သတင်း

ဦးဝင်းထိန် ပါတီ CEC အဖြစ် ဆက်ရှိနေသေးဟု NLD ပြော

Want create site? Find Free WordPress Themes and plugins.

သြစတြေးလျ နိုင်ငံသို့ ထွက်ခွာသွားခဲ့သည့် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ဗဟို အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်သည် ပါတီတွင် လက်ရှိရာထူးဖြင့် ဆက်လက် ရှိနေသေးကြောင်း NLD က ပြောသည်။

NLD ပါတီ ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် ဦးဉာဏ်ဝင်းက ဇန်နဝါရီ ၂၈ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် လစဉ် NLD ဗဟို အလုပ်အမှုဆောင် အစည်းအဝေးအပြီးတွင် ဦးဝင်းထိန်သည် ဗဟို အလုပ်အမှုဆောင် ကော်မတီ (CEC) အဖြစ် ဆက်ရှိနေသေးသည်ဟု ပြောကြားသည်။

ပါတီ အတွင်းရေးမှူးလည်း ဖြစ်သူ ဦးဉာဏ်ဝင်း“အခုချိန်အထိ ဦးဝင်းထိန် ရှိတယ်။ လူတော့ မရှိဘူး။ CEC အဖြစ်ကတော့ ရှိနေတယ်။ သူခရီးသွားတာ ကျနော်တို့ဆီတော့ ခွင့်မရောက်ဘူး။ သူတခြားကို ခွင့်တိုင်၊ မတိုင်တော့ ကျနော်တို့လည်း မသိ ဘူး။ သူ့အခန်းကဏ္ဍ ဘယ်လိုရှိမလဲ ဆိုတာတော့ သူပဲသိမယ်၊ ကျနော်တို့ မသိဘူး။ ဒီနေ့ လက်ရှိကတော့ ခင်ဗျားတို့ မြင်တဲ့ အတိုင်းပဲ သူလည်း မရှိဘူး။ သူ့အကြောင်းလည်း မဆွေးနွေးဘူး”ဟု သတင်းထောက်များကို ပြောသည်။

ယမန်နေ့က အစည်းအဝေးသို့လည်း ဦးဝင်းထိန် လာရောက်ခဲ့ခြင်း မရှိကြောင်း၊ ၎င်းသည် သြစတြေးလျ နိုင်ငံသို့ တလခန့် အနား ယူနိုင်ရန် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့က ရန်ကုန်မြို့မှ ထွက်ခွာ သွားခဲ့ပြီးနောက် ဦးဝင်းထိန်၏ ပါတီတွင်း သြဇာ ကျသွားဖွယ် ရှိနေကြောင်း NLD သတင်းရင်းမြစ် တချို့ကလည်း ပြောဆိုကြသည်။

NLD ပါတီ ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် တဦးဖြစ်သူ ဦးထွန်းထွန်းဟိန် ကလည်း“ဦးဝင်းထိန်ကိစ္စ မဆွေးနွေးပါဘူး။ အဲဒါ မပါပါဘူး။ ဒီအချိန်ထိ CEC အဖြစ် ရှိနေပါတယ်။ ဒါပေမယ့် CEC အကြောင်းနဲ့ ပတ်သက်လို့ ကျနော်တို့ မဆွေးနွေးပါဘူး” ဟု နေပြည်တော် အစည်းအဝေးတွင် ပြောသည်။

ယခုပြုလုပ်သည့် ဗဟို အလုပ်မှုဆောင် အစည်းအဝေးသို့ ခွင့်တိုင်ကြားခဲ့သည့် ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ မှ လွဲ၍ ကျန်သည့် CEC များဖြစ်သည့် ဦးဝင်းမြင့်၊ ဦးဉာဏ်ဝင်း၊ ဦးဖြိုးမင်းသိန်း၊ ဒေါက်တာ အောင်မိုးညို၊ ဦးဟံသာမြင့်၊ ဦးအုန်းကြိုင်၊ ဒေါက်တာ မျိုးညွှန့်၊ ဒေါ်မေဝင်းမြင့်၊ ဒေါက်တာ ဇော်မြင့်မောင်၊ ဦးညီပုနှင့် ဦးအောင်စိုးတို့ တက်ရောက်ခဲ့ကြပြီး အရေးကြီး ဆုံးဖြတ်ချက်မှာ ပါတီတွင်း “အလုပ် ပိုလုပ်ကြရန်” ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောပြ သည်။

“ပါတီမှာ တိုင်ကြား ခံထားရတဲ့သူက ရာကျော်တယ်။ စုံစမ်းစစ်ဆေးဖို့ လုပ်ဖို့ လိုလား မလိုဘူးလား ဆိုတာ ပထမ စဉ်းစား တယ်။ လုပ်ဖို့ လိုတယ်ဆိုရင် ဘယ်သူ့ကို လုပ်မှာလဲ။ ဘယ်သက်သေကို စစ်မှာလဲ။ တရားရုံး ပုံစံနဲ့ အပြည့်အစုံ သွားနေ တာ ပါ။ လွှတ်တော် ကိုယ်စားလှယ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စစ်ဆေးရမှာ”ဟုလည်း ဦးဉာဏ်ဝင်းက ပြောသည်။

တိုင်ကြား ခံရသူများထဲတွင် ပြည်နယ်နှင့် တိုင်း ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သော်လည်း ပြည်ထောင်စုအဆင့် ဝန်ကြီးများ မပါဝင်ကြောင်း၊ ဝန်ကြီးချုပ် အပြောင်းအလဲ ကိစ္စများမှာ ယနေ့အချိန်ထိ မရှိသေးသော် လည်း နောင်တွင် မပြောနိုင်ကြောင်း၊ အစည်းအဝေးသည် အထူးအစည်းအဝေးလည်း မဟုတ်ဘဲ လစဉ်တွေ့ဆုံနေကြ ပုံမှန် အစည်းအဝေးသာ ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading