သတင်း

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကျွန်းနှင့်သစ်မာ တန်ချိန် သုံးသိန်းခွဲကျော်သာ ထုတ်မည်ဟု ဆို

သစ်ထုတ်လုပ်မှုကို လျှော့ချသည့် အနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွင်း တနိုင်ငံလုံးရှိ သစ်တောများမှ ကျွန်းသစ် တန်ချိန် ၁၅၀၀၀ နှင့် သစ်မာ တန်ချိန် ၃ သိန်းခွဲ (၃၅၀၀၀၀) သာ ထုတ်ယူမည်ဖြစ်ပြီး ထုတ်ယူနိုင်စွမ်း ပမာဏထက် လျှော့ချ ထုတ်လုပ်ခြင်း ဖြစ်ကြောင်း နေပြည်တော် သစ်တောဦးစီးဌာနက ပြောသည်။

“မူလ လျာထားချက်ထက် ၆၀ ရာခိုင်နှုန်းလောက်ကိုပဲ ထုတ်တာ။ ထုတ်နိုင်တဲ့ ရလဒ်က ၁၀၀ ရှိတယ်ဆိုရင် ၆၀ လောက်ပဲ ထုတ်တယ်။ ယခင့် ယခင် နှစ်တွေထက်ကို အများကြီး လျှော့လိုက်တာ”ဟု သစ်တော ဦးစီးဌာန သဘာဝ တောနှင့် စိုက်ခင်း လုပ်ငန်းဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး တဦးက ဧရာဝတီသို့ ပြောသည်။

မြန်မာ့ သစ်လုပ်ငန်း အနေဖြင့် နှစ်စဉ် ကျွန်းပင် ၁၉၂၀၀ နှင့် သစ်မာပင် ၅၉၂၃၃၀ ထုတ်ယူနိုင်မည် ဖြစ်သော်လည်း ပင်ထောင် (ခုတ်ယူရန် သတ်မှတ်ခြင်း) သတ်မှတ်သည့် အရေအတွက်သည် ကျွန်းပင် ၁၀၆၂၀ နှင့် သစ်မာပင် ၁၉၃၄၁၂ ပင်ကိုသာ လျှော့ချ၍ သစ်ထုတ်ယူမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် သစ်ထုတ်လုပ်မှု ပမာဏကို ကန့်သတ် ထိန်းချုပ်နိုင်ရန် အတွက် တနိုင်ငံလုံးတွင်လည်း ပုဂ္ဂလိက သစ် ထုတ်လုပ်ငန်းများကို လုံးဝ ခွင့်မပြုတော့ဘဲ မြန်မာ့ သစ်လုပ်ငန်းကသာ လုပ်ကိုင်မည် ဖြစ်ကြောင်း သစ်တော ဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ချိန်က ပြောသည်။

ဦးအောင်ချိန်က “အရင်တုန်းကဆို ကုမ္ပဏီတွေပေးတယ်။ အခုဆို လုံးဝမပေးတော့ဘူး။ မြန်မာ့ သစ်လုပ်ငန်းက ကိုယ်တိုင် ထုတ်တာပဲ ရှိတော့မယ်”ဟု ဆိုသည်။
အထူးသဖြင့် မြန်မာ့ကျွန်းသစ် မူရင်းဒေသဖြစ်သော ပဲခူးရိုးမ ဒေသတခုလုံးတွင် ကျွန်းနှင့်သစ်မာ ထုတ်လုပ်မှုကို ၂၀၁၇ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ၁၀ နှစ်တာ လုံးဝ ရပ်ဆိုင်းထားပြီး အနားပေးခြင်း၊ ပြုစု ထိန်းသိမ်း ကာကွယ်ခြင်း များသာ ဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပဲခူးရိုးမ၏ သစ်တော ဦးစီးဌာနမှ စီမံ အုပ်ချုပ်သော မြေဧရိယာ အကျယ်အဝန်းမှာ ၉,၇၃၇,၀၃၀ ဧကဖြစ်ပြီး သစ်တော နယ်မြေ အကျယ်အဝန်းမှာ ၄၀ ဒသမ ၇၉ ရှိသည်ဟု ဆိုသည်။

လက်ရှိ ပဲခူးရိုးမ၏ သစ်တောများ ဖုံးလွှမ်းနေမှု အခြေအနေသည် ၂၉ ဒသမ ၃၁ ရာခိုင်းနှုန်း ရှိကြောင်း ပဲခူးတိုင်း ဒေသကြီး သစ်တော ဦးစီးဌာနက ပြောသည်။

သစ်ထုတ်လုပ်မှုကို လျှော့ချလျက် ရှိသည့်အပြင် နိုင်ငံတဝန်း သစ်တောများ ပြန်လည် တည်ထောင်ရေး အတွက် ၂၀၁၇-၂၀၁၈ မှ ၂၀၂၆-၂၀၂၇ အထိ ကာလအတွင်း သစ်တော စိုက်ခင်းပေါင်း ဧရိယာ ဧက သုံးသိန်းငါးသောင်း ကျော် ကို တည်ထောင်သွားမည် ဖြစ်ကြောင်းလည်း သစ်တောဦးစီးဌာနမှ သိရသည်။

အဆိုပါစီမံကိန်းတွင် သစ်တောစိုက်ခင်း မူဝါဒရေးဆွဲခြင်း ၊ သဘာဝတော တန်ဖိုးမြှင့် ထိန်းသိမ်းခြင်း၊ အစိုးရပိုင်နှင့် ပုဂ္ဂလိက သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တော တည်ထောင်ခြင်း၊ သီးနှံ သစ်တော ရောနှော စိုက်ခင်းများ တည်ထောင်ခြင်းတို့ ပါဝင်သည်ဟု ဆိုသည်။

သစ်တောများ ပြန်လည် တည်ထောင်ရေး စီမံကိန်း ပြုလုပ်မည် ဆိုပါက အဓိက လိုအပ်ချက် တရပ်အနေဖြင့် စီမံကိန်း ပြုလုပ်မည့် သစ်တောတွင်ပင် သစ်တော ဝန်ထမ်းများ နေထိုင်ကာ ထိန်းသိမ်းရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်သင့်ကြောင်းနှှင့် သစ်တော စိုက်ခင်းများ ထပ်မံ စိုက်ပျိုးခြင်း အပြင် ရှိပြီးသား သစ်တောများကိုလည်း ထိန်းသိမ်း စောင့်ရှောက်သင့်ကြောင်း မြန်မာနိုင်ငံ သစ်တောအသင်း အတွင်းရေးမှူး ဦးတင်အေးက ဧရာဝတီသိုု့ ပြောသည်။

ဦးတင်အေးက “တဖက်မှာ စိုက်တာချည်းပဲ အားပြုပြီးတော့ ရှိနေတဲ့တောတွေကို မထိန်းသိမ်းဘူး။ ရှိနေတဲ့တောတွေ ကို မခုတ်အောင် မလှဲအောင် တရားမဝင် သစ်ခုတ်တဲ့ လုပ်ငန်းတွေကိုလည်း ထိထိရောက်ရောက် တားဖို့ အစီအမံမျိုး မရှိဘူးဆိုရင် အဲဒီအစီအမံမျိုးကို တိတိကျကျ လုပ်သင့်တယ်။ ဝန်ထမ်းအင်အား စုဖွဲ့ပြီး လုပ်သင့်တယ်” ဟုလည်း အကြံပြုသည်။

မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်အထိ ကောက်ယူရရှိသော စာရင်းများအရ သစ်တောပြုန်းတီးမှု ကမ္ဘာ့ တတိယ အဆိုး ရွားဆုံး အဆင့်တွင် ရောက်ရှိနေပြီး ၂၀၁၀ -၂၀၁၅ ခုနှစ်အတွင်း သစ်တော ဧက ၁ ဒသမ ၃၄ သန်းထက် မနည်း ဆုံးရှုံး ခဲ့ကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ (FAO) ၏ အစီရင်ခံစာအရ သိရသည်။

သစ်တောပြုန်းတီးမှု များပြားနေသည့် အတွက် ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုကို ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၃ ခုနှစ် ဧပြီလ ၅ ရက်က စတင်ပြီး အမိန့်ကြော်ငြာစာ ထုတ်၍ ရပ်ဆိုင်းခဲ့သည်။

သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းသည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် မတိုင်ခင်အထိ သစ်နှင့် သစ်တောထွက်ပစ္စည်း တင်ပို့မှုသည် အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကျော်တွင် ပျမ်းမျှရှိနေခဲ့ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်တွင်မူ ၁ ဘီလီယံ နီးပါး အထိ တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် တင်ပို့မှုသည် အမေရိကန် ဒေါ်လာ ၉၃ သန်းအထိသာ ရှိခဲ့ပြီး ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ် တွင် ၂၁၂ ဒသမ ၉ သန်း၊ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်တွင် ၂၄၇ သန်းသာ ရှိခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် လက်ရှိအချိန်အထိ နိုင်ငံဧရိယာ၏ ၄၇ ရာခိုင်နှုန်းကို သစ်တောများ ဖုံးလွှမ်းနေဆဲ ဖြစ်ပြီး အပင်ကြီး မျိုး ၁၃၄၇ မျိုး၊ အပင်ငယ်မျိုး ၇၄၁ မျိုး၊ ချုံနွယ် ၁၆၉၆ မျိုးနှင့် ဝါး ၉၆ မျိုး၊ ကြိမ် ၃၆ မျိုးနှင့် သစ်ခွ ၈၁၄ မျိုး မှတ်တမ်း တင်ထားပြီးဖြစ်ကြောင်း သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

Loading