သတင်း

မြန်မာသို့ လက်နက်ရောင်းခြင်းကို အမေရိကန် ကန့်ကွက်မှု ရုရှား တုံ့ပြန်

မြန်မာနိုင်ငံသို့ ရုရှား စစ်လက်နက်များ ရောင်းချခြင်းသည် ကာကွယ်ရေးစွမ်းရည် တိုးတက်စေရန် ရည်ရွယ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက အမေရိကန်ပြည်ထောင်စုကို တုံ့ပြန် ပြောဆိုလိုက်သည်။

ရုရှားစစ်လေယာဉ် ၆ စင်းထောက်ပံ့ရေးနှင့် စစ်လက်နက်ပစ္စည်းများ ပိုမိုဝယ်ယူဖြည့်တင်းရေး သဘောတူညီခဲ့ခြင်းသည် “အရပ်သားများကို ပိုမိုဒုက္ခရောက်စေမည်”ဖြစ်၍ ပြန်စဉ်းစားရန် ရုရှားနှင့်မြန်မာကို အမေရိကန်ပြည်ထောင်စုက တောင်းဆိုထားသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်မူ “(စစ်လက်နက်များ ရောင်းချရန်) ရည်ရွယ်ချက်နှင့် ‘အရပ်သားများကို ပိုမိုဒုက္ခရောက်စေမည့်’ ခြိမ်းခြောက်မှုတို့အကြား ဆက်နွယ်မှုကို ရှုမြင်ရန်မှာ အမေရိကန် နိုင်ငံခြားရေးဌာနရှိ
ကျွနု်ပ်တို့ မိတ်ဆွေများ၏ ‘အလွန်ကြွယ်ဝသော’ စိတ်ကူးစိတ်သန်းမျှသာ ဖြစ်နိုင်ပါသည်” ဟု ရေးသားပါရှိသည်။

ရုရှားက မြန်မာ့တပ်မတော်(လေ) ကို SU-30 ဂျက်တိုက်လေယာဉ် ၆ စင်း ရောင်းပေးမည်ဟု ကြေညာအပြီး အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူအမျိုးသမီး ဟယ်သာနော့က သတင်းစာရှင်းလင်းပွဲတခုတွင် “စိတ်အနှောင့်အယှက်” ဖြစ်ရကြောင်း ပြောသည်။

“တကယ်လို့ ဒီသတင်းအတည်ဖြစ်မယ်ဆိုရင် ရုရှားဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့ စစ်တပ်တွေကို လက်နက်တပ်ဆင်ဖို့ ဆက်ကြိုးစားနေတာကို နောက်ထပ်သတိပေးချက်တခု” ဟု သူမက ဆက်ပြောသည်။

Loading