တိုင်းပြည်၏ လက်ရှိ အခြေအနေတွင် အခြေခံ စားသောက်ကုန် ဈေးနှုန်းနှင့် အသုံးအဆောင် ပစ္စည်း ဈေးနှုန်းများ မြင့် တက် လာသော် လည်း နိုင်ငံ့ဝန်ထမ်းများ၏ လစာနှင့် အခြားပံ့ပိုးမှုများ တိုးမြင့်လာခြင်း မရှိသေးကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး ဇာနည်မင်းထွေးက ပြောသည်။
ယနေ့ ပြည်သူ့လွှတ်တော်တွင် ခရမ်းမြို့နယ် အမတ် ဒေါက်တာ အေးမင်း၏ ထူးချွန်သော နိုင်ငံ့ဝန်ထမ်းများကို အစိုးရက ချီးမြှင့် မြှောက်စားရန် တိုက်တွန်းကြောင်း အဆိုတခုကို ဝင်ရောက် ဆွေးနွေးစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“လစာငွေ မလုံလောက်ခြင်း၊ လုပ်ငန်းခွင် အခြေအနေများ ကောင်းမွန်မှု မရှိခြင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို အသိ အမှတ်မပြုခြင်း စသည့် အချက်များက စွမ်းဆောင်ရည် ပြည့်ဝသော နိုင်ငံ့ဝန်ထမ်းများ ထွက်ပေါ်လာရန် အဟန့်အတားများ ဖြစ်နေကြောင်း လေ့လာ တွေ့ရှိရပါတယ်”ဟုလည်း ဗိုလ်မှူး ဇာနည်မင်းထွေးက ပြောသည်။
သို့ဖြစ်ရာ နိုင်ငံတော် အနေဖြင့် နိုင်ငံ့ ဝန်ထမ်းများအား ထိရောက်သော ဂုဏ်ပြုချီးမြင့်ခြင်းများအား ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံ့ ဝန်ထမ်းများ၏ စိတ်ဓာတ်မြှင့်တင်မှုနှင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိ ရိုသေမှုများ ဖြစ်ပေါ်လာနိုင်၍ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူ ဖြစ်စေနိုင်ရုံသာမက လာဘ်ပေးလာဘ်ယူမှု၊ အဂတိ လိုက်စားမှုများ အပါအဝင် မလို လား အပ်သော ကိစ္စရပ်များ လျော့နည်း စေလိမ့်မည်ဟု ယင်းတပ်မတော်သား ကိုယ်စားလှယ်က ပြောသည်။
မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းကမူ လက်ရှိ တိုင်းပြည်တွင် စီးပွားရေး ကျနေပြီး နှစ်စဉ် ဘတ်ဂျက်လိုငွေ ဘီလီယံ ၄၀၀၀ ခန့် ရှိနေချိန် အစိုးရတွင် ဝန်ထမ်း လစာတိုးပေးရန် မဖြစ်နိုင်သေးကြောင်း၊ ထို့ကြောင့် အတိုင်ပင်ခံပုဂ္ဂိုလ်က ဝန်ထမ်းလစာ မတိုးပေးဘဲ ၎င်းတို့အတွက် အိမ်ရာများနှင့် အခြား လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် စဉ်းစား ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ပြောသည်။
“လစာတိုးဖို့ ဆိုတာ တိုင်းပြည် စီးပွားရေး တက်လာမှ လုပ်ပေးလို့ရမှာ။ မတက်လာဘဲနဲ့ ဘယ်လို လုပ်ပေးရမလဲ ဆိုတော့ ပြဿနာရဲ့ အကြောင်းရင်း ကတော့ စီးပွားရေးပဲ။ စီးပွားရေးကောင်းမှ ကျန်တာတွေ တွဲပါလာမှာ။ မဟုတ်ရင် အဆင်ပြေ မှာ မဟုတ်ဘူး။ တိုးပေးစရာလည်း ပိုက်ဆံမှ မရှိတာ”ဟု ဦးအောင်လှိုင်ဝင်းက ပြောဆိုသည်။
နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ အရာရှိတဦးကမူ ၎င်း၏ လစာမှာ ကျပ် ၃ သိန်းနီးပါး ရရှိ သော်လည်း မိသားစု ၄ ဦးရှိရာ ကလေး ကျောင်းစရိတ်ရှိသဖြင့် မလောက်ငကြောင်း၊ ထို့ကြောင့် လစာတိုးပေးသင့်ပြီး ကုန်ဈေးနှုန်း သိသိသာသာ မတက်လာစေရန် ဝန်ထမ်းများကလည်း ရရှိသည့် ပိုက်ဆံကို လွယ်လွယ်ကူကူ မသုံးစွဲသင့် ကြောင်း အကြံပြုသည်။
အထက်ပါအရာရှိက “တိုးလာရင် အကုန်သုံးမပစ်ဘဲနဲ့ သီးနှံတချို့လည်း ကိုယ့်ဘာသာ စိုက်ပျိုးစားတာမျိုး လုပ်ရမယ်။ စိုက်လို့ ရတာတွေ စိုက်မယ်။ ချွေတာမယ်ပေါ့။ လစာကတော့ တိုးမှ အဆင်ပြေနိုင်မယ်”ဟုလည်း ပြောသည်။
ဝန်ထမ်းလစာ တိုးခြင်းကို ၎င်း၏ ဝန်ထမ်း လုပ်သက် ၂၇ နှစ်အတွင်း ၁၃ ကြိမ် ကြုံဖူးပြီး လစာတိုးပြီးတိုင်း ကုန်ဈေးနှုန်း တက်လေ့ ရှိသဖြင့် လစာတိုးခြင်းကို ထောက်ခံသော်လည်း တိုင်းပြည်စီးပွားရေး အခြေအနေကို ကြည့်၍ ကုန်ဈေးနှုန်း အဆမတန် တက်မလာအောင် လုပ်ဆောင်နိုင်မှသာ ဝန်ထမ်းလစာ တိုးပေးသင့်ကြောင်း ရန်ကုန်မြို့မှ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
“လစာတိုးသော်လည်း ကုန်ဈေးနှုန်းဒဏ်ကို အကြီးအကျယ် ခံရတယ်။ အဲဒါကြောင့် လစာတိုးတာထက် တိုင်းပြည် စီးပွားရေး တိုးတက်အောင်၊ ကုန်ဈေးနှုန်း ကျအောင်ပဲ လုပ်သင့်တယ်။ လစာတိုးတိုင်း တပြည်လုံး ကုန်ဈေးနှုန်းတွေ တက်ပြီးတော့ အဲဒီဒဏ်ကိုပဲ ခံရတယ်။ ဝန်ထမ်းတွေ ဘဝကလည်း ဒီတိုင်းပဲ”ဟု ဦးကြီးမြင့်က ပြောသည်။
ပုဂ္ဂလိက ဝန်ထမ်းများမှာ တနေ့ အနည်းဆုံး အခကြေးငွေ ကျပ် ၃၆၀၀ မှ ကျပ် ၄၈၀၀ သို့ တိုးမြှင့်နိုင်ခဲ့သော်လည်း အစိုးရ ဝန်ထမ်းများမှာမူ လစာ မတိုးသဖြင့် နှိုင်းယှဉ် ပြောဆိုနေကြသော်လည်း အခြားခံစားခွင့်များတွင် နိုင်ငံ့ဝန်ထမ်းများက ပိုသာ၍ အခွင့်အရေး ကွာဟသည်ဟု မပြောနိုင်ကြောင်းလည်း ၎င်းက ပြောသည်။
ယနေ့ အဆိုရှင်ဖြစ်သူ ခရမ်းမြို့နယ် အမတ် ဒေါက်တာ အေးမင်း ကလည်း ယခုအချိန်သည် ဝန်ထမ်းများ လစာ၊ အခွင့် အရေး များမှာ အလွန် နည်းပါးလှသဖြင့် ဒဏ်ပိနေသည်ဟု ခံစားရကြောင်း၊ ထို့ကြောင့် ၎င်းတို့ကို ဆုပေးခြင်းဖြင့် ယုံကြည် မှု တည်ဆောက်ခြင်းက ပို၍ အကျိုးရှိနိုင်ကြောင်း လွှတ်တော် အပြီးတွင် သတင်းထောက်များကို ပြောပြသည်။
နိုင်ငံ့ဝန်ထမ်းများ အတွင်း စည်းလုံးမှု၊ ကြိုးစားလိုမှု၊ ထူးချွန်စွာ ဆောင်ရွက်လိုမှုများ၊ နိုင်ငံတော်နှင့် ပြည်သူ အတွက် ထူးချွန်စွာ ဆောင်ရွက် လိုသူများကို ဥပဒေနှင့်အညီ စည်းမျဉ်းစည်းကမ်းများ ရေးဆွဲ၍ ဂုဏ်ပြု ချီးမြှင့်သင့်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်များ က ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အထက်ပါ အဆိုကိုလည်း ပြည်ထောင်စု ရာထူးဝန် အဖွဲ့ ဥက္ကဋ္ဌ ၏ ထောက်ခံချက်ဖြင့် လွှတ်တော်က ကန့်ကွက်သူ မရှိ အတည်ပြု နိုင်ခဲ့သည်။