သတင်း

ဦးကိုနီနဲ့ ဦးနေဝင်းကို အမှန်တရား၏ ဘက်တော်သားအဖြစ် ဒေါ်အောင်ဆန်းစုကြည် ချီးကျူး

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က သေနတ်သမားသမား ကြည်လင်း၏ လုပ်ကြံမှုကြောင့် သေဆုံး ခဲ့ရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုဥပဒေ အကြံပေး ဦးကိုနီနှင့် တက္ကစီ ယာဉ်မောင်း ဦးနေဝင်းတို့ကို အမှန် တရားနှင့် တရာမျှတမှု၏ ဘက်တော်သားများအဖြစ် ချီးကျူးလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် တက္ကစီယာဉ်မောင်း ဦးနေဝင်းတို့ အတွက် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ဇန်နဝါရီလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သည့် နှစ်ပတ်လည်အခမ်းအနားသို့ သဝဏ်လွှာပေးပို့၍ ယင်းသို့ ချီးကျူးလိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “သူတို့နှစ်ဦးကို ပြည်သူအများစုက တန်ဖိုးထားလေးစားကြပါသည်။  သေသောသူ ကြာရင်မေ့ ဆိုသော်လည်း ၎င်းတို့နှစ်ဦးကို ပြည်သူ အများစုက မမေ့ကြပါ”ဟု သဝဏ်လွှာတွင် ပါရှိသည်။

နှစ်ပတ်လည် အခမ်းအနားကို အမေရိကန်၊ ဗြိတိန်စတဲ့ နိုင်ငံတကာ သံတမန်များနှင့် နိုင်ငံရေးအသိုင်းအဝိုင်းမှ လုပ်ဖော် ကိုင်ဖက်များ တက်ရောက်ခဲ့ကြပြီး ဦးကိုနီလုပ်ကြံခံရမှုအပေါ် ကိုယ်တိုင်တုန်လှုပ်ခဲ့ရကြောင်း  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်က ပြောသည်။

စကော့မာစီရယ် က “အကြောင်း မတိုက်ဆိုင်လို့ ဦးနေဝင်းနဲ့ ပတ်သက်လို့ အများကြီး မသိထားခဲ့ရပါဘူး။ သူ့ရဲ့ သူရဲကောင်း ဆန်တဲ့ ဒီလုပ်ရပ် အတွက်တော့ ကျနော်အများကြီး ကြားခဲ့ရပါတယ်။ ကျနော်သိခဲ့တဲ့ ဦးကိုနီဟာ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးနဲ့ ဒီမိုကရေစီ ဖြစ်ထွန်းလာရေး အတွက် တတပ်တအား စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့သူ တယောက်ပါ” ဟု ပြောသည်။

ဦးကိုနီသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လုပ်ကြံသတ်ဖြတ် ခံခဲ့ရခြင်းဖြစ်သည်။ ထိုလုပ်ကြံမှုတွင် ဝိုင်းဝန်းဖမ်းဆီးခဲ့သည့် လေဆိပ်တက္ကစီယာဉ်မောင်း ဦးနေဝင်းမှာလည်း သေနတ်သမား ကြည်လင်း၏ ပစ်ခတ်မှုကြောင့်ပင် သေဆုံးခဲ့ရသည်။

လုပ်ကြံမှုတွင် သေနတ်သမား ကြည်လင်းနှင့် အတူ အောင်ဝင်းထွန်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးဆိုသူတို့ကို ဖမ်းဆီးထားသော်လည်း အမှုတနှစ်ကြာသည် အထိ ၎င်းတို့ကို အမှုစွဲချက် တင်နိုင်ခြင်း မရှိသေးသည့် အပြင် အဓိက တရားခံဟု ယူဆရသူ အောင်ဝင်းခိုင် သည်လည်း ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်။

ပွဲကျင်းပရေး ကော်မတီမှ ကိုထွန်းကြည် က “ဒီအမှုနဲ့ပတ်သက်လို့ မြေပြင် အခြေအနေက အားရကျေနပ်ဖွယ် မရှိပါဘူး။ မျက်ခြေမပြတ် စောင့်ကြည့်လေ့လာကြဖို့ အရေးကြီးပါတယ်” ဟု ပြောသည်။

တနှစ်ပြည့် အခမ်းအနားကို လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည့် ဦးကိုနီနှင့် ဦးနေဝင်းတို့အတွက် အမှန်တရားနှင့် တရာမျှတမှုကို တောင်ဆိုရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ပြီး ၎င်းတို့၏ လုပ်ရပ်နှင့် စိတ်ဓာတ်ကို စံထားကာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖျက်သိမ်းရေးကို ဆက်လက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ကိုထွန်းကြည်က ပြောသည်။

အခမ်းအနားတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်နှင့် ဟိန္ဒူဘာသာများမှ ဘာသာရေးခေါင်းဆောင်အချို့ပါ တက်ရောက်ခဲ့ကြပြီး ဦးကိုနီနှင့် ဦးနေဝင်းတို့၏ လုပ်ရပ်များကို ချီးကျူးပြောဆိုခဲ့ကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading