ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ အကြား စစ်ရေး တင်းမာနေသဖြင့် ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့နယ်၊ မလိယမ်ဒေသတွင် တပ်မတော်နှင့် KIA တို့ အကြား ဇန်နဝါရီလ ၂၂ နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ရေးတင်းမာမှု ဆက်လက်ဖြစ်ပွား နေခြင်းကြောင့် ဒေသခံများ တောထဲသို့ တိမ်းရှောင်နေကြခြင်းဖြစ်ကြောင်း ဆွမ်ပရာဘွမ် မဲဆန္ဒနယ် ၁ မှ ကချင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဂျေထုရော် က ပြောသည်။
ဒေါ်ဂျေထုရော် က “မလိယမ် ဘက်ကမ်းမှာစစ်ရှောင် ၂ နေရာရှိတယ်။ တလန်ယမ်နဲ့ တနုယမ်လေ။ စစ်ရှောင် အယောက် ၁၀၀၀ ကျော်ကျော်ပေါ့။ အဲလိုရှိတဲ့အခါကျတော့ တနုယမ်ဆိုတဲ့ စစ်ရှောင် စခန်းနားမှာ ဒီဘက်က ပစ်တာသူတို့က ကြောက်လန့်ပြီး အကုန်လုံးထွက်ပြေးနေပြီ။ တချို့က တောဘက်ထွက်ပြေးတာ” ဟု ဧရာဝတီသို့ ပြောသည်။
ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (UNOCHA) ကမူ ဇန်နဝါရီ ၂၂ ရက်နေ့၌ ဆွမ်ပရာဘွမ်မြို့နယ် အင်ဒွပ်ယမ် စစ်ရှောင်စခန်းမှ မီတာ ၂၀၀ အတွင်း မော်တာ ကျည်များ ကျရောက်ခဲ့သည့်သဖြင့် နေရပ်စွန့်ခွာ တိမ်းရှောင်သူ လူဦးရေ ၄၀၀ ကျော် အပါအဝင် စုစုပေါင်း ၇၀၀ ကျော်မှာ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း ဇနန ဝါရီ ၂၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ထွက်ပြေးတိမ်းရှောင်ကြသောဒေသခံ ၁၀၀၀ ကျော်သည် ဆွမ်ပရမ်ရွာ၊ ကမာဘွတ်ရွာ၊ တလန်ရမ်ရွာ၊ ထန်ဆွတ်ရွာ၊ လွယ်မရမ်ရွာနှင့် တခြားကျေးရွာ ၁ ရွာ စုစုပေါင်းရွာ ၆ ရွာမှ ဒေသခံများ ဖြစ်ပြီးတောထဲတွင် သစ်ဥသစ်ဖုများရှာဖွေ စားသောက်နေကြရကြောင်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင်က ပြောသည်။
ဦးဆန်းအောင် က “တိုက်ပွဲတွေ ဖြစ်တာက လက်နက်ကြီးတွေပစ်တာပါ။ အခုထွက်ပြေးတယ်ဆိုတာက ရွာတွေကိုလက်နက် ကြီးတွေနဲ့ ပစ်တာ။ လက်နက်ကြီးတွေက ရွာမှာပစ်တဲ့အခါကျတော့ သူတို့က နေလို့မရတော့ အိမ်တွေ၊ ယာတွေ ပျက်စီးတာလဲ ရှိတယ်။ အဲလို ဖြစ်တဲ့အခါကျတော့ သူတို့ကထွက်ပြေးရတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ထွက်ပြေးတိမ်းရှောင်နေကြရသော ဒေသခံ ၁၀၀၀ ကျော်ကို စားနပ်ရိက္ခာ ထောက်ပံ့နိုင်ရေးအတွက် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ (KBC) နှင့် ငြိမ်းဖောင်းဒေးရှင်းတို့အား ချိတ်ဆက်ပေးနေပြီး ၎င်းတို့အနေဖြင့်လည်း ထွက်ပြေးတိမ်းရှောင်သူများ ကယ်ထုတ်နိုင်ရေး ဆောင်ရွက်နေကြောင်း PCG က ပြောသည်။
ဦးဆန်းအောင် က“ အခုက အစိုးရအနေနဲ့ ငြိမ်းချမ်းရေးက လုပ်သလားမလုပ်သလား မသိဘူး။ ငြိမ်းချမ်းရေးဆိုတာက နိုင်ငံတကာမှာတော့ ပြောတယ်။ ငြိမ်းချမ်းရေးနဲ့ ဆန့်ကျင်ဘက် လုပ်နေတယ်။ ဒီတော့ ငြိမ်းချမ်းရေးအတွက် အလှမ်းကွာဖို့ လုပ်နေသလို ဖြစ်စေတယ်။ အဲဒါကြောင့် စစ်ရေးအရ မဟုတ်ဘဲနဲ့ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှု အရပဲ ဖြေရှင်း သွားသင့် ပါတယ်” ဟု ပြောသည်။
လက်ရှိ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း တပ်မတော်နှင့် KIA အကြား စစ်ရေးတင်းမာနေသော်လည်း တိုက်ပွဲများဆက်လက် ဖြစ်ပွားခြင်း မရှိကြောင်း ဒေါ်ဂျေထုရော်က ပြောသည်။
KIA သည် ၁၉၉၄ ခုနှစ်တွင် တပ်မတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး ၁၇ နှစ်အကြာ ၂၀၁၁ ခုနှစ်၊ ဇွန် ၉ ရက်နေ့တွင် ကချင်ပြည်နယ်အတွင်း တကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရာမှ ယနေ့ထိတိုင် မကြာခဏ ဖြစ်ပွားနေခြင်း ဖြစ် သိရသည်။