သတင်း

နေပြည်တော် စည်ပင်ကော်မတီဝင် တပ်မတော် အရာရှိဟောင်းတဦး တာဝန်မှ နုတ်ထွက်ရမှု ဖြစ်ပွား

Want create site? Find Free WordPress Themes and plugins.

သမ္မတ တိုက်ရိုက် အုပ်ချုပ်သည့် နေပြည်တော် ပြည်ထောင်စု နယ်မြေမှ စည်ပင်သာယာရေး ကော်မတီဝင် ဦးမျိုးတင့် ဆိုသော တပ်မတော် အရာရှိဟောင်း တဦး လုပ်ငန်း တာဝန်မှ နုတ်ထွက်ရမှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။

၎င်းသည် အစိုးရသစ်၏ မူဝါဒများနှင့် ကိုက်ညီအောင် မဆောင်ရွက်နိုင်၍ ဇန်နဝါရီလ ၂၅ ရက်နေ့က နုတ်ထွက်ခဲ့ ရခြင်း ဖြစ်ကြောင်း နေပြည်တော် ပြည်ထောင်စု နယ်မြေ စည်ပင်သာယာရေး ကော်မတီ (NCDC) မှ သိရှိရသည်။

အမည် မဖော်လိုသော နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် တဦးက “အကြောင်း ပြလိုက်တာကတော့ ကျန်းမာရေးအရပဲ နုတ်ထွက်လွှာ တင်သွားတယ်ပေါ့။ အဂတိနဲ့ ပတ်သက်ရင်တော့ ကျော်စောရင်ပဲ ဖြစ်ဖြစ် ထိရောက် တဲ့ အရေးယူမှုက ခံရမှာ။ NLD ရဲ့ မူအရ လုံးဝ လက်မခံဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ဦးမျိုးတင့်သည် NCDC ကော်မတီတွင် ဈေးများဌာနကို တာဝန်ယူ ကွပ်ကဲရသည့် ကော်မတီဝင်တဦး ဖြစ်၍ နေပြည်တော် ရှိ သပြေကုန်း ဈေး ဆောက်လုပ်သွားခဲ့သည့် တရုတ် ကုမ္ပဏီကို တပ်ကုန်းမြို့ရှိ စည်ပင် ဘဏ် တခုအား တင်ဒါခေါ်ယူခြင်း လုံးဝ မရှိဘဲ စည်ပင်ဘဏ် ဘုတ်အဖွဲ့ ဥက္ကဋ္ဌ တာဝန်ကို အသုံးပြု၍ လွှဲပေးခဲ့ခြင်း အပါအဝင် အခြား ကိစ္စရပ်များကြောင့် အနားပေးလိုက်ခြင်း ဖြစ်ကြောင်း NCDC က ပြောသည်။

နေပြည်တော် စည်ပင်သာယာရေး ဘတ်ဂျက်များကို စစ်ဆေးခဲ့သည့် ရန်ကုန်တိုင်းမှ အမျိုးသား လွှတ်တော် ကိုယ်စား လှယ် အမျိုးသမီးအမတ် တဦးကလည်း ၎င်းတို့ စိစစ်ရာတွင် ကျပ် ၅ ဘီလီယံ လိုငွေပြနေပြီး ယင်းငွေကို လူသူနှင့် ဝေးလွန်းသည့် ဒေသတခုတွင် အဆင့်မြင့် စည်ပင်ဈေးကြီးတခု သွားရောက် အကောင်အထည် ဖော်ထားရာ လုပ်ငန်း မအောင်မြင်ဘဲ ဈေးမဖွင့်နိုင်သဖြင့် စည်ပင်တာဝန် ရှိသူများကို လွှတ်တော်က ရှင်းခိုင်းရာတွင် နေပြည်တော် စည်ပင် ကော်မတီဝင် ဦးမျိုးတင့် နုတ်ထွက် သွားရသည်ဟု ကြားသိရကြောင်း ဧရာဝတီသို့ ပြော သည်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ဦးတင့်လွင် ကလည်း “မြို့မ ဈေးမှာ ဈေး သည် တွေမှာ ဈေးကောက်ကိစ္စ ကျနော်တို့ ပါတီက သွားမေးမြန်းတော့ သူ (ဦးမျိုးတင့်)က မြို့တော်ဝန်ကို သွားပြီး တော့ တိုင်ဖူးတယ်။ ဈေးကောက်တာက ဗီနိုင်းထောင်ရင် နံနက် ၂၀၀၊ ညနေ ၂၀၀ ကောက်တော့ တနေကုန် ၄၀၀ နဲ့ တခြား အခတွေနဲ့ဆိုရင် ၁၀၀၀ လောက်ပေးရတော့ ဈေးသည်တွေက ပါတီကို အကူအညီတောင်းလို့ ကျနော် တို့က ဝင်ကူပေးတာ။ အဲဒီတုန်းက ကျနော်တို့က အတိုင်ခံရတာ”ဟု ဧရာဝတီသို့ ပြောပြသည်။

ဦးမျိုးတင့်သည် တပ်မတော်တွင် ဒုတပ်ရင်းမှူး အဆင့် အထိ တာဝန် ထမ်းဆောင်ခဲ့ဖူးကြောင်း၊ တပ်မတော်မှ ထွက်၍ အရပ်ဘက် ပြောင်းရာတွင် နယ်စပ်စည်ပင် အရာရှိအဖြစ် တာဝန်ယူရပြီး ထိုစဉ်ကလည်း ပြစ်ချက်တချို့ဖြင့် နုတ်ထွက် ခဲ့ရကြောင်း နေပြည်တော် စည်ပင် အသိုင်းအဝိုင်းက ပြောသည်။

“အဲဒါတွေ အပြီးမှာ ရန်ကုန်တိုင်း မထသ ဥက္ကဌအဖြစ် တာဝန်ယူတယ်။ အဲဒီမှာလည်း ငွေရေးကြေးရေး ကိစ္စနဲ့ နုတ် ထွက် လိုက်ရတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိမ်း မဲဆန္ဒနယ်မှာ NLD ကနေ သွားပြိုင်ရတယ်။ ဘော်လခဲ အမျိုးသား လွှတ်တော်မှာ။ သူ NLD အနေနဲ့ ရှုံးခဲ့သော်လည်း နေပြည်တော် စည်ပင် သာယာ ရေး ကော်မတီမှာ တာဝန်ပေးခံရတယ်”ဟု ဦးမျိုးတင့် နှင့် နီးစပ်သူတဦးကလည်း ပြောဆိုသည်။

အစိုးရသစ် လက်ထက် နေပြည်တော် စည်ပင်သာယာရေး ကော်မတီတွင် ယခုကဲ့သို့သော စည်ပင်အရာရှိ အမှုသည် ဒုတိယ အကြိမ်မြောက် ဖြစ်သည်။

ယခုဖြစ်စဉ် မတိုင်ခင် ဈေးများဌာနမှ စည်ပင်အရာရှိ ၂ ဦး ဖြစ်သည့် ဈေးများဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်စိုးနှင့် တိရစ္ဆာန်ဆေးကု နှင့် သားသတ်ရုံများ ဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်စိုးလှ တို့ကို အဂတိလိုက်စားမှုဖြင့် ၂၀၁၇ ခုနှစ် အောက်တိုဘာလက အရေးယူထားသည်။

ထိုအောက်တိုဘာလက အရေးယူခံသူ ၂ ဦးသည် မန္တလေးတိုင်း တရားရုံးတွင် အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။

“အစိုးရသစ် ပြောင်းမှ ကျနော်တို့ နေပြည်တော် ဈေးတွေကို ဦးဆောင်တဲ့ ဦးမျိုးတင့်၊ ဦးမင်းလွင်စိုးတို့ လက်ထက်မှာ လုပ်စားကိုင်စား ရတာ တော်တော် ဒုက္ခရောက်ခဲ့တယ်။ လွယ်လွယ်ကူကူနဲ့ အဆင်မပြေဘူး။ အဲဒါကြောင့် ဒီလူတွေ မရှိတော့ရင်လည်း နောင်လူကြီးတွေကို ဈေးသူ၊ ဈေးသားတွေရဲ့ ကောင်းကျိုး လုပ်ပေးမယ့် သူမျိုးတွေကိုပဲ ဖြစ်စေချင် တယ်”ဟု နေပြည်တော် ဈေးများတွင် ဝက်သားရောင်းခွင့် လိုင်စင် လုပ်ငန်းများ ရရှိထားသူ ဦးဘိုဘိုဟန်က ပြော သည်။

ယခု နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် တဦးကို အရေးယူမှုသည် NLD ပါတီက ပါတီဝင် ၃၀ ခန့်ကို အရေးယူမည်ဟု ပြောဆိုထားခြင်းမှ တဦး ပါဝင်လာခြင်း ဖြစ်ပြီး မကွေး၊ ဧရာဝတီ နှင့် ပဲခူးတိုင်းရှိ တိုင်းဒေသကြီး ဝန်ကြီးများကိုလည်း အရေးယူမှုနှင့် အတူတူပင် ဖြစ်ကြောင်း နေပြည်တော်ခရိုင် NLD ပါတီထံမှ စုံစမ်း သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading