ဗိုလ်ချူပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန်အတွက် သမိုင်းအထောက်အထား ပြည့်စုံမှန်ကန်သည့် အတ္ထုပ္ပတ္တိ မူကြမ်း စာအုပ်ကို ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြထားသည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို က ပြောသည်။
ဇန်နဝါရီ ၂၅ ရက်က နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သည့် ဗိုလ်ချူပ် အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်း ကော်မတီ အစည်းအဝေးအပြီးတွင် မီဒီများကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။
သူရ ဦးအောင်ကိုက “ဗိုလ်ချူပ်အောင်ဆန်း အတ္တုပတ္တိ ရေးတဲ့ အခါမှာ ရာနှုန်းပြည့် မူကြမ်းရေးပြီးပါပြီ။ အဲ့ဒီစာအုပ်ကို အခု နိုင်ငံတော်အတိုင်ပင် ဆီမှာတင်ထားပါတယ်။ သူ့ရဲ့ အတည်ပြုချက် ယူရပါတယ်။ အတည်ပြုချက်ကို စောင့်နေ ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ လွတ်လပ်ရပြီး နှစ် ၇၀ အချိန် အထိ ဗိုလ်ချူပ်၏ အတ္ထုပ္ပတ္တိကို တိတိကျကျ ရေးသားဖော်ပြခြင်း မရှိကြောင်း၊ မိမိအမြင်၊ မိမိရှုထောင့်ဖြင့် ရေးသားဖော်ပြခဲ့သည့် အတ္ထုပ္ပတ္တိများမှာ ပြည့်စုံစွာ ရေးသားဖော်ပြခဲ့သည့် စာရေးဆရာ၊ အဖွဲ့အစည်းများ မရှိခဲ့သဖြင့် ထို အတ္ထုပ္ပတ္တိ ကိုရေးရန် မြန်မာသမိုင်းကော်မရှိငကိုဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
သူရဦးအောင်ကိုက “ဗိုလ်ချူပ်အောင်ဆန်းနဲ့ ပတ်သတ်တဲ့ သမိုင်း အထောက်အထား၊ ပြည့်စုံမှန်ကန်တဲ့ အတ္ထုပ္ပတ္တိ စာအုပ်ကို အခု တနှစ်အတွင်း အပြီးသတ် ရေးဖို့အတွက် မြန်မာသမိုင်းကော်မရှင်ကို ဖွဲ့စည်းခဲ့တာပါ” ဟု ရှင်းပြသည်။
အဆိုပါ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန် လက်ရှိအချိန်တွင် ကျပ်သိန်းပေါင်း ရှစ်ထောင့် လေးရာကျော် ၈၄၀၀ ရှိပြီး၊ နောက်ထပ် ကျပ်သိန်း ခုနှစ်ထောင်ကို ထပ်မံ အလှူငွေ ကောက်ခံသွားမည် ဖြစ်သဖြင့် ကျပ်သိန်းပေါင်း တသောင်း ငါးသောင်းကျော် အကုန်ကျခံ ရိုက်ကူးမည် ဖြစ်ကြေင်းသိရသည်။
ဘဏ္ဍာငွေအရ ပြည်ပ အနုပညာရှင်များ ငှားရမ်းမည် မဟုတ်ဘဲ၊ ပြည်တွင်း၌ရှိသော အနုပညာရှင် ၊ အတတ်ပညာရှင် များဖြင့် အကောင်းဆုံး ရိုက်ကူးရန် ရုပ်ရှင်ရိုက်ကူးရေး ကော်မတီအဖွဲ့များက သဘောထား မှတ်ချက်ပေးထားကြောင်း ၎င်း ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမည့် ဒါရိုက်တာ မင်းထင် ကိုကိုကြီး ကပြောသည်။
မင်းထင်ကိုကိုကြီး က “ကျနော်က ဇာတ်ညွှန်းကို ၆ လလောက် အချိန်ယူပြီးရေးမယ်။ ဇာတ်ညွှန်းထွက်လာတဲ့ အချိန်မှာ ရိုက်ကူးရေး အတွက် ၆ လလောက် ပြင်ဆင်မယ်။ နှစ်ဦးပိုင်းမှာ ရိုက်ကူးရေးစမယ်။ ၂၀၁၉ ဒီဇင်ဘာမှာ ရုံတင်ဖို့ အဆင်သင့် ဖြစ်နေရမယ်” ဟု ပြောသည်။
ထိုရုပ်ရှင် ဇာတ်ကားကို လူသားပိုဆန်စေချင်သည့်အတွက် ရုပ်ရှင် ဇာတ်ကား အမည်ကို “အောင်ဆန်း” ဟု အမည်ပေးထားကြောင်း ယင်းနာမည်ကို ဒေါ်အောင်ဆန်းစုကြည် ကလည်း လက်ခံကြောင်း မင်းထင် ကိုကိုကြီးက ပြောသည်။
မူလ ဇာတ်ညွှန်း ပြောင်းလဲရေးသားခဲ့သော်လည်း ပါဝင်သရုပ်ဆောင်မည့် သူများမှာ ယခင်ရွေးချယ်ထားသည့် ဗိုလ်ချူပ်နေရာတွင် ဘောလုံးသမား ကျော်ကျော်မျိူး၊ ဒေါ်ခင်ကြည်နေရာတွင် ဇာခြည်လင်း တို့က သရုပ်ဆောင်သွားမည် ဖြစ်သည်။
သရုပ်ဆောင်မည့် ကျော်ကျော်မျိုးက “အားလုံး ဂရုစိုက် စောင့်ကြည့်နေတဲ့ အချိန်၊ အားလုံးက ဘယ်လို လုပ်ပြမလဲ၊ ကျော်ကျော်မျိုးက ဘယ်လို လုပ်ပြမလဲ ဆိုတာကို စိတ်ချပါ။ အားလုံးယုံကြည် စိတ်ချစွာ အကောင်းဆုံးဖြစ်အောင် လုပ်ပြသွားမှာပါ” ဟုပြောသည်။
ဗိုလ်ချူပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အဆိုပါ ရုပ်ရှင်ကို ဗိုလ်ချူပ်အောင်ဆန်း အသက် ၁၀၀ ပြည့်သည့် ၂၀၁၅ ခုနှစ်က ရုံတင်ပြသနိုင်ရန် စီစဉ်ခဲ့သည်။ သို့သော် နှစ် ၁၀၀ ပြည့်တွင် အလှူငွေရှာရန် နမူနာသာ ရိုက်ကူးနိုင်ခဲ့ပြီး ၎င်းနမူနာကိုလည်း ဝေဖန်မှုများ ရှိခဲ့သည်။