သတင်း

တယ်လီနော အရောင်းဝန်ထမ်း တဦး နေပြည်တော်တွင် ရထားကြိတ်သေဆုံး

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး အော်ပရေတာ တခုဖြစ်သော တယ်လီနောမှ အရောင်းဝန်ထမ်း အမျိုးသားတဦး နေပြည်တော် ကောင်စီနယ်မြေ ရွာတော် ဘူတာကြီးအနီးရှိ ရထားလမ်းကို ဆိုင်ကယ်နှင့် ဖြတ်ကူးစဉ် ရထားကြိတ်မိ၍ ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

အသက် ၂၂ နှစ်အရွယ် အဆိုပါအမျိုးသား စီးနင်းလာသည့် ဆိုင်ကယ်နှင့် တိုက်မိသည့် ရထားမှာ မန္တလေးမှ ရန်ကုန်သို့ မောင်းနှင်လာသည့် အမှတ် ၁၂ အစုန် အမြန် ရထားဖြစ်ပြီး၊ ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကျည်တောင်ကန် ရဲစခန်းမှ သိရသည်။

ကျည်တောင်ကန် ရဲစခန်းမှ အရာခံဗိုလ် ဦးလွင်ဦးက “နေပြည်တော် ဘူတာကြီးနဲ့ ရွာတော် ဘူတာကြား၊ မိုင်တိုင် ၂၃၀ မှာ ဖြစ်တာပါ။ ရွာတော်ရွာကို သံလမ်းကနေ ဖြတ်ပြီးတော့ ကူးတာ၊ ရွာကနေ သံလွင်လမ်းမကြီးကို ဖြတ်အကူးမှာ ဖြစ်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။

တယ်လီနောမှ နေပြည်အတွက် အရောင်းကိုယ်စားလှယ် ယူထားသည့် မန်နေဂျာ ဦးဝဏ္ဏကလည်း “သူကပုဗ္ဗသီရိနဲ့ ရွာတော်ကို အရောင်းတာဝန်ကျတာ၊ နေ့တိုင်းသွားနေကျ၊ သူ့ဇာတိက ပျဉ်းမနားက မဟုတ်တေ့ာ သူ့မိဘတွေဆီတေ့ာ အကြောင်းကြား ထားပြီးပြီ” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့  ရထားကြိတ်ပြီး သေဆုံးသူဦးရေ မြင့်တက်နေခြင်းကြောင့် မြန်မာ့ မီးရထားလုပ်ငန်းမှ ပြည်သူများ ရထားလမ်းဖြတ်ရာတွင် စည်းကမ်း လိုက်နာရန် အတွက် အသိပညာပေး ဟောပြောပွဲများ ပြုလုပ်လျှက် ရှိသည်။

တရားမဝင် လမ်းကူးနေရာများတွင်  ဖြစ်ပွားခဲ့သော ရထားနှင့် ယာဉ်တိုက်မှု စရင်းမှာ လွန်ခဲ့သည့် ၄ နှစ်ဖြင့် နှိုင်းယှဉ်ပါက  ၂ ဆ မြင့်တက် လာကြောင်း၊ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် ဧပြီမှ နိုဝင်ဘာလ အထိ ၅၃ မှုဖြစ်ပွားခဲ့သည့် အနက် ဒဏ်ရာရသူ ၇၀ နှင့် သေဆုံးသူ ၅၀ကျော် ရှိကြောင်း မြန်မာ့ မီးရထားကထုတ်ပြန်ခဲ့သည်။

တနိုင်ငံလုံး အတိုင်းအတာအနေဖြင့် တရားမဝင် ရထားကူးဂိတ်ပေါင်း  ၂၄၀၀ ကျော်ရှိရာ တရားဝင် ဂိတ်ထက် ၁ ဆခွဲနီးပါး ပိုများနေကြောင်းလည်း သိရသည်။

ယင်းအမှုကို သေမှုသေခင်း ၁/၂၀၁၈ အမှုဖွင့်ထားပြီး၊  ရုပ်အလောင်းကို နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံသို့ ပို့ဆောင်ထားပြီး စစ်ဆေးမှုများ ပြုလုပ်လျှက် ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

Loading