ပြည်သူလူထုနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် လိုအပ်လျက်ရှိသည့် လွှတ်တော် ကိုယ်စားလှယ်ရုံးခန်းများ ဖွင့်လှစ်နိုင်ရေးမှာ နိုင်ငံတော်တွင် ဘတ်ဂျက် လိုငွေပြနေသဖြင့် ဖွင့်လှစ်ပေးနိုင်ခြင်း မရှိသေးကြောင်း လွှတ်တော် အခွင့်အရေး ကော်မတီက ပြောသည်။
နိုင်ငံတော်တွင် လိုငွေပြ ဘတ်ဂျက်နှင့် လည်ပတ်နေရသဖြင့် အခက်အခဲ ရှိလာနိုင်ခြင်း၊ ဘဏ္ဍာရေး ကော်မရှင်၏ ဘဏ္ဍာငွေ ခွဲဝေချထားမှု အပေါ်တွင် မူတည်ဆောင်ရွက်ရသဖြင့် လွှတ်တော်ကိုယ်စားလှယ်ရုံးများကို တာဝန်ယူ ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ် မရှိသေးကြောင်း ဇန်နဝါရီ ၂၆ ရက်နေ့ ပြည်သူ့လွှတ်တော်တွင် ပြောဆိုသွားခြင်းဖြစ်သည်။
မိုင်းရယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ကိုယ်စားလှယ်ရုံးများကို မည်သည့်ကာလတွင် ဖွင့်လှစ် ပေးမည်၊ နေရာထိုင်ခင်း၊ ရုံးလုပ်ငန်းဆိုင်ရာ ကုန်ကျစရိတ်များကို လွှတ်တော်ရုံးမှ ဆောင်ရွက်ပေးရန် မည်သို့ စီမံထားကြောင်း မေးမြန်းမှုအပေါ် အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဦးစိုင်းသီဟကျော် က “အမှန်က လုပ်ပေးသင့်တယ်။ နိုင်ငံတကာမှာဆိုရင် တရုံးတောင် မကဘူး။ ၂ ရုံးတောင်ရှိတယ်။ လွှတ်တော် တက်နေတဲ့ နေရာမှာလည်း သက်ဆိုင်ရာ အမတ်တွေ အတွက်ရုံးရှိတယ်။ မဲဆန္ဒနယ်မှာလည်း ရုံးရှိတယ်။ ဝန်ထမ်းတွေလည်း ပေးထားတယ်။ ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ အတွက်ရုံးတွေ ရှိဖို့လိုတယ်” ဟု ပြောသည်။
ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၆၄ တွင် လွှတ်တော်သည် လိုအပ်သော မြို့နယ်များတွင် လွှတ်တော် ကိုယ်စားလှယ် ရုံးခန်းကိုဖွင့်လှစ် တည်ထောင်ခွင့် ပေးနိုင်ကြောင်း၊ ပုဒ်မ ၆၅ တွင် လွှတ်တော် ကိုယ်စားလှယ်ရုံးများကို လွှတ်တော်က တာဝန်ယူ ဖွင့်လှစ်ပေးနိုင်ခြင်းမရှိသေးမီ ကိုယ်စားလှယ်များသည် မိမိအစီအစဉ်ဖြင့် နေရာထိုင်ခင်း ရုံးကုန်ကျစရိတ်များ ကျခံကာလွှတ်တော် ကိုယ်စားလှယ်ရုံးများကို ဖွင့်လှစ်နိုင်သည်ဟု ဖော်ပြထားသည်။
လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မဲဆန္ဒရှင် ပြည်သူများနှင့်တွေ့ဆုံရာတွင် ဖြစ်စေ၊ ဌာနဆိုင်ရာများနှင့် ရုံးလုပ်ငန်း သဘော ဆောင်ရွက်ရာတွင် ဖြစ်စေ၊ ရုံးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ် ရုံးခန်းရှိသူများက မရှိသူများထက် ပို၍ အလုပ်ဖြစ်သလို ပြည်သူ့ အကျိုးပိုမိုဆောင်ရွက်နိုင်ကြောင်း ကိုယ်စားလှယ် သတင်းရင်းမြစ်များက ပြောသည်။
အာဏာရပါတီ NLD မှ အမတ်များတွင်လည်း လွှတ်တော် ကိုယ်စားလှယ်ရုံးကို သီးသန့် မဖွင့်နိုင်ဘဲ ရန်ကုန်တိုင်းတွင် မြို့နယ် NLD ရုံးများနှင့် ကိုယ်စားလှယ်ရုံးကို တွဲ၍ ဖွင့်ထားရကြောင်း၊ ယင်းမြို့နယ် NLD ရုံးများမှာပင် ငှားရမ်းထားရသဖြင့် လစဉ် ကိုယ်စားလှယ်များက အချိုးကျ ထည့်ဝင်ရကြောင်း၊ မဲဆန္ဒရှင် ပြည်သူများကလည်း ၎င်းတို့၏ ကိစ္စရပ်များကို ဖြေရှင်းပေးစေလိုပါက မြို့နယ် NLD ရုံးများသို့ပင် ဆက်သွယ်လာကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း က ပြောသည်။
ဦးအောင်လှိုင်ဝင်း က “သီးခြားရုံးလုပ်ဖို့တော့ ကျနော်တို့မှာလည်း ပိုက်ဆံမရှိဘူး။ ရုံးဖွင့်ရင် ကိုယ်စားလှယ်ရုံးဆို ပိုက်ဆံစိုက်ရမှာ။ အစိုးရစရိတ်နဲ့ ဘတ်ဂျက်သုံးဖို့ ကျတော့လည်း ဒီလိုအခြေအနေမျိုးမှာ အမြင်မကောင်းဘူး။ အခုလည်း NLD ရုံးတော်တော်များများက ငှားထားရတာ။ ကျနော်ဆိုရင် ၁ လ တသိန်းထည့်ရတယ်။ ကိုယ်စားလှယ်တွေက ၅ သောင်းနဲ့ တသိန်းကြားတော့ ထည့်နေရတာပဲ။ ရုံးကစာရွက် စာတမ်းနဲ့ ဝန်ထမ်းကြေးဆိုရင် တလ တသိန်းတော့ ကိုယ်စားလှယ်တိုင်း ကုန်တယ်” ဟု ရှင်းပြသည်။
လွှတ်တော်အခွင့်အရေး ကော်မတီ ကိုယ်စားလွှတ်တော်တွင် ဖြေကြားခဲ့သူ ဒေါက်တာလှမိုး က လွှတ်တော် ဥပဒေများအရ ကိုယ်စားလှယ်ရုံးကို လိုအပ်ပါက ဖွင့်လှစ်နိုင်ပြီး မလိုအပ်ပါက မဖွင့်လှစ်ဘဲ နေနိုင်ကြောင်း၊ ရုံးများကို လွှတ်တော်က တာဝန်ယူ မဖွင့်လှစ်ပေးမီ လွှတ်တော် ကိုယ်စားလှယ်များက မိမိအစီအစဉ်ဖြင့် ကုန်ကျစရိတ်များ ကျခံပြီး ဖွင့်လှစ်ခွင့် ပေးထားပြီး ဖြစ်ကြောင်း ပြောဆိုသည်။
ဒေါက်တာ လှမိုး က “လွှတ်တော် ကိုယ်စားလှယ်အများစုဟာလည်း လွှတ်တော်ကိုယ်စားလှယ် ရုံးများကို မိမိအစီအစဉ်နဲ့ ဖွင့်လှစ်ပြီး မဲဆန္ဒရှင် ပြည်သူများနဲ့ ထိတွေ့ ဆောင်ရွက်နေကြပြီး ဖြစ်ပါတယ်” ဟု လွှတ်တော်တွင် ပြောသည်။
လွှတ်တော် ကိုယ်စားလှယ်ရုံးများကို တာဝန်ယူပြီး ဖွင့်လှစ်ပေးမည်ဆိုပါက မဲဆန္ဒနယ်ပေါင်း ၃၃၀ အတွက် တပြိုင်နက်တည်း ဆောင်ရွက်ရမည် ဖြစ်၍ နေရာရှာဖွေရခြင်း၊ အဆောက်အဦးများ ဆောက်လုပ်ခြင်း၊ ရုံးလုပ်ငန်းအတွက် အသုံးအဆောင်များ ဖြည့်တင်းဆောင်ရွက်ရခြင်း၊ ရုံးဝန်ထမ်းခန့်အပ်ခြင်းများကိုပါ တပြိုင်တည်း ပြုလုပ်ရမည် ဖြစ်၍ လုပ်ငန်းပမာဏကြီးမားသကဲ့သို့ ဘဏ္ဍာငွေ အမြောက်အမြား သုံးစွဲဆောင်ရွက်ရမည်ဟု လွှတ်တော် ကော်မတီက အကြောင်းပြချက်ပေးသည်။
ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ဦးစိုင်းသီဟကျော် က “အခုလောလောဆယ် ဘတ်ဂျက် မရှိသေးဘူးဆိုရင်လည်း ဘယ်ကာလမှ စလုပ်နိုင်မယ်ဆိုတာ မဖြေသွားဘူး။ အခုလွှတ်တော်သက်တမ်းက ဒုတိယအကြိမ် ရောက်နေပြီ။ ပြီးခဲ့တဲ့ ၅ နှစ်သက်တမ်းက မလုပ်နိုင်သေးဘူးဆိုရင် ထားလိုက်တော့။ အခုလည်း အကုန်မစနိုင်သေးရင် ဥပမာ ကျယ်ပြန့်တဲ့တောင်ကြီး၊ လားရှိုးတို့လို မြို့ကြီးတွေမှာ အရင်စလို့ရတယ်။ အဲလိုအစီအစဉ်တွေ ရှိဖို့လိုတယ်” ဟု ပြောသည်။