လာနီညာဖြစ်စဉ် သက်ရောက်မှုများကြောင့် မုန်တိုင်းများနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်စေနိုင် ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) မှ သတိပေးလိုက်သည်။
လာနီညာ ဖြစ်စဉ်ဖြစ်ပေါ်ပြီး နောက်ပိုင်းတွင် ပုံမှန်ရာသီဥတုနှင့် သွေဖည်သည့် သက်ရောက်မှုများ ဖြစ်ပေါ် လာနိုင်ကာ မုန်တိုင်း အန္တရာယ်ကို စိုးရိမ်ရကြောင်း မိုး/ဇလ ဒု ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဧရာဝတီသို့ ပြောသည်။
ဦးကျော်မိုးဦးက “ဘာကိုစိုးရိမ်ရလဲဆိုတော့ နောက်ဆုံး ၁၀ နှစ်ကို ပြန်ကြည့်တဲ့ အချိန်ကျတော့ ဒီလိုမျိုး လာနီညာ ဖြစ်ပြီးတဲ့ နောက်နှစ်တွေမှာ (ဧပြီနဲ့ မေလ တွေဆို) မုုန်တိုင်းတွေ ဖြစ်တတ်တယ်။ ဒီလိုမျိုး မုန်တိုင်းတွေဟာ မြန်မာ နိုင်ငံကို ဝင်ခဲ့တာ ရှိတယ်။ ၂၀၀၇-၂၀၀၈ မှာ လာနီညာဖြစ်တယ်။ ပြီးသွားတော့ ၂၀၀၈ မှာ မုန်တိုင်းဝင်တယ်။ လာနီညာ ပြီးသွားရင်လည်း သူ့ရဲ့ သက်ရောက်မှုက ကျန်သေးတယ်ဆိုတာ သတိပြုရမယ်”ဟုလည်း ပြောပြသည်။
၂၀၀၈ ခုနှစ်တွင် လာနီညာ၏ သက်ရောက်မှုကြောင့် နာဂစ်မုန်တိုင်း ဖြစ်ပွားခဲ့ကြောင်း ဦးကျော်မိုးဦးက ပြောသည်။
၂၀၀၈ ခုနှစ် မေလ ၂ ရက်က မြန်မာနိုင်ငံတွင် ပျက်စီးဆုံးရှုံးမှုနှင့် လူသေဆုံးမှု အများဆုံး ဖြစ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ခဲ့ကာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ အထိ ရိုက်ခတ်ခဲ့ပြီး လူဦးရေ ၁ သိန်း ၃ သောင်းကျော် သေဆုံးခဲ့ကာ စုစုပေါင်း ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ် ၁၁ ဒသမ ၇ ထရီလီယံ ရှိခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများ က ဖော်ပြသည်။
လာနီညာ ဖြစ်စဉ်ကြောင့် အအေးဓာတ်ပိုကာ မြို့တချို့တွင် အနိမ့်ဆုံး အပူချိန်များ စံချိန်သစ်ဖြစ်ခဲ့ပြီး မိုးရွာသွန်းမှု ကြောင့် မြို့ ၁၇ မြို့၏ မိုးရေချိန် စံချိန်ကျိုးခဲ့ကြောင်း မိုး/ဇလ ဦးစီးဌာနမှ သိရသည်။
“ဒီနှစ်ဆိုရင် ၂၀၁၇ ဒီဇင်ဘာမှာဆိုရင် အေးတဲ့အတွက်ကြောင့်မို့လို့ မော်လိုက်မြို့မှာ စံချိန်ကျိုးခဲ့တယ်။ ဒီ၂၀၁၈ ဇန်နဝါရီ လထဲမှာပဲ မိုးရွာသွန်းမှုကြောင့် မြို့ ၁၇ မြို့မှာ မိုးရေချိန် စံချိန်ကျိုးခဲ့တယ်။ ပုံမှန် မဟုတ်တဲ့ ရာသီဥတုတွေ ဖြစ်တယ်”ဟု ဦးကျော်မိုးဦးက ပြောသည်။
မိုးရေချိန် စံချိန်ကျိုးသည့် ၁၇ မြို့မှာ နေပြည်တော်၊ ကိုကိုးကျွန်း၊ မာန်အောင်၊ မြင်းမူ၊ မကွေး၊ မုံရွာ၊ အမ်း၊ လှိုင်းတက်၊ ဟဲဟိုး၊ မင်းတပ်၊ ပြင်ဦးလွင်၊ မန္တလေး၊ ချောက်၊ တံတားဦး၊ ကျောက်မဲ၊ ပေါက်၊ ကျောက်ဆည် မြို့တို့ဖြစ်ကြောင်း မိုး/ဇလ ဦးစီးဌာနမှ သိရသည်။
လာနီညာ ရာသီဥတုကြောင့် မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများတွင် အအေးပိုလာနိုင်ပြီး ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီ လ ၆ ရက်အထိ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် အအေးပိုလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင်ကလည်း ခန့်မှန်းထားသည်။
ထို့ပြင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းကလည်း အချိန်အခါမဟုတ် မိုုးရွာသွန်းမှုများ ဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း နှင့် ရှမ်း၊ ရခိုင် အစရှိသည့် တိုင်းနှင့်ပြည်နည် အသီးသီးရှိ မြို့နယ် တချို့တွင် စံချိန်သစ် တင် မိုးရွာသွန်းမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အီကွေတာ အနီးရှိ အပူပိုင်း ပစိဖိတ် သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ် ရေမျက်နှာပြင် အပူချိန်နှင့် လေထု ဖြစ်စဉ်များမှာ လာနီညာ အခြေအနေ၌ ဆက်လက် တည်ရှိနေပြီး ဇန်နဝါရီလမှ မတ်လအထိ လာနီညာ ဖြစ်ပေါ်မှု ရာခိုင်နှုန်းမှာ ၆၉ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီလ၊ မတ်လ၊ ဧပြီလတွင် ၅၀ ရာခိုင်နှုန်းရှိရာ မေလတွင် ၃၀ ရာခိုင်နှုန်း သို့ ပြန်လည် လျော့ကျလာနိုင်ကြောင်း၊ မတ်လနှင့် ဧပြီလ သည်လည်း ၃၀ ရာခိုင်နှုန်းသို့ ပြန်လည် လျော့ ကျ လာနိုင်ကြောင်း နိုင်ငံတကာ ပစိဖိတ်သမုဒ္ဒရာ ပင်လယ် ရေမျက်နှာပြင် အပူချိန် လေ့လာစောင့်ကြည့်ရေး ဗဟို ဌာန များက ထုတ်ပြန်ထားသည်။
လာနီညာ ဖြစ်စဉ်ကြောင့် ဆောင်းရာသီကာလ အတွင်း ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်းများ ပိုမိုဖြစ် ပေါ်လာနိုင် ခြင်း၊ ဆောင်းရာသီ ကာလ အရှေ့မြောက် မုတ်သုံလေ အားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့ နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါ မဟုတ် မိုးရွာသွန်းမှု ဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်း စသည့် ရာသီဥတုဖြစ်စဉ်များ ကြုံတွေ့နိုင်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။