သတင်း

အောင်ဝင်းခိုင် အချိန်တန်ရင် ထွက်လာလိမ့်မည်ဟု အစ်ကိုဖြစ်သူ အောင်ဝင်းဇော် ပြောဆို

Want create site? Find Free WordPress Themes and plugins.

ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု၌ အဓိကတရားခံပြေးဖြစ်နေသူ အောင်ဝင်းခိုင် အနေဖြင့် အချိန်တန်လျှင် ထွက်လာ လိမ့်မည်ဖြစ်ကြောင်း ဖမ်းဆီးခံထားရသူ အောင်ဝင်းဇော်က ဇန်နဝါရီလ ၂၅ ရက်နေ့ ရုံးချိန်းထွက်ချိန်တွင် ပြောဆိုသည်။

အောင်ဝင်းခိုင် လွတ်မြောက်နေမှုနှင့် ပတ်သက်၍ ယနေ့ ရုံးချိန်းထွက်လာသည့် အောင်ဝင်းဇော်ကို ဧရာဝတီ သတင်းထောက်က လှမ်းမေးရာတွင် တရား ရင်ဆိုင်နေရသူ အောင်ဝင်းဇော် က ထိုသို့ တုန့်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

အောင်ဝင်းဇော် က “သူက (အောင်ဝင်းခိုင်) အချိန်တန်ရင် ထွက်လာပါလိမ့်မယ်။ ဟုတ်မှ မဟုတ်တာကိုး။ အမှုနဲ့ ပတ်သက် လို့တော့ တရားစီရင်ရေးမှာ အနှောက် အယှက်ဖြစ်မှာစိုးလို့ ကျနော် မပြောလိုပါဘူး။ လူကြီးတွေ ဆုံးဖြတ် ပါလိမ့်မယ်” ဟု ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥပဒေ အကြံပေး ဦးကိုနီ အသတ်ခံရမှုမှာ တနှစ်ခန့်ကြာပြီဖြစ် သော်လည်း အောင်ဝင်ခိုင်မှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး ယနေ့အထိရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။

ယနေ့အကြိမ် ၄၀ မြောက်ရုံးချိန်းတွင် တရာလိုပြသက်သေ ၈၀ ဦးရှိသည့်အနက်မှ ရဲမှူးတင်မောင်ဆွေ အား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး မနက်ဖြန် ဇန်နဝါရီ ၂၆ ရက်နေ့တွင် အမှုကိုဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်းသိရသည်။

တရားရင်ဆိုင်နေရသည့် အောင်ဝင်းဇော် အနေဖြင့် ၎င်းတို့ မပြောခဲ့သည့် “သတင်းထောက်တွေ ထမင်းဝအောင်စားထား” ဆိုသည့်စကားအား ၎င်းတို့ပြောကြောင်း ပြောဆိုခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင် ကိုလည်း တရားစွဲဆိုမည်ဖြစ်သည်ဟု ပြောသည်။

ဦးကိုနီသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့က လုပ်ကြံ ခံရခြင်းဖြစ်သည်။ အခင်းဖြစ်စဉ်တွင် တရားခံ ဝိုင်းဝန်းဖမ်းဆီးခဲ့သည့် တက္ကစီယာဉ်မောင်း ဦးနေဝင်းမှာလည်း လုပ်ကြံသူ သေနတ်သမား ကြည်လင်း၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။

ထိုလုပ်ကြံ သတ်ဖြတ်မှုနှင့် ပတ်သက်၍ သေနတ်သမားကြည်လင်း (ခ) ဖိုးထူးအပါအဝင် အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနှင့် ဇေယျာဖြိုးတို့ကို လူသတ်မှု၊ ပူးပေါင်းကြံစည်မှု၊ လဝက အက်ဥပဒေ၊ လက်နက် ဥပဒေများဖြင့် အမှုဖွင့် အရေးယူထားပြီး မြောက်ပိုင်းခရိုင် တရားရုံးတွင် အပတ်စဉ်ရုံးထုတ် စစ်ဆေးနေခြင်းဖြစ်သည်။

တရားခံပြေးဖြစ်သူ အောင်ဝင်းခိုင်သည် စစ်တက္ကသိုလ် ဗိုလ်လောင်းအပတ်စဉ် ၃၆ မှ ဖြစ်ပြီး အငြိမ်းစား ဒုဗိုလ်မှူးကြီးတဦး ဖြစ်ပြီး ဦးကိုနီ အား သတ်ဖြတ်ရန် ငွေပေးစေခိုင်းသူဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၇ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ထုတ်ပြန် ထားပြီး လုပ်ကြံမှုတွင် ဖမ်းဆီး တရားစွဲဆို ခံထားရသည့် အောင်ဝင်ထွန်း၊ အောင်ဝင်းဇော်တို့နှင့် ညီအကို တော်စပ်သူ လည်း ဖြစ်သည်။

အောင်ဝင်းခိုင်အားနေပြည်တော်တွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ပထမပတ်အတွင်း နောက်ဆုံးတွေ့ရှိခဲ့ပြီး နောက်ပိုင်း ဖမ်းဆီး နိုင်ခြင်း မရှိသေးဘဲ ရဲတပ်ဖွဲ့မှ မြို့နယ်အချို့တွင် ဖမ်းဝရမ်း ထုတ်ထားသည့် အပြင် အာဆီယံဒေသတွင်းနှင့် နိုင်ငံတကာ ရဲတပ်ဖွဲ့များ ထံသို့ အောင်ဝင်းခိုင် ဓာတ်ပုံပေးပို့ကာ ဖမ်းဆီးရမိရေး လုပ်ဆောင်နေကြောင်း ပြည်ထဲရေးက ပြောဆိုထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading