ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် တို့ကို ရသေ့တောင်မြို့နယ် တရား ရုံး၌ ယနေ့ ပထမအကြိမ် ရုံးထုတ်ရာတွင် လုုံခြုံရေး တပ်ဖွဲ့ဝင်များက သတင်း မီဒီယာများကို သတင်း ရယူခွင့် တားမြစ်ခဲ့သည်။
ရခိုင်နိုင်ငံရေးသမား ဒေါက်တာ အေးမောင်နှင့် ကိုဝေဟင်အောင် တို့ကို ရုံးထုတ်ရန် အတွက် နံနက် ၆ နာရီ အချိန်ခန့် က စစ်တွေ အကျဉ်းထောင်မှ ရန်ကုန်-စစ်တွေ ကားလမ်းအတိုင်း ရသေ့တောင်မြို့သို့ ခေါ်ဆောင်လာသည်။
ထိုသို့ ခေါ်လာရာမှ နံနက် ၇ နာရီခန့် အမြင့်ကျွန်း တံတား အရောက်တွင် ရဲတပ်ဖွဲ့ဝင်များက အရေးကြီး ခရီးစဉ်ရှိ သည် ဟု ဆိုကာ သတင်း မီဒီသာများကို ထိုနေရာတွင် ဓာတ်ပုံရိုက်ခွင့် မရှိကြောင်းနှင့် ယင်းနေရာမှ ထွက်ခွာသွားရန် လာရောက် ဟန့်တားမှု ပြုလုပ်သည်ကို တွေ့မြင်ရသည်။
လုံခြုံရေး တပ်ဖွဲဝင်များနှင့် သတင်းမီဒီယာများသည် ရသေ့တောင်မြို့သို့ ရေလမ်းကြောင်းမှ ကိုယ့်အစီအစဉ်ဖြင့်ကိုယ် သွားရောက်ခဲ့ကြပြီး ရသေ့တောင်မြို့သို့ ရောက်သောအခါ တရားရုံးရှေ့ လမ်းမဝန်းကျင် တခုလုံးကို လုံခြုံရေး တပ်ဖွဲ့ ဝင်များက ဟိုဘက် သည်ဘက် ပိတ်ဆို့တားဆီးပြီး သတင်း ရယူခွင့် ပိတ်ပင်မှု ပြုလုပ်ခဲ့သည်ကို ထပ်မံ ကြုံတွေ့ ရ သည်။
“ကျနော်တို့ တရားရုံးထဲကို ဝင်တာလည်း မဟုတ်ဘူး၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို နှောင့်ယှက်တာလည်း မရှိဘူး။ ပြီးရင် ဒီနေ့ ရုံးထုတ်အချိန် ပြည်သူတွေလည်း သိပ်များများစားစား လာကြတာ မရှိဘူး။ ကျနော်တို့ အကြမ်းဖက် သမား လည်း မဟုတ်ဘူး၊ အဲဒါကို လုံခြုံရေး အကြောင်းပြပြီး မီဒီယာသမားတွေဆို နှိပ်ကွက်ချင်လို့ တမင်တကာ လုပ်တာလို့ပဲ မြင်ပါတယ်”ဟု သွားရောက် သတင်းယူခဲ့သူ စစ်တွေ အခြေစိုက် The Voice သတင်းထောက် ကိုကိုခိုင်မင်းညို က ပြောသည်။
ရသေ့တောင်မြို့သို့ သတင်း သွားရောက် ယူခဲ့သည့် ဒေသခံ DVB သတင်းထောက် ကိုဝဏ္ဏခွာညို ကလည်း ရခိုင် အခြေစိုက် သတင်းသမားများ အနေဖြင့် အစိုးရဆီက သတင်းအချက်အလက် ရယူမှုခက်ခဲသလို သမန် ဖြစ်ပျက်သည့် သတင်းများကို ရယူရာတွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပိတ်ဆို့ ဟန့်တားမှုကို ကြုံတွေ့ရကြောင်း ပြောဆိုသည်။
ကိုဝဏ္ဏခွာညို က“ဒီအစိုးရဆီမှာ သတင်းအချက်အလက် မေးရင် မသိတာ၊ မဖြေတာ များတယ်။ ဒီနေ့ဆိုလည်း တရား ရုံး ဟိုဘက်ဒီဘက် ကိုပိတ်တယ်။ အဲဒီ အထဲကို ဝင်လို့မရတော့ဘူး၊ ကျနော်တို့ တရားရုံးထဲကို ဝင်တာလည်း မဟုတ် ဘူး၊ အများပြည်သူပိုင်တဲ့ လမ်းမထက်ပေါ်ကတောင် ဓာတ်ပုံ ရိုက်လို့ မရဘူး ဆိုတော့ ဒါ တမင်တကာပဲ ကျနော်တို့ မီဒီယာ သမားတွေကို နှိပ်ကွပ်နေတာလို့ ပြောချင်တယ်”ဟုလည်း ပြောသည်။
ထိုသို့ သတင်းသမားများ သတင်းရယူခွင့် ပိတ်ပင် တားမြစ်ခံရသည့် အတွက် ရသေ့တောင်မြိုသို့ သတင်းရယူရန် ရောက်ရှိနေသော ရခိုင် သတင်းသမားများက ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်း အား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပေ။
ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် တို့ကို ရုံးထုတ်ရာတွင် မြို့ပေါ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ အင်အားပြလျက် ပိုမိုတင်းကြပ်ထားပြီး ရသေ့တောင်မြို့သို့ လာရောက်သည့် လမ်းကြောင်းများရှိ ချောင်း ကူးတို့လှေ များကိုလည်း ပိတ်ထားခဲ့ကြောင်း ရုံးထုတ်ရာသို့ လာရောက်သူများက ပြောဆိုကြသည်။
ထိုအမှုကို လိုက်ပါ ဆောင်ရွက်နေသည့် တရားလွှတ်တော် ရှေ့နေ ဒေါ်အေးနုစိန်က“လုံခြုံရေးကို အကြောင်းပြပြီး တော့ တင်းတင်းကြပ်ကြပ် လုပ်ထားတယ်ဆိုတဲ့ အနေအထား၊ လွန်လွန်ကဲကဲ လုပ်ထားတာကိုတော့ မျက်မြင်ကိုယ် တွေ့ မြင်ရပါတယ်။ ကျမလည်း ဒီနေ့ အမှုစွဲတင်နိုင်တယ်ဆိုတဲ့ အတွက်ကြောင့် ကိုယ့်ရဲ့ တာဝန် ထမ်းဆောင်ဖို့ အတွက် မနက် ၅ နာရီ ခွဲကတည်းက စစ်တွေ – ရသေ့တောင် ကားလမ်း အတိုင်း လာပါတယ်၊ ပြားချောင်းရွာကို ရောက်တော့ ကူးတို့လှေနဲ့ ကူးခွင့်မရဘူး။ အဲဒါနဲ့ ပျဉ်ခေါင်ရွာ၊ အလယ်ရွာဘက် လှည့်ပတ်လာပြီး အဲဒီကနေ စပိဘုတ်နဲ့ ကူးပြီးမှ လာရတဲ့ အဆင့်ပါ။ အဲဒီလိုမျိူးသာ မလာခဲ့ဘူးဆိုရင် ကျမ ဒီနေ့ တရားရုံးကို ရောက်နိုင်မယ့် အနေအထား မလွယ်ပါဘူး”ဟု ပြောသည်။
ယင်းအပြင် ရုံးထုတ်ရာသို့ လိုက်ပါလာကြသည့် ဒေါက်တာ အေးမောင်နှင့် ကိုဝေဟင်အောင် တို့၏ မိသားစုဝင်များကို လည်း တွေ့ခွင့်မပေးဘဲ ဟန့်တားခဲ့သည်။
ကိုဝေဟင်အောင်၏ ဇနီးဖြစ်သူ မအေးအေးနွယ်က“ကျမတို့ကိုလည်း တွေ့ခွင့်မပေးဘူး။ သတင်းသမားတွေကိုလည်း ပေးမဝင်ဘူး ဆိုတာတွေက ဒီမိုကရေစီ အစိုးရ တရပ်အနေနဲ့ ဒီလိုမျိုး မလုပ်သင့်ဘူး လို့ပဲ ပြောချင်ပါတယ်”ဟု ပြော သည်။
ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ရသေ့တောင်မြို့နယ် ရဲတပ်ဖွဲ့က နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ)၊ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) တို့ဖြင့် စွဲဆိုထားခြင်း ဖြစ်သည်။
အမှုကို တရားလိုဘက်က စစ်တွေခရိုင် တရားရုံးသို့ ရုံးပြောင်း လျှောက်ထားခဲ့သည့် အတွက် ဒုတိယရုံးချိန်းအား လာမည့် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် စစ်တွေခရိုင် တရားရုံးတွင် ထပ်မံ ရုံးထုတ်မည် ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့၌ ကျင်းပသော ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ဝမ်းနည်း မှု အထိမ်းအမှတ် စာပေ ဟောပြောပွဲနှင့်ပတ်သက်ပြီး ဒေါက်တာ အေးမောင်၏ ဟောပြောချက်များသည် ဥပဒေနှင့် မလွတ်ကင်းဟုဆိုကာ အစိုးရက ပုဒ်မ ၁၇ (၁)၊ ၅၀၅ (ခ) ၊ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ တို့နှင့် အမှုဖွင့်ထားသည်။