှိကြောင်း ရစ်ချတ်ဆန်က ပြောသည်။
ဆူရာကီရတ်သည် အခြားအဖွဲ့ဝင်များနှင့်အတူ ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသည်။ အခြားအဖွဲ့ဝင်တဦးဖြစ်သူ တောင်အာဖရိက ကာကွယ်ရေးဝန်ကြီးဟောင်း ရိုးလော့ဖ်မေယာကမူ ရခိုင်ခရီးစဉ်သည် လွန်စွာအပြုသဘောဆောင်သည်ဟု ဆိုသည်။
“ကျနော်တို့ဟာ ရာဘာတံဆိပ်တုံးအဖွဲ့၊ အစိုးရရဲအာဘော်ကို ကိုယ်စားပြုတယ်လို့ပြောလာရင် ဒါဟာ တော်တော် မတရားတာပဲ။ ကျနော်တို့ ဘာမှ အကြံမပေးရသေးဘူး” ဟု ၎င်းက ပြောကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။