သတင်း

မြောက်ဦး ဖြစ်စဉ်အတွက် လွှတ်တော် အရေးပေါ် အစည်းအဝေး ခေါ်ယူ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်း ဖြစ်ပွားခဲ့မှု အပါအဝင် မြို့ခံလူငယ် ၇ ဦး သေဆုံး ခဲ့မှု ဖြစ်စဉ် နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လွှတ်တော်က အရေးပေါ် အစည်းအဝေး တရပ်ကို ခေါ်ယူ လိုက်ကြောင်း သတင်း ရရှိသည်။

ယင်း အရေးပေါ် အစည်းအဝေးကို ဇန်နဝါရီလ ၂၉ ရက်တွင် ကျင်းပမည် ဖြစ်ပြီး အကြောင်းအရာ ၂ ခု ဖြင့် အစည်းအဝေး ခေါ်ယူခဲ့ခြင်း ဖြစ်သည်ဟု ရခိုင်ပြည်နယ် လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးမြသန်းက ပြောသည်။

“အရေးပေါ် အစည်းအဝေး ခေါ်ယူရတဲ့ အကြောင်းကတော့ မြောက်ဦးကိစ္စအတွက် ဖွဲ့စည်းထားတဲ့ စုံစမ်း စစ်ဆေးရေး အဖွဲ့ရဲ့ လုပ်ပိုင်ခွင့်တွေ၊ တာဝန်တွေကို လွှတ်တော်မှာ အတည်ပြုမယ့် ကိစ္စအတွက်ပါ”ဟု ၎င်းက ဧရာဝတီသို့ ပြောပြ သည်။

ထို့အပြင်၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က ပိုလျှံငွေတွေကို ဖွံ့ဖြိုးရေးကိစ္စရပ်များတွင် မည်သို့ ဆက်လက် သုံးစွဲသွားမည် ဆိုသည့် အကြောင်းအရာကို အစိုးရအဖွဲ့ လွှတ်တော်၌ တင်ပြရန် ပြည်နယ် ဝန်ကြီးချုပ်က အကြောင်းကြားလာသည့် အတွက် ခေါ်ယူရခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

ယင်း မြောက်ဦး အဓိကရုဏ်းဖြစ်ပွားမှု စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ရခိုင်ပြည်နယ် လွှတ်တော်က ဇန်နဝါရီလ ၂၅ ရက် တွင် ဖွဲ့စည်းခဲ့ပြီး စုံစမ်း စစ်ဆေးရေး အဖွဲ့ ဥက္ကဋ္ဌ အဖြစ် မြေပုံမြို့နယ် အမတ် ဦးအောင်ဝင်းက တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ကာ ပါတီပေါင်းစုံမှ အဖွဲ့ဝင် ၉ ဦး ပါဝင်ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၂ ရက်ကလည်း မြောက်ဦး အဓိကရုဏ်းကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့က အရပ်ဘက် လူမှု အဖွဲ့အစည်းများကို ခေါ်ယူပြီး ပြည်နယ် အစိုးရရုံး အစည်းအဝေး ခန်းမတွင် တွေ့ဆုံဆွေးနွေးမှု တခုကို ပြုလုပ်ခဲ့ သည်။

၎င်းတွေ့ဆုံမှုတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ရခိုင်အရေး ကိစ္စများတွင် မှားယွင်း လုပ်ဆောင်ချက်များနှင့် တာဝန် မကျေပွန်မှုများ ရှိခဲ့ပါက အရေးယူခံရန် အဆင်သင့် ရှိနေကြောင်းနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူး ဖြစ်သူ ဦးတင်မောင်ဆွေက ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြား ခဲ့သည်။

လွှတ်တော် ဒုဥက္ကဋ္ဌ ဦးမြသန်းက “ကျနော်တို့ လွှတ်တော်ကလည်း စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းပြီး ဆိုတော့ အစီရင် ခံစာ ထွက်ပေါ်လာမှပဲ ပြောပါ့မယ်။ အခုတော့ ဘာမှတော့ မပြောချင်ဘူး။ ပြောလိုတာ တခုက ပွဲကျင်းပ ခွင့်ပေးထားပြီး အနီးကပ် ပိတ်လိုက်တဲ့အတွက် မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရတယ်။ ဒါကြောင့် ပွဲကျင်းပခွင့်ပိတ်တဲ့ အဖွဲ့အစည်းမှာ တာဝန် ရှိတယ်လို့ပဲ ကျနော့်အနေနဲ့ ထင်မြင်ယူဆပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ မြောက်ဦးပြဿနာကို ဥပဒေနှင့်အညီ လုပ်ခဲ့သည်ဆိုခြင်းနှင့် ပတ်သက်ပြီး ရခိုင် အရေး လှုပ်ရှားသူ စစ်တွေမြို့ခံ ဦးသန်းထွန်းက မြေပြင် အခြေအနေနှင့် ကွဲလွဲချက်များ ရှိနေသည် ဟု ပြောဆိုသည်။

“အစိုးရက ရှင်းပြတာက နန်းတော်ရာမှာ လုပ်ခွင့်မရရင် ကျင်းပရေး ကော်မတီက တခြား ဘောလုံးကွင်းတွေမှာ လုပ်လို့ ရတယ်။ အဲဒါမျိုး လုပ်ခဲ့မယ်ဆိုရင် ဒီဆန္ဒပြပွဲလည်း ဖြစ်ခဲ့မယ် မဟုတ်ဘူးဆိုပြီး ပြောခဲ့တယ်။ ဒါဆိုရင် မြောက်ဦးမြို့နယ်က တိမ်ညိုကျေးရွာက ပွဲကို ဘာကြောင့် တားမြစ်ခဲ့တာလဲ။ အစိုးရ ရှင်းပြတဲ့အထဲမှာ မြေပြင် အခြေအနေနဲ့ ကွဲလွဲချက်တွေက အများကြီး ရှိပါတယ်” ဟုလည်း ဦးသန်းထွန်းက ပြောသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ရက္ခိုင့် နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ဝမ်းနည်းမှု အထိမ်းအမှတ် ပွဲ ကျင်းပခြင်းအား ပိတ်ပင်ခံရမှုနှင့် ပတ်သက်ပြီး ဇန်နဝါရီလ ၁၆ ရက်က အဓိကရုဏ်း ဖြစ်ပွားခဲ့ကာ ရခိုင်လူငယ် ၇ ဦး သေဆုံးခဲ့ပြီး ၁၂ ဦးဒဏ်ရာ ရရှိခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading